သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမန် လက်ထောက် လေယာဉ်မှူး ကျန်းမာရေး ပြဿနာရှိခဲ့ပုံရ


ဂျာမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူး Andreas Lubitz
ဂျာမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူး Andreas Lubitz

ပြင်သစ်နိုင်ငံ Alps တောင်တန်းပေါ်မှာ အင်္ဂါနေ့က Germanwings လေကြောင်းလိုင်း နဲ့ လိုက်ပါလာသူ ၁၅၀ စလုံး သေဆုံးအောင် တမင် လုပ်ဆောင်ခဲ့သူလို့ သံသယရှိတဲ့ ဂျာမဏီနိုင်ငံသား တွဲဖက်လေယာဉ်မှုးဟာ သူ့ကျန်းမာရေး မကောင်းတာကို ဖုံးထားခဲ့တယ်လို့ ဒီကနေ့ သောကြာနေ့မှာ ပြင်သစ် အစိုးရရှေ့နေက ပြောပါတယ်။

အသက် ၂ရ နှစ် အရွယ် ဂျာမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူး Andreas Lubitz ရဲ့ ဂျာမဏီနိုင်ငံက နေအိမ် ၂ ခုကို ဝင်ရောက်ရှာဖွေရာမှာ ဆုတ်ဖြဲထားတဲ့ ခွင့်စာတစောင်ကိုပါ တွေ့ခဲ့ရပြီး စာဟာ လေယာဉ်ပျက်ကျတဲ့နေ့အတွက် အလုပ်ကနေ ခွင့်ယူဖို့ ဖြစ်ပါတယ်။

အစိုးရရှေ့နေတွေထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ နေမကောင်းဖြစ်နေတဲ့အတွက် ဆေးကုသမှုခံယူဖို့ လုပ်နေတာကို ပြသတဲ့ ဆေးစာရွက်တွေ ကို တွေ့ခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။ဘာ့ကြောင့် နေမကောင်းဖြစ်ရတယ် ဆိုတာကို ကြေညာချက်ထဲမှာ ဖေါ်ပြမထားပေမယ့် ဆေးအစီရင်ခံစာတွေအရ Lubitz ဟာ စိတ်ကျရောဂါ ခံစားနေရတယ်လို့ ဆိုပါတယ်။

တွဲဖက်လေယာဉ်မှူး Lubitz ရဲ့ ဒူးဇက်ဒေါ့ဖ် - Dusseldorf-မြို့မှာ ရှိတဲ့ တိုက်ခန်းကိုရော သူ့မိဘတွေနေရာ Montabour မြို့ကလေးက နေအိမ်ကိုပါ ဒီကနေ့ သောကြာနေ့မှာ ရဲတွေက ဝင်ရောက်ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။

Lubitz ဟာ လေယာဉ်မှူး စက်ခန်းထဲ ပြန်မဝင်နိုင်အောင် တံခါးကိုသော့ပိတ်ထားပြီး Airbus - A320 လေယာဉ်ကို သူတယောက်တည်း မောင်းပြီး ပျက်ကျအောင် လုပ်ခဲ့ပုံရတယ်လို့ ပြင်သစ် အစိုးရရှေ့နေ Brice Robin က ကြာသပတေးနေ့က ပြောပါတယ်။ Lubitz ဟာ လေယာဉ်ပျက်မကျခင် ၈ မိနစ်အတွင်း သူကိုယ်တိုင်ပြောင်းလဲ ထိန်းချုပ်ပြီး တနာရီကို မိုင် ၄၃၀ ကျော်နှုန်းနဲ့မြေပြင်ကို ထိုးဆင်းခဲ့တယ်လို့ လည်းပြောပါတယ်။

Germanwings လေကြောင်းလိုင်းရဲ့ မိခင်ဌာနဖြစ်တဲ့ Lufthansa ကတော့ လေယာဉ်မောင်းခန်းထဲမှာ လေယာဉ် အမှုထမ်း ၂ ဦးအမြဲရှိနေဖို့ လိုအပ်တဲ့ ဥပဒေသစ် တခုကို အကောင်ထည် ဖေါ်တော့မှာ ဖြစ်ကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

XS
SM
MD
LG