သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်းရပ်ဖို့ တရုတ်ကုမ္ပဏီကို ၈၈ တိုက်တွန်း


ယူနန်ပြည်နယ်ရောက် ကိုမြအေးဦးဆောင်သော ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း) (ဂျွန် ၆၊ ၂၀၁၃။ ဓာတ်ပုံ ၈၈ မျိုးဆက်)
ယူနန်ပြည်နယ်ရောက် ကိုမြအေးဦးဆောင်သော ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း) (ဂျွန် ၆၊ ၂၀၁၃။ ဓာတ်ပုံ ၈၈ မျိုးဆက်)
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ် မြစ်ဆုံဒေသက ရေအားလျှပ်စစ်စီမံကိန်းကို အဆုံးသတ်ဖို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တစ်ပတ်ကြာ ခရီးသွား ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက စီမံကိန်း အကောင်အထည်ဖော်ဆောင်နေတဲ့ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ တောင်းဆို လိုက်ကြပါတယ်။ လတ်တလော ရပ်ဆိုင်းထားတဲ့ စီမံကိန်းကို ရပ်တန့်ဖို့အတွက် အခုလို တောင်းဆိုခဲ့ကြတာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ရင်းနှီးမှုရစေဖို့ ဖွဲ့စည်းထားတဲ့ တရုတ်အစိုးရရဲ့ China Myanmar Friendship Association ရဲ့ ဖိတ်ကြားချက်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးရာတာဝန်ခံ ကိုမြအေးနဲ့ တောင်သူလယ်သမားရေးရာ တာဝန်ခံ ကိုထွန်းမြင့်အောင်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်ခရီးစဉ်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်ခဲ့တာပါ။

ကြာသာပတေးနေ့က ယူနန်တက္ကသိုလ် ပါမောက္ခတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြသလို ယူနန်ပြည်နယ်မှာရှိတဲ့ CPI- China Power Investment Company ကိုပါ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ထဲမှာ CIP ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ကိုအံ့ဘွယ်ကျော်က ပြောပါတယ်။

“သူတို့ကတော့ မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ ဘယ်လို နိုင်ငံတကာအရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေရော အကုန်လုံးလုပ်ထားပါတယ်ဆိုတဲ့ အကြောင်းတွေကို ပြပါတယ်။ ကိုမြအေးလှမ်းပြောတယ်။ ဓာတ်ပုံတွေနဲ့ကော၊ ဗွီဒီယိုတွေနဲ့ကော အချက်အလက်အရကော ပြပါတယ်-တဲ့။ မြစ်ဆုံနဲ့ပတ်သက်ပြီး သူတို့ကတော့ ဆက်လုပ်ချင်တယ်ပေါ့ဗျာ။”

CPI ကုမ္ပဏီ တာဝန်ရှိသူတွေက သူတို့ တာဝန်ယူတည်ဆောက်နေတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်မှာမို့ ဆက်လက် လုပ်ကိုင်ချင်ကြောင်း ပြန်လည် ပြောကြားခဲ့ပေမဲ့ သူတို့တည်ဆောက်ရမယ့် ရေကာတာစီမံကိန်းနေရာဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု သမိုင်းပြယုဒ်တစ်ခုဖြစ်တာမို့ ဆက်ပြီးမလုပ်ဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက ပန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မူအရကတော့ လက်မခံနိုင်ဘူး။ လက်မခံနိုင်တဲ့အကြောင်းရင်းတွေကိုလည်း ကိုမြအေးက ပြောခဲ့ပြီးပြီ။ ၈၈ ဘက်က အနေနဲ့ကတော့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို လုံးဝ လက်မခံနိုင်ပါဘူး။ လက်မခံနိုင်ရခြင်း အကြောင်းရင်းတွေကတော့ အချက် သုံးချက်ပေါ့နော်-အဓိက-ကတော့။ တစ်အချက်က ကချင်ပြည်နယ်မှာ မြစ်ဆုံဟာ တကယ့် Landmark ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကချင်အမျိုးသားတရပ်လုံးကလည်း လက်မခံနိုင်ဘူး၊ နောက်တစ်ခုက ဧရာဝတီမြစ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဧရာဝတီမြစ်ဟာ ကျနော်တို့ တမျိုးသားလုံးရဲ့ အသက်သွေးကြောဖြစ်တယ်၊ နောက်ပြီးတော့ ဒီဥစ္စဟာ သမိုင်းတန်ဖိုးလည်းရှိတယ်။”

မြစ်ဆုံဒေသဟာ ကချင်တိုင်းရင်းသားတွေရဲ့ အထင်ကရနေရာ၊ အရေးကြီးတဲ့ အထိမ်းအမှတ်နေရာဖြစ်သလို မြန်မာတမျိုးသားလုံးက အထူးတန်ဖိုးထားတဲ့ ယဉ်ကျေးမှု သမိုင်းပြယုဒ်ဖြစ်နေပြီး မြန်မာနိုင်ငံ အထက်အောက် ကုန်သွယ်စီးပွားနဲ့ ကူးသန်းသွားလာရေးအတွက် တနိုင်ငံလုံးက အားထားနေရတဲ့ ဧရာဝတီမြစ်ကြောင်းအစမို့ ဒီလိုနေရာမျိုးကို ကြီးမားတဲ့ရေကာတာကြီးတွေနဲ့ အစားမထိုးနိုင်ကြောင်း ရှင်းပြခဲ့ကြပြီး ဒီ မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်းကို လုံးဝ ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

CPI ကုမ္ပဏီတာဝန်ရှိသူတွေက မြန်မာနိုငငံကို လာရောက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့ ပြောပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းပစ်ဖို့အတွက် မြန်မာနိုင်ငံအတွင်း ဆန့်ကျင်ဆန္ဒပြပွဲတွေကြောင့်၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှာ သမ္မတဦးသိန်းစိန်က သူ့ရဲ့ သမ္မတသက်တမ်းအတွင်း ရပ်ဆိုင်းထားဖို့ ကတိပြုခဲ့ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်မှာ ကုန်ဆုံးတော့မှာမို့ မြစ်ဆုံ ရေကာတာအတွက် ရာနှုန်းပြည့် အခြေချပြီးဖြစ်နေတဲ့ CPI ကုမ္ပဏီက လုပ်ငန်းပြန်စဖို့အတွက် ဆန္ဒရှိနေတာပါ။

ဧရာဝတီမြစ်ကြောင်းအစ မေခ၊ မလိခမြစ်နှစ်သွယ်ပေါ်မှာ တည်ဆောက်မယ့် ဆည်ကြီး ၇ ခုနဲ့ မြစ်ခွဲလေးတွေထဲ တည်ဆောက်မယ့် ဆည်အသေး ၆ ခုစလုံးကို ရပ်ဆိုင်းထားခဲ့ပြီး သူတို့ ကုမ္ပဏီက လုံခြုံရေးအစောင့် ၈၀-၉၀ လောက်ပဲ ချန်ထားတဲ့ ဒီစီမံကိန်းကို ပြန်ပြီးစနိုင်အောင် CPI ကုမ္ပဏီက ကြိုးစားနေတာပါ။ ဒါပေမဲ့ ဒါကို ပြန်စနိုင်အောင် ပြည့်စုံတဲ့ EIA လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်မှု အစီရင်ခံစာ လိုအပ်နေတာ ဖြစ်ပြီး ဒါကလည်း ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် သေသေချာချာ မလုပ်နိုင်ဘဲဖြစ်နေတာပါ။ ကိုမြအေးဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဂျွန်လ ၁၁ ရက်၊ အင်္ဂါနေ့မှာ ရန်ကုန်ကို မပြန်ခင် ကူမင်းဒေသ အစိုးရအဖွဲ့နဲ့ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးတွေနဲ့လည်း တွေ့ဆုံအုံးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG