သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်


ွ
လက်ရှိမြန်မာ့တပ်မတော်ကို စတင်တည်ထောင်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူပါဝင်ခဲ့တဲ့ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ဒီကနေ့ မနက်မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနဲ့ ရင်းနှီးသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကတော့ သူကွယ်လွန်တာဟာ နိုင်ငံသားကောင်း တယောက်၊ သူရဲကောင်းတယောက် ဆုံးရှုံးသွားတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒီကနေ့ ကွယ်လွန် သွားတဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ နာရေးသတင်း ကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော်ဟာ မြန်မာလွတ်လပ်ရေးတိုက်ပွဲနဲ့ ဖက်ဆစ်တော်လှန်ရေးမှာ ဦးဆောင် ပါဝင်ခဲ့သူ ဖြစ်သလို တရုတ်ဖြူစစ်ပွဲတွေမှာ ထင်ရှားခဲ့သူတယောက်ဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင် တယောက်အဖြစ် တရုတ်နိုင်ငံမှာ ခိုလှုံနေစဉ် အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သူကွယ်လွန်သွားတဲ့အကြောင်းကိုတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းက အခုလို ပြောပါတယ်။

“အခုမနက်အစောကြီး မြန်မာစံတော်ချိန် သုံးနာရီခွဲလောက်မှာ ကွယ်လွန်သွားပါတယ်။ ကူမင်းဆေးရုံမှာကွယ်လွန်တာပါ။ သူ ကျန်းမာရေးမကောင်းတာ ကြာပါပြီ။ လူကြီးရောဂါလို့ပဲ ဆိုကြပါစို့နော်။”

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ပြီးခဲ့ သြဂုတ်လတည်းက တရုတ်နိုင်ငံ၊ ကူမင်းမြို့ ဆေးရုံကြီးရဲ့ အရေးပေါ်ခန်းမှာ ဆေးကုသမှုခံယူနေခဲ့ရတာဖြစ်သလို အဆုတ်ရောင်ရောဂါကြောင့် အောက်စီဂျင် ပိုက်နဲ့ နှစ်ကာလ အတော်ကြာ အသက်ရှုနေခဲ့ရတာ ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကွယ်လွန်သွားတဲ့အပေါ်မှာတော့ ဒါဟာ ပြည်သူအတွက်ကော ပါတီအတွက် ပါ ဆုံးရှုံးမှုကြီးဖြစ်တယ်လို့ ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။

“သူဟာ ဗမာပြည်ဖြစ်စဉ်သမိုင်းနဲ့ ခွာလို့မရတဲ့ ဗမာပြည်သမိုင်းရဲ့ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့တဲ့ သူရဲကောင်းကြီး တယောက်ပါ။ ခေါင်းဆောင်ကြီးတယောက်ပါ။ ဗမာပြည်သမိုင်း ဆိုတဲ့အထဲမှာ ဂျပန်တော်လှန်ရေး၊ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးတွေပါသလို တရုတ်ဖြူ ဆန့်ကျင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ နောက် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုတွေမှာလည်း ထိပ်ပိုင်းက ပါဝင်ခဲ့တဲ့၊ အရေးပါတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်တယ်။ ကျနော်တို့ပါတီရဲ့ အကွေ့ပေါင်း များစွာမှာ သူက အခန်းကဏ္ဍမျိုးစုံက ပါတီအတွက် အထောက်အကူဖြစ်ခဲ့တဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။ ..ဆိုတော့ အဲဒါကို ဆုံးရှုံးရတဲ့အတွက် ပြည်သူလူထုအနေနဲ့ရော၊ ကျနော်တို့ အတွက်ရော ဆုံးရှုံးမှုက အများကြီး ကြီးမားပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကတော့ ဗိုလ်မှူး ချုပ်ဟောင်း ကျော်ဇောကွယ်လွန်သွားတဲ့အပေါ် အခုလို ပြောဆိုပါတယ်။

“အင်မတန်ပဲ ကျနော် ဝမ်းနည်း ကြေကွဲရပါတယ်ဗျာ။ မိသားစုနဲ့လည်း ထပ်တူထပ်မျှ အင်မတန်မှပဲ ဝမ်းနည်း ကြေကွဲရတဲ့ အကြောင်း ဖြစ်ပါတယ်ခင်ဗျ။ နိုင်ငံတော်အတွက် သားကောင်းတယောက် ဆုံးရှုံးသွားပါတယ်။ နိုင်ငံတော်ရဲ့ သူရဲကောင်းကြီးတစ်ယောက် ဆုံးရှုံးသွားရတယ်၊ ပြည်သူပြည်သား ထဲမှာလည်း အလားတူပဲ ဒီလိုခေါင်းဆောင်တယောက် ဒီလိုဖြစ်သွားရတာကို ဝမ်းနည်းကြေကွဲကြ လိမ့်မယ်လို့ပဲ ကျနော် အောက်မေ့ပါတယ်ခင်ဗျ။”

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးနဲ့ တရုတ်ဖြူ ကျူးကျော်စစ်မှာ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနဲ့အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သူ တယောက်ဖြစ်ပါတယ်။ သူဟာ တရုတ်ဖြူ ကျူးကျော်စစ်ကို တွန်းလှန်ရာမှာ ပြောင်မြောက်တဲ့ သူရဲကောင်းတယောက်လို့လည်း သူရဦးတင်ဦးက ပြောပါတယ်။
ကျနော်တို့ ဗမာ့တပ်မတော်ကြီးကို တည်ထောင်စဉ်က တိုင်းပြည်ကြီးကို လွတ်လပ်ရေး ရစေချင်ပြီး လွတ်လပ်ပြီးရင်လည်း တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံကြီး တည်ဆောက်ချင်လို့ပါ။ တစ်ခွန်းတည်း ပြောရရင်တော့ ကိုယ့်တိုင်းသူပြည်သားများ ထမင်းဝဝစားပြီး
ခါးလှလှ ဝတ်ရဖို့ပါပဲ။" (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော)


“သူနဲ့ကျနော် အတူတကွ တာဝန် ထမ်းဆောင်ခဲ့တဲ့အချိန်မှာ အပြောင်မြောက်ဆုံးကတော့ တရုတ်ဖြူ ကျူးကျော်မှုနဲ့ပတ်သက်လို့ တိုက်ခိုက် တဲ့နေရာမှာ ပထမဦးဆုံး ဗိုလ်ချုပ်ကျော်ဇော မပါခင်တိုက်တဲ့ စစ် ဆင်ရေးမှာတော့ မအောင်မြင်ခဲ့ ဘူးပေါ့နော်။ ဒါပေမဲ့ ဗိုလ်ချုပ်ကျော်ဇော ကွပ်ကဲတဲ့- အဲဒီတုန်း ကတော့ ဗိုလ်မှူးချုပ်ပေါ့နော်- စစ်ဆင်ရေးကျတော့ သူက တကယ့်ကို မဟာဗျူဟာရော၊ နည်း ဗျူဟာရော၊ နောက်ပြီး သူကိုယ်တိုင်က ကြပ်မတ်တာရော၊ သူကိုယ်တိုင်က တပ်သားကောင်းတယောက်အဖြစ် ဝင်ပြီးတော့ အတူတကွ ဝင်ပြီး ဆင်နွဲတာ ကအစ အင်မတန်မှ အံ့မခန်းလောက်အောင် ပြောင်ပြောင်မြောက်မြောက် ဆောင်ရွက်ခဲ့တဲ့ တပ်မှူးကြီးကောင်း တစ်ယောက်ပဲ။”

စစ်မြေပြင်မှာ ဒေသခံတိုင်းရင်းသား ပြည်သူတွေနဲ့ ဆက်ဆံရာမှာလည်း အစဉ်သတိထား ဆက်ဆံ တဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“သူ ကောင်းတာက ပြည်သူလူထု၊ အရပ်သူ အရပ်သားနဲ့ ဆက်ဆံတဲ့နေရာမှာ အင်မတန် သတိ ထားပြီးတော့ ချစ်ကြည်ရေးရအောင် ဆောင်ရွက်တဲ့ တပ်မှူးကြီးဗျ။ တိုင်းရင်းသား ပြည်သူလူထုနဲ့ တပ်မတော်သားနဲ့ အခင်းဖြစ်လို့ရှိရင် တိုင်းရင်းသားဘက်က အစဉ်မှန်တယ်လို့ ယူဆတယ်ဆိုတာ သူက အမြဲတမ်းပြောတယ်ဗျ။ အဲဒါကြောင့်မို့လို့ တပ်မှူးတပ်သားတွေကို စည်းကမ်းနဲ့ ထိန်းသိမ်းသွား တဲ့နေရာမှာလည်း သူက အင်မတန်ကို ထင်ရှားတယ်လေ။ အဲဒီလို ခေါင်းဆောင်ပါဗျာ။”

ဗိုလ်ချုပ်ကျော်ဇောဟာ ၁၉၄၁ခုနှစ်မှာ ဂျပန်ပြည်ကိုသွားရောက်စစ်ပညာသင်ယူခဲ့တဲ့ ရဲဘော်သုံးကျိပ် မှာ ပါဝင်ခဲ့သူတယောက်ဖြစ်သလို ဗမာလွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) မှာလည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

၁၉၄၅ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ တိုင်း၄ (ပဲခူး၊ သထုံ၊ ရွှေကျင်)ဒေသရဲ့ တိုင်းမှူးအဖြစ် တာဝန်ယူ ခဲ့သလို ၁၉၅၄-၅၅ ကူမင်တန် တရုတ်ဖြူကျူးကျော်စစ်ကို တွန်းလှန်ခဲ့တဲ့ ရန်ကြီးအောင်စစ်ဆင်ရေးနဲ့ ဘုရင့်နောင် စစ်ဆင်ရေးတွေမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။

၁၉၅၇ ခုနှစ်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်ဆင်တဲ့ စစ်ရေးသတင်းပေါက်ကြားမှုနဲ့ တပ် မတော်ကနေ အနားပေးခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို ဦးဆောင်ပါဝင်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ရှိရာ တရုတ်နိုင်ငံကို ထွက်ခွာခဲ့ တာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီတွင်း အာဏာသိမ်းမှုဖြစ်ပြီး တဲ့နောက်မှာ တရုတ်နိုင်ငံကူမင်းမြို့မှာ နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ အတွင်းကတော့ ဗိုလ်မှူးချုပ်ကျော်ဇောဟာ ဆေးရုံတက်ကုသနေစဉ် သူ မသေခင် မှာ ရွှေတိဂုံ ဘုရား ဖူးချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး မြန်မာအစိုးရက ရဲဘော်သုံးကျပ်ဝင်တဦး အနေနဲ့ ပြန် လာဖို့ ကမ်းလှမ်းထားတဲ့ နောက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ သမီးဖြစ်သူ ဒေါ်စန်းကျော်ဇော၊ ဒေါ်လှကျော်ဇော၊ သား ဦးအောင်ကျော်ဇော နဲ့ မြေးခုနစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ ဒီလကုန်ပိုင်းမှာတော့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိဖြစ်တဲ့ ဆိုင်းစုမှ မန်ဟိုင်းဆီသို့ ဆိုတဲ့ စာအုပ်ကို မြန်မာပြည်အတွင်းမှာ ထုတ်ဝေဖို့ ပြင်ဆင်နေပါတယ်။

ဗိုလ်မှူးချုပ် ကျော်ဇောကွယ်လွန်သွားတဲ့နောက်မှာတော့ မြန်မာပြည်မှာ ရဲဘော်သုံးကျိပ်ဝင်ထဲက ဗိုလ်ရဲထွဋ် တယောက်သာ သက်ရှိထင်ရှား ကျန်ခဲ့ပါတယ်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်သွားတဲ့သတင်းကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က ပြောပြခဲ့တာပါ။

မြန်မာ့လွတ်လပ်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ မြန်မာ့တပ်မတော်နဲ့ပတ်သက်တဲ့ သူ့ရဲ့သဘောထားကို ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်တုန်းက ဗွီအိုအေကို ပြောခဲ့ဖူးပါတယ်။

သောတရှင်များ ဆက်လက်ပြီး အမှတ်တရနားဆင် ဖတ်ရှုနိုင်ပါတယ်။

"ယနေ့လက်ရှိ တပ်မတော်ကြီးကို စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့သူများ တပ်မတော် အဆက်ဆက် BIA - BDA စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့သူများသည် သိပ်များများစားစား မရှိတော့ပါဘူး။ ရဲဘော် သုံးကျိပ်ဝင်ထဲကဆိုလျှင် ဗိုလ်ရဲထွဋ်နဲ့ ကျနော် ဗိုလ်ကျော်ဇောတို့ နှစ်ဦးသာ ကျန်ရှိပါတော့တယ်။ ကျနော်တို့ ဗမာ့တပ်မတော်ကြီးကို တည်ထောင်စဉ်က တိုင်းပြည်ကြီးကို လွတ်လပ်ရေး ရစေချင်ပြီး လွတ်လပ်ပြီးရင်လည်း တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံကြီး တည်ဆောက်ချင်လို့ပါ။ တစ်ခွန်းတည်း ပြောရရင်တော့ ကိုယ့်တိုင်းသူပြည်သားများ ထမင်းဝဝစားပြီး ခါးလှလှ ဝတ်ရဖို့ပါပဲ။"

အခုလိုမျိုး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ ထင်ရှားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ကျော်ဇော ကွယ်လွန် ခဲ့တာနဲ့ ပတ်သက်ပြီးတော့ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း လက်ရှိသမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း အခုလို ပြောပါတယ်။

"ဗိုလ်ချုပ်ကျော်ဇောက မြန်မာ့တပ်မတော်သမိုင်းကို စတင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် တစ်ယောက် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူပေါ့ဗျာ။ မြန်မာ့တပ်မတော်ကြီးကို စတင်ပေးခဲ့တာပေါ့။ ဗိုလ်ချုပ်ကျော်ဇော ဆုံးသွားတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လည်း ဝမ်းနည်းပါတယ်ဗျာ။ အခုလောလောဆယ်တော့ သမ္မတကြီးက တောင် ကိုရီးယားနိုင်ငံရောက်နေ တယ်။ သမ္မတကြီးကိုလည်း ကျနော်တို့ တင်ပြထားပါတယ်။ ကျနော့်အနေနဲ့ကတော့ ပန်းခွေလည်း ပို့မယ်။ ပို့ခိုင်းထားပြီးသားလည်း ဖြစ်ပါတယ်။ အဲဒါလေး ကျနော်တို့ မကြာခင် ဆက်လက် ဆောင်ရွက် ပါ့မယ်။ အဘ ဦးကျော်ဇောနဲ့ပတ်သက်ပြီးတော့ အမကြီး လှကျော်ဇောကိုလည်း ကျနော်တို့ ပြော ထားပြီးသား ဖြစ်တယ်။ အမိန့်ရပြီးသားဖြစ်တဲ့အတွက် သူတို့ မြန်မာနိုင်ငံကို ပြန်လာမယ်ဆိုရင်လည်း ကျနော် ဆက်ပြီး ကူညီမယ်ဆိုတဲ့အကြောင်းလည်း တင်ပြချင်ပါတယ်ဗျာ။"

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောသွားတာပါရှင်။ ဗိုလ်ချုပ်ကျော်ဇောအနေနဲ့ မကွယ်လွန်ခင်မှာ မြန်မာနိုင်ငံကိုပြန်ပြီး ရွှေတိဂုံဘုရား ဖူးချင်တယ်လို့ ပြောခဲ့သလို ဦးအောင်မင်းတို့ဘက်ကနေပြီးတော့လည်း ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူ မြန်မာနိုင်ငံကို ပြန်သွားခွင့် မရလိုက်ခင်မှာပဲ အခုလိုမျိုး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG