သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ဂျာမနီနိုင်ငံရောက်ရှိ


President U Thein Sein leave to 3 Europian countries. (Photo from President Office website) September 1st, 2014
President U Thein Sein leave to 3 Europian countries. (Photo from President Office website) September 1st, 2014

ဂျာမနီ-မြန်မာ သံတမန်ရေး ဆက်ဆံမှုနှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် ဂျာမနီနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်တို့ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် ဒီကနေ့ ဂျာမနီနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဦးသိန်းစိန် အနေနဲ့ မြန်မာနိုင်ငံရဲ့သမ္မတအဖြစ် ပထမဆုံးအကြိမ် ဂျာမနီကို ရောက်ရှိလာတဲ့ ချစ်ကြည်ရေး ခရီးစဉ်အပေါ် ပြုပြင်ပြောင်းလဲရေး ဖော် ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် အလားအလာကောင်းတွေ ပေါ်ထွန်းလာနိုင်မယ်လို့လည်း ဂျာမနီရောက် မြန်မာနိုင်ငံသားတွေကြား ရှုမြင်သုံးသပ်မှုတွေလည်း ရှိပါတယ်။ နောက်ဆုံးရ သတင်းကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

စက်တင်ဘာလ (၁) ရက်နေ့ကစလို့ (၁၀) ရက်တာကြာမြင့်မယ့် အနောက်ဥရောပ သုံးနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံးနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့ကို စက်တင်ဘာလ ၂ ရက်နေ့ အင်္ဂါနေ့မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ နှစ် (၆၀) ပြည့် ဂျာမနီ-မြန်မာ သံတမန်ရေး ဆက်ဆံမှု ချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကို ဂျာမနီနိုင်ငံ သမ္မတ Joachim Gauk ဝန်ကြီးချုပ် Angela Merkel တို့က ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ (၃) ရက်နေ့ကနေ အောက်တိုဘာလ (၉) ရက်နေ့အထိ နှစ်နိုင်ငံ ယဉ်ကျေးမှုနဲ့ နည်းပညာ ဖလှယ်ပြသမယ့် ဂျာမနီ-မြန်မာ သံတမန်ရေး ဆက်သွယ်မှု နှစ် (၆၀) ပြည့် ပြပွဲ ကို ဂျာမနီနိုင်ငံ ဘာလင်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်မှာဖြစ်ပြီး ဂျာမနီနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်တို့ရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ နှစ် (၆၀) ပြည့် သံတမန် ချစ်ကြည်ရေး ပြပွဲမှာ ဂျာမနီ-မြန်မာ ယဉ်ကျေးမှု၊ နည်းပညာ၊ ဗိသုကာနဲ့ တေးဂီတ ယဉ်ကျေးမှု ဖလှယ်ပြသကြမှာ ဖြစ်တယ်လို့ ပွဲကိုတက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတဲ့ ဂျာမနီနိုင်ငံရောက် မြန်မာတစ်ဦးဖြစ်တဲ့ ဒေါ်သိင်္ဂီလွင် က ပြောပါတယ်။

“ဖိတ်တဲ့ အကြောင်းအရာရဲ့ ခေါင်းစဉ်က ဂျာမန်စကားလုံး အတိအကျဆိုရင် Kultur Und Wissenschaft: Schlussel Zur Zukunft အနာဂတ်အတွက် ယဉ်ကျေးမှုနဲ့ သိပ္ပံပညာရဲ့ သော့ချက်များ ဆိုတဲ့ ပြပွဲပါ။ အဲဒါက exhibition ပါ။ နှစ် (၆၀) ပြည့် diplomatic မြန်မာနဲ့ ဂျာမနီရဲ့ နှစ် (၆၀) ပြည့် အထိမ်းအမှတ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သမ္မတကြီး ဦးသိန်းစိန်က ဒီဖွင့်ပွဲကိုလာလည်ပတ်မယ်လို့ ပါပါတယ်။ မနက်ဖြန် ၃ ရက် စက်တင်ဘာလ ၂၀၁၄ ပါ။ ဖိတ်စာပေးတယ်ပေါ့။”

ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီးတော့ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ရှိသလို၊ ကြာသပတေးနေ့မှာတော့ ဂျာမနီသမ္မတ Joachim Gaukနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံက သမ္မတ ဂျာမနီနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့အပေါ် ကြိုဆိုပြီး နှစ် (၆၀) သက်တမ်း ရှိသွားပြီဖြစ်တဲ့ ဂျာမနီနိုင်ငံနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး ပိုကောင်းမွန်လာမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် ဂျာမနီနိုင်ငံရဲ့ နည်းပညာပိုင်းဆိုင်ရာ အဘက်ဘက်က ကူညီပံ့ပိုးမှုတွေဟာ အထောက်အကူ ဖြစ်စေမယ်လို့ ဒေါ်သိင်္ဂီလွင် က ယုံကြည်မျှော်လင့်ပါတယ်။

“ဘာပဲပြောပြော ကောင်းတဲ့အလားအလာပါပဲ။ ကိုယ့်မြန်မာနိုင်ငံကလည်း လောလောဆယ် ပွင့်လင်းလာတဲ့အချိန်၊ ဥရောပနိုင်ငံထဲမှာ ဂျာမနီကလည်း လောလောဆယ်မှာ strong ဖြစ်နေတယ်၊ ဥရောပယူနီယံထဲမှာ။ အပြန်အလှန် ပွင့်ပွင့််လင်းလင်း ဆွေးနွေးပြောဆိုကြပြီးတော့ ဒီထက်ကောင်းတဲ့ လမ်းကြောင်းတွေ သူတို့ မြန်မာပြည်အတွက် လုပ်ပေးနိုင်မယ်ဆိုရင် ဒါဘယ်သူ့အတွက်မဆို ကောင်းတာပါပဲ။ ဒါတရားဝင် အစိုးရဘက်ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ သမ္မတကိုဖိတ်တယ်။ အခု နှစ်နိုင်ငံ ဆက်ဆံမှုက နှစ် (၆၀) တိုင်လာပြီဆိုတော့ ဒါဟာ ဖိတ်သင့်လို့ ဖိတ်တာပေါ့နော်။ မြန်မာပြည်အနေနဲ့လည်း ဝမ်းသာရမှာပါပဲ။ ပြီးတော့ ဂျာမနီကလည်း ဒီဘက်ကို သမ္မတလာတာတို့၊ ဘာတို့ အဲဒီလိုမျိုးကလည်း မရှိဖူးဘူးလေ။ ရှားရှားပါးပါး နိုင်ငံခေါင်းဆောင်အနေနဲ့ လာတာမျိုးက၊ ဂျာမနီမှာ အမနေခဲ့တဲ့ အတွေ့အကြုံအရ သူတို့ရဲ့ လူတွေရဲ့ စည်းနဲ့ကမ်းနဲ့ နေတတ်တဲ့ အလေ့အကျင့်တွေ၊ နောက်ပြီးတော့ အဲဒီလို နည်းပညာတွေ၊ တိတိကျကျ လုပ်တတ်တဲ့ ဓလေ့တွေ၊ ဒါတွေကို ကျမတို့ မြန်မာလူမျိုးတွေ အများကြီး အတုခိုးရမယ့်ဟာတွေရှိတယ်။ အဲဒီတော့ သူတို့ဆီက အတူတူ အလုပ်လုပ်ကြတယ်ဆိုရင် ဒါတွေ အပြန်အလှန် လေ့လာနိုင်တယ်။ မြန်မာပြည် ဆီကလည်း ဂျာမနီကနေပြီးတော့ မြန်မာလူမျိုးတွေရဲ့ နွေးထွေးတဲ့ စိတ်ထားတွေကို လေ့လာလို့ရတယ်။ ဒါဟာ အပြန်အလှန်ပါပဲ။ နည်းပညာတွေကို မြန်မာပြည်က လိုအပ်နေသလို၊ နှလုံးသားနဲ့ လူမှုဆက်ဆံရေး၊ မိသားစု နွေးထွေးမှုတွေဟာလည်း ဂျာမနီနိုင်ငံကလည်း သင်ယူဖို့ လိုအပ်နေတယ်လို့ အမကတော့ မြင်တာပဲ။”

ဂျာမနီနိုင်ငံ ခရီးစဉ်ပြီးရင်တော့ သမ္မတဦးသိန်းစိန်ဟာ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေကို ဆက်လက် ထွက်ခွာမှာ ဖြစ်ပြီး ဆွစ်ဇာလန်သမ္မတ Dider Burkhalte နဲ့ သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ပြည်ထောင်စုဝန်ကြီးတချို့ လိုက်ပါသွားကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ဥရောပနိုင်ငံတွေကို မနှစ်ကတုန်းက နှစ်ကြိမ်သွားရောက်ခဲ့ပြီး ဒီနှစ် ၂၀၁၄ ခုနှစ်ကတော့ တတိယအကြိမ် သွားရောက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG