သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီသမ္မတကို လှောင်တဲ့ ဂျာမန်လူရွှင်တော်


တူရကီသမ္မတ Recep Tayyip Erdogan ကို ပျက်လုံးထုတ်ခဲ့တဲ့ ဂျာမနီနိုင်ငံသား လူရွှင်တော် Jan Boehmermann အပေါ် အရေးယူဖို့ ကြိုးပမ်းလာမယ်ဆိုရင် သူ့ဘက်ကနေ အပြည့်အ၀ ရပ်တည်သွားမှာဖြစ်တဲ့အကြောင်း ဂျာမန်ရုပ်မြင်သံကြား ဌာန ZDF က ကတိပေးလိုက်ပါတယ်။

ဂျာမန်လူရွှင်တော်ကို အရေးယူဖို့ တူရကီရဲ့ မေတ္တာရပ်ခံချက်ကို လက်ခံတဲ့အကြောင်း ဂျာမန်ဝန်ကြီးချုပ် Angela Merkel က ကြေညာခဲ့ပြီး နောက်တရက်ဖြစ်တဲ့ စနေနေ့မှာပဲ ZDF ရုပ်မြင်သံကြားဌာနရဲ့ အကြီးအကဲ က ကတိပေးခဲ့တာ ဖြစ်ပါတယ်။ သူ့အပေါ် အပြစ်ရှိတယ် မရှိဘူးဆိုတာကိုတော့ တရားရုံးကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း ဂျာမန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ဂျာမန်လူရွှင်တော် ဘိုမားမန်းအနေနဲ့ ဌာနရဲ့ အပြည့်အ၀ ပံ့ပိုးမှုကို ရရှိမှာဖြစ်တဲ့အကြောင်း - ZDF ရုပ်သံအကြီးအကဲ Thomas Bellut က အပတ်စဉ်ထုတ် ဂျာမန်စာစောင်ဖြစ်တဲ့ Der Spiegel ကို ပြောဆိုခဲ့ပါတယ်။

တူရကီသမ္မတနဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်ရာမှာ သက်ဆိုင်ရာ အဆင့်တိုင်းမှာ ဌာနက သူနဲ့အတူ လိုက်ပါကူညီသွားမယ်ဆိုတာကိုလည်း လူရွှင်တော် ဘိုမားမန်းကို အသိပေးထားပြီးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ပျက်လုံးထုတ်ခဲ့တဲ့ အစီအစဉ်ကို ထုတ်လွှင့်ဖို့ရာ အတည်ပြုပေးခဲ့ တဲ့ အယ်ဒီတာကိုလည်း စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မတ်လ ၃၁ ရက်နေ့ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်မှာတော့ - တူရကီသမ္မတဟာ မိန်းကလေးငယ်တွေကို ရိုက်နှက်၊ ကလေးငယ်တွေပါဝင်တဲ့ ညစ်ညမ်းရုပ်ရှင် တွေကိုကြည့်၊ တိရစ္ဆာန်လိုပြုမူတဲ့ သဘောမျိုး အဓိပ္ပါယ်ထွက်တဲ့ ကဗျာတပုဒ်ကို ရွတ်ဆိုခဲ့တာပါ။ တူရကီအစိုးရကတော့ ပြည်ပနိုင်ငံက ခေါင်းဆောင်တဦးကို စော်ကားမှုအတွက် အရေးယူပေးဖို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ချက်ခြင်း စာပေးပို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG