သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမဏီထောက်လှမ်းရေး တာဝန်ရှိသူများ အမေရိကန်လာရောက်


ဂျာမန်ဝန်ကြီးချုပ် အင်ဂလာ မာကဲလ်။
ဂျာမန်ဝန်ကြီးချုပ် အင်ဂလာ မာကဲလ်။
ဂျာမန်ဝန်ကြီးချုပ် Angela Merkel ရဲ့ လက်ကိုင်ဖုန်းအပါအဝင် ဂျာမဏီနိုင်ငံက Mobile လက်ကိုင်ဖုန်းဆက်သွယ်ရေးတွေကို အမေရိကန်က လျှို့ဝှက်ကြားဖြတ် နားထောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ဂျာမန်ထောက်လှမ်းရေး တာဝန်ရှိသူတွေ ဝါရှင်တန်ကို စေလွှတ်လိုက်ပါပြီ။

ဂျာမန်ပြည်ထဲရေးဝန်ကြီး Hans-Peter Friedrich က ဒီစွပ်စွဲချက်တွေကြောင့် နှစ်ရှည်လများမဟာမိတ်ဖြစ်ခဲ့တဲ့ အမေရိကန်အပေါ် ဂျာမဏီနိုင်ငံက ယုံကြည်မှု သိပ်မရှိတော့ဘူးလို့ တနင်္ဂနွေနေ့ကပြောဆိုလိုက်တဲ့အကြောင်း ဂျာမန် Bild am Sonntag သတင်းစာက ရေးသားလိုက်ပါတယ်။

တကယ်လို့သာ အမေရိကန်က ဂျာမဏီနိုင်ငံရဲ့ Mobile လက်ကိုင်ဖုန်း ဆက်သွယ်ရေးတွေကို ကြားဖြတ်နားထောင်ခဲ့ တယ်ဆိုရင် တော့ ဂျာမဏီနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး ဂျာမဏီနိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးတာဖြစ်လို့ လက်ခံနိုင်စရာမရှိဘူးလို့ ဝန်ကြီး Friedrich က ပြောတယ်လို့ ဆိုပါတယ်။

အမေရိကန်ထောက်လှမ်းရေးတွေက ဝန်ကြီးချုပ် Angela Merkek ရဲ့ လက်ကိုင်ဖုန်း ဆက်သွယ်ရေးတွေကို ကြားဖြတ်နားထောင်နေတယ်လို့ ၂၀၁၀ ပြည့်နှစ်တုံးက NSA အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီက သမ္မတ အိုဘားမားကို အသိပေးခဲ့ပေမဲ့ ဆက်လုပ်ဖို့ ခွင့်ပြုခဲ့တယ်ဆိုတဲ့ အမည် မဖော်လိုသူ NSA အရာရှိရဲ့ အပြောကို အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် Merkel က သမ္မတအိုဘားမားကို ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်ပြီး ဒီအပြုအမူဟာ ယုံကြည်မှုကို ပျက်ပြားအောင်လုပ်တာပဲလို့ ပြောဆိုခဲ့ကြောင်း ဂျာမန်ဝန်ကြီးချုပ်ရုံးကပြောပါတယ်။ ဝန်ကြီးချုပ် Angela Merkel ရဲ့ လက်ကိုင်ဖုန်းကို အခုကြားဖြတ်နားထောင်နေတာမဟုတ်သလို နောင်ကိုလည်း လုပ်မှာမဟုတ်ဘူးလို့ အိမ်ဖြူတော်က တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့ NSA ကနေ အရင်တုံးက ဝန်ကြီးချုပ်မာကဲရဲ့ ဖုန်းတွေကို ကြားဖြတ် နားထောင်ဖူးသလားဆိုတာကို မှတ်ချက်ပေးခြင်းမရှိပါဘူး။

Electronics ဆက်သွယ်ရေးတွေ လုံခြုံမှု အာမခံချက်ရှိဖို့ အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ဆုံးဖြတ်ချက်ချနိုင်ရေးအတွက် ဂျာမဏီနဲ့ ဘရာဇီးလ်နိုင်ငံတို့က ပူးတွဲမူကြမ်း ပြုစုနေကြပါတယ်။
XS
SM
MD
LG