သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ တွေ့မယ့် သတင်း တပ်ချုပ် ယတိပြတ် မငြင်း


 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များတွေ့ဆုံ (သတင်းဓါတ်ပုံ- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရားဝင် ဖေ့စ်ဘုတ်)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များတွေ့ဆုံ (သတင်းဓါတ်ပုံ- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရားဝင် ဖေ့စ်ဘုတ်)

ဇန်နဝါရီလ ၂၅ရက်နေ့ တနင်္လာနေ့မှာ အနိုင်ရပါတီ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ယတိပြတ် မငြင်းခဲ့တဲ့အကြောင်း ဒီကနေ့ နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့အထဲ ပါဝင်ခဲ့တဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်ကပြောပါတယ်။ အစိုးရအဖွဲ့ အကူးအပြောင်းကာလမှာ အရေးကြီးတဲ့ တွေ့ဆုံညှိနှိုင်းတာတွေ လုပ်နေပါတယ် လို့တော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောတဲ့အကြောင်း ဦးမြင့်ကျော်က ပြန်ပြောပြပါတယ်။ တပ်ချုပ်နဲ့ ဒေါ်စုတို့ တွေ့ဆုံမယ့် သတင်း ထွက်နေတာ အပါအဝင် အစိုးရအဖွဲ့သစ်နဲ့ တပ်မတော်အကြား ဆက်ဆံရေး အခြေအနေတွေနဲ့ပတ်သက်လို့ ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၄ရက်နေ့ တနင်္ဂနွေနေ့မှာ နေပြည်တော်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့တို့ သတင်းမီဒီယာကောင်စီ တရားဝင် စတင်ဖွဲ့စည်းချိန် ကစလို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့ဘက်က အစိုးရအဖွဲ့ အုပ်ချုပ်ရေးအာဏာ အလွှဲအပြောင်းကိစ္စ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ အပါအဝင် မနက်ဖြန် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အနိုင်ရပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံကြမယ်လို့ သတင်းထွက်ပေါ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းချက်တွေအပေါ် ဗိုလ်ချုပ်မှူးကြီးဘက်က အတည်မပြု သလို ငြင်းလည်း မငြင်းခဲ့ဘူးလို့ သတင်းမီဒီယာကောင်စီနဲ့ တပ်ချုပ် တွေ့ဆုံပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဦးမြင့်ကျော်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ဒီနေ့တွေ့တာက သတင်းမီဒီယာကောင်စီအနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဘက်က အရာရှိတွေပေါ့နော်၊ တပ်မတော်အရာရှိကြီးတွေနဲ့။ ဒီကောင်စီအသစ်အနေနဲ့ဆိုရင်တော့ ပထမဆုံးအကြိမ်တွေ့ဆုံတာပေါ့နော်။ ဒီဘက်က မေးမြန်းတဲ့ တချို့သော တလောမှာ အစိုးရ ဖွဲ့စည်းမယ့် နောက်ဖြစ် လာမယ့် အစိုးရတို့၊ နောက် ၅၉ (စ) ကိစ္စ တို့ အဲဒါတွေမေးမြန်းပေ မယ့်လည်း သေသေချာချာပြန်ပြီးတော့ ဘယ်သူဘယ်ဝါလို့ဖြေ တာတော့ မရှိဘူးပေါ့နော်။ ဥပမာ- မနက်ဖြန် ဒေါ် အောင်ဆန်းစုကြည်နဲ့တွေ့မယ်လို့ သတင်း ထွက်ပေါ်နေတယ်။ အဲဒါ ဘာအကြောင်းတွေပြောမလဲ ဆိုတာမျိုးတို့ကိုပြန်ဖြေ တာမျိုးမရှိဘူး။ သူပြောတဲ့ စကားလုံးကို အတိအကျပြန်ပြောရရင်တော့ ဒီဇင်ဘာမှာတွေ့ဆုံခဲ့တယ်။ နောက်တခါ contact person တွေနဲ့လည်း ဆက်သွယ်ပြီးတော့ တွေ့ဆုံဖို့ လုပ်နေတာရှိတယ်။ မနက်ဖြန်တွေ့မယ် ဆိုတဲ့ဟာကို ငြင်းတာတော့မရှိဘူးပေါ့။ သို့သော်လည်း တိုးတက်မှုတွေရှိအောင် ဆက်လက် လုပ်ဆောင်နေပါတယ်လို့ ပြောတယ်ပေါ့နော်။ ဆိုတော့ မနက်ဖြန်တွေ့မယ် ဆိုတဲ့ဟာကို အတည်ပြုတယ်လို့လည်း မပြောဘူး၊ ဒါပေမယ့် ငြင်းလည်း မငြင်းဘူးပေါ့နော်။ အဲ့လိုပြောပါတယ်။ ကျနော်တို့ နားလည်တာကတော့ မငြင်းဘူးဆိုတဲ့အခါကျတော့ ဟုတ်တယ်လို့ပဲ ယူဆတာပေါ့နော်။ မနက်ဖြန်တွေ့မယ်၊ ဘယ်အချိန်တွေ့မယ် ဘာအကြောင်းပြောမလဲ ဆိုတဲ့ဟာမျိုးကို တွေ့မယ်ဆိုတာ မဟုတ်ပါဘူးလို့ မငြင်းဘူးပေါ့နော်။ သို့သော် ဘာအကြောင်းပြောမယ်ဆိုတဲ့ ဆွေးနွေးမလဲဆိုတဲ့ဟာမျိုးတော့ မပြောဘူး။”

အခုလို ရွေးကောက်ပွဲအနိုင်ရပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တနင်္လာနေ့မှာ တွေ့ဆုံမယ်လို့ သတင်းထွက်ပေါ်တဲ့အပေါ် အာဏာ အလွှဲအပြောင်း အတွက် NLD ဦးဆောင်မယ့် အစိုးရ ဖွဲ့စည်းနိုင်ရေး ကောင်းမွန် တဲ့ ခြေလှမ်း တရပ်အဖြစ် နိုင်ငံရေး အကဲခတ် ဒေါက်တာ ရန်မျိုးသိမ်းက ရှု့မြင်ပါတယ်။ အစိုးရသစ်လက်ထက် တပ်မတော်ရဲ့ အခန်းကဏ္ဍ အတွက် အတိုက်အခံပါတီနဲ့ တပ်မတော်အကြား ပိုပြီးတော့မှ ပြေလည်ကောင်းမွန် တဲ့ ဆက်ဆံရေးတရပ် ထူထောင်နေတာဖြစ်တယ်လို့လည်း အခုလိုသုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ ဒုတိယအကြိမ်တွေ့ဆုံမှုဟာ အာဏာအလွှဲအပြောင်းအတွက်ပေါ့လေ ပိုမိုကောင်းမွန်တဲ့ ခြေလှမ်းတခုဖြစ် လာလိမ့်မယ်လို့ ကျနော်က ယုံကြည်တယ်။ နောက်ပြီးတော့ ဒီတွေ့ဆုံမှုကနေပြီးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ဖွဲ့စည်းမယ့် အစိုးရ အဖွဲ့တွေမှာ တပ်မတော် အရာရှိကြီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအရ အပေးအယူလုပ်တာမျိုး အလျှော့အတင်းလုပ်တာမျိုး အဲ့ဒါကို အကြောင်းပြုပြီးတော့ ဒီ ၂၀၁၆ အလွန်နိုင်ငံရေးမှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ အခြားပြုပြင်ပြောင်းလဲရေးတွေမှာ တပ်မတော်ရဲ့ထောက်ခံမှုကို ရယူတာမျိုး ဖြစ်ကောင်းဖြစ် လာနိုင်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။”

အစိုးရအဖွဲ့ အကူးအပြောင်းကာလမှာ အရေးကြီးတဲ့ တွေ့ဆုံညှိနှိုင်းတာတွေ လုပ်နေသလို အစိုးရသစ်နဲ့ တပ်မတော်ကြား ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောတဲ့အကြောင်း သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြန်ပြောပြပါတယ်။

“ဒီငြိမ်းချမ်းရေးကို နောက် တက်လာမယ့် အစိုးရသစ်နဲ့ တွဲပြီးတော့ ပူးပြောင်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆက်ပြီးတော့ လုပ်ဆောင်သွားမယ် ဆိုတာမျိုးတွေပြောတယ်။ ဒါပေမယ့် တပ်အခြေခံမှု ၆ ချက်နဲ့ NCA အပေါ်မှာအခြေခံပြီး လုပ်ဆောင်သွားမယ်ဆိုတဲ့ဟာမျိုးပြောတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တကယ့်ကို လုပ်ဆောင်သွားဖို့ သူတို့ဘက်က ပိုင်းဖြတ်ထားတယ်၊ အဲဒီဟာကိုလည်း သွားမှာပါ။ အရင်လည်းပြောခဲ့ဖူးပါတယ်။ အဲဒါကို ထပ်ပြီး အတည်ပြုပြောတယ်။ သို့သော် သိပ်ပြီးတော့ detail ကျတဲ့ဟာမျိုးတွေကိုတော့ အသေးစိတ်ပြောတာတော့မရှိဘူး။”

NLD အစိုးရလက်ထက် တပ်မတော်ရဲ့အခန်းကဏ္ဍနဲ့ တပ်မတော်သားတွေ ရဲ့ နိုင်ငံရေးအရ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ အထိအရှမခံတဲ့ သိမ်မွေ့တဲ့ အကူးအပြောင်းကာလမှာ နှစ်ဘက် ဆက်ဆံရေး ကောင်းမွန်အောင်လုပ်ပြီး အလျော့အတင်းနဲ့ အပေးအယူ လုပ်ဆောင်နေတဲ့ သဘောအဖြစ်လည်း ဒေါက်တာ ရန်မျိုးသိမ်းက ရှု့မြင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်က လက်ရှိအခြေအနေမှာ သိမ်သိမ်မွေ့မွေ့ လုပ်ကိုင်ဆောင်ရွက်နေရတဲ့အချိန်ကာလဖြစ်တဲ့အတွက် အဖွဲ့ချုပ်ရဲ့မူဝါဒတွေ၊ အသွင်ကူးပြောင်းရေးကိစ္စတွေနဲ့ပတ်သက်လို့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှတပါး အခြားပုဂ္ဂိုလ်များပြောရေးဆိုခွင့်မရှိ လို့ ပြောဆိုထားတဲ့ အပေါ် နိုင်ငံရေး အကဲခတ် ဒေါက်တာရန်မျိုးသိမ်းက ပြည်သူလူထုကို တိုင်းပြည်အတွက် အရေးကြီးကာလမှာ NLDရဲ့ မည်သည့်တွေ့ဆုံမှုမျိုးကိုမဆို တတ်နိုင်သလောက် အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးသင့်တယ်လို့ သူကယူဆပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာပဲ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ ပထမအကြိမ် တွေ့ဆုံခဲ့ကြပြီးလည်းဖြစ်ပါတယ်။

XS
SM
MD
LG