သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကျောက်စိမ်း အစီရင်ခံစာ Global Witness အခိုင်အမာရပ်တည်


Global Witness ရဲ့ မြန်မာ့ကျောက်စိမ်းအစီရင်ခံစာ
Global Witness ရဲ့ မြန်မာ့ကျောက်စိမ်းအစီရင်ခံစာ

ကျမတို့အခုလိုဖေါ်ပြခဲ့တဲ့ အချက်တွေနဲ့ပတ်သက်လို့ ဘာကြောင့်မမှန်ကန်ဘူးဆိုတာကိုလည်း အခိုင်အလုံသူက ထုတ်ဖေါ်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်မို့ ကျမတို့ ကနဦးပြောခဲ့တဲ့အချက်တွေဟာ မှန်ကန်တယ်ဆိုတာကို ကျမတို့က ဆက်လက်စွဲကိုင်ထားတာဖြစ်ပါတယ်။”

မြန်မာ့ ကျောက်စိမ်းလုပ်ငန်းမှာပါဝင်ပတ်သက်နေတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့စာရင်းမှာ ကြံခိုင်ဖွံဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုးဟောင်း ဦးမောင်မောင်သိမ်းပါဝင်နေတယ်ဆိုတဲ့ အထောက်အထားခိုင်လုံလုံရှိနေကြောင်း Global Witness က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ငန်းအကြောင်း ထုတ်ပြန်ထားတဲ့ Global Witness ရဲ့အစီရင်ခံစာမှာပါတဲ့စွပ်စွဲချက်တချို့နဲ့ပတ်သက်ပြီး မှန်ကန်မှုမရှိကြောင်း ဦးမောင်မောင်သိမ်းက နိုဝင်ဘာလ (၂၇)ရက်နေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကိုတင်ပြမှာပါ။

မြန်မာ့ကျောက်စိမ်းလုပ်ငန်းဟာ နိုင်ငံရဲ့GDP အသားတင် ထုတ်လုပ်မှု တဝက်ကျော်ရှိတဲ့ အမေရိကန်ဒေါ်လာ ဘီလီယံ (၃၀)ကျော် ဝင်ငွေပဏာမရှိနေပါတယ်။ အဲဒီဝင်ငွေကို ဘယ်သူတွေအကျိုးအမြတ်ခံစားနေသလဲဆိုတာ လန်ဒန်အခြေစိုက် Global Witness က စုံစမ်းထားတဲ့ အစီရင်ခံစာကို ဒီလ အစောပိုင်းက ထုတ်ပြန်ခဲ့တာပါ။ အဲဒီမှာ ပါဝင်ပတ်သက်နေတဲ့ တွေဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ(အငြိမ်းစား)၊ ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့အထွေထွေအတွင်းရေးမှုးဟောင်း ဦးမောင်မောင်သိမ်း၊ ပြည်ထောင်စုဝန်ကြီးတဦးဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်းအုန်းမြင့်၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဖုန်းဆွေတို့ဖြစ်တယ်လို့ဖေါ်ပြထားတာနဲ့ပတ်သက်လို့ ဦးမောင်မောင်သိမ်း တဦးတည်းကနေ သူ့အနေနဲ့ဒီကျောက်စိမ်းလုပ်ငန်းနဲ့မပတ်သက်ကြောင်း သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ (၂၇)ရက်နေ့က ရန်ကုန်မှာကျင်းပခဲ့ပါတယ်။

“ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာ ကျနော့်အပေါ်စာနာနားလည်ပြီး သဘောပေါက်တဲ့ လူကြီးတွေဘက်ကနေ ဒီအတိုင်းနေလို့ရှိရင် မိမိဘက်က ဆိပ်ဆိပ်နေလို့ရှိရင် ဝန်ခံရာရောက်တယ်။ ဒါကြောင့်မို့လို ပြန်ပြီးဖြေရှင်းဖို့ အကြံပြုတိုက်တွန်းတဲ့အတွက် ဒီကနေ့စာကိုရေးသားထားပါတယ်။”

ဒါအပြင် သားဖြစ်သူ ဦးနေအောင်ဟာ ကျောက်စိမ်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကနေ အကျိုးအမြတ်ခံစားနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့လည်း ဦးမောင်မောင်သိမ်းကအခုလို တုန့်ပြန်ပြောပါတယ်။

“ကျနော့်သားက ဝန်ထမ်းပါ။ ဟုတ်ပြီနော်။ ဘာရည်ရွယ်ချက်မှာမရှိဘူး။ ကျနော်မဟုတ်ပါဘူးဆိုတာကို ကျနော်ဘက်က ရှင်းလင်းတင်ပြတာ။ ကျနော်ရဲ့ရှင်းလင်းတင်ပြချက်အပေါ်မှာ စုံစမ်းနိုင်ပါတယ်၊ ဖေါ်ထုတ်နိုင်ပါတယ်လို့ ကျနော်အနေနဲ့ ရိုးသားစွာတင်ပြခြင်းဖြစ်ပါတယ်။”

Global Witness ရဲ့ အစီရင်ခံစာမှာပါတဲ့အချက်တွေနဲ့ပတ်သက်ပြီး ဦးမောင်မောင်သိမ်းအနေနဲ့ အခုလို ပြန်ချေပတာကို ကြိုဆိုပေမယ့် အချက်အလက်အတိအကျနဲ့ပြန်ပြီးပြောဆိုတာမျိုးမရှိတဲ့အပြင် Global Witness ဘက်မှာ တိကျတဲ့ အထောက်အထားတွေရှိနေတာကြောင့် ဦးမောင်မောင်သိမ်းရဲ့တုန့်ပြန်ချက်ကို သူတို့ လက်မခံနိုင်ကြောင်း အစီရင်ခံစာကိုရေးသားခဲ့သူဖြစ်တဲ့ Juman Kubba ကဗွီအိုအေကိုပြောပါတယ်။

“ကျမတို့အခုထုတ်ပြန်တဲ့ တုန့်ပြန်ချက်မှာ အဓိကဖေါ်ပြထားတာကတော့ ကျမတို့အစီရင်ခံစာမှာဖေါ်ပြထားပြီးသာဖြစ်တဲ့ ဦးမောင်မောင်သိမ်းဟာ ဒီကုမ္ပဏီတွေရဲ့အဓိကပိုင်ဆိုင်သူဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ ကျောက်စိမ်းတွင်းလုပ်ငန်းနဲ့ပတ်သက်သူတွေစီကရော၊ သတ္တုတွင်းမှာလုပ်ကိုင်နေကြသူတွေရဲ့ပြောပြချက်တွေအရရော၊ ကုမ္ပဏီတွေရဲ့စာရွက်စာတမ်းတွေအရရော ဒီအချက်တွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ကျမတို့အခုလိုဖေါ်ပြခဲ့တဲ့ အချက်တွေနဲ့ပတ်သက်လို့ ဘာကြောင့်မမှန်ကန်ဘူးဆိုတာကိုလည်း အခိုင်အလုံသူက ထုတ်ဖေါ်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်မို့ ကျမတို့ ကနဦးပြောခဲ့တဲ့အချက်တွေဟာ မှန်ကန်တယ်ဆိုတာကို ကျမတို့က ဆက်လက်စွဲကိုင်ထားတာဖြစ်ပါတယ်။”

Global Witness ရရှိထားတဲ့အချက်တွေအရဆိုရင် ဦးမောင်မောင်သိမ်းဟာ ကျောက်စိမ်းလုပ်ငန်းကုမ္ပဏီတွေဖြစ်တဲ့ မြတ်ယမုံနဲ့ မျိုးနွယ် ကုမ္ပဏီ နှစ်ခုလုံးကို ပိုင်ဆိုင်ထားတဲ့အပြင် မျိုးနွယ်ကုမ္ပဏီရဲ့ ညွန်ကြားရေးမှုး သုံးဦးထဲမှာ သားဖြစ်သူ ဦးနေအောင်ဟာ တဦးအဖြစ်ပါဝင်နေပါတယ်။ ဒါကြောင့် အစီရင်ခံစာမထုတ်ပြန်ခင်မှာ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဦးမောင်မောင်သိမ်းနဲ့ သားဖြစ်သူ ဦးနေအောင်တို့ဆီကို ပေးပို့မေးမြန်းခဲ့ပေမယ့် အထောက်အထားနဲ့ ပြန်ပြီးငြင်းဆိုချက်တွေမရခဲ့တဲ့အပေါ်မှာ သူတို့အနေနဲ့ သံသယဖြစ်မိတယ်လို့ Juman Kubba ကပြောပါတယ်။

“အဲဒီတုန်းက အစီရင်ခံစာကိုပြုစုနေတုန်း မထုတ်ပြန်ခင် ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တုန့်ပြန်ပါလို့ ကာယကံရှင်ထံကို စာရေးအကြောင်းကြားခဲ့ပါတယ်။ သူတို့ဘက်က အဲဒီတုန်းက ကျမတို့ဖေါ်ပြခဲ့တဲ့ အချက်တွေနဲ့ပတ်သက်လို့ ဘယ်လိုမှမတုန့်ပြန်ချင်ဘူးလို့ ပြန်ကြားခဲ့ပါတယ်။

တကယ်လို့ ဒီစွပ်စွဲချက်တွေဟာ မမှန်ကန်ဘူးဆိုရင် အဲဒီအချိန်က ငြင်းချက်ထုတ်သင့်ပါတယ်။ ဒီကျောက်စိမ်းလုပ်ငန်းတွေမှာ ကျမတို့တွေ့ရှိခဲ့တဲ့အချက်ကတော့ နိုင်ငံရေးအရအာဏာသိပ်လွှမ်းမိုးမှုရှိတဲ့လူတွေဟာ ကျောက်စိမ်းတွင်းလုပ်ငန်းမှာ သူတို့ပါဝင်ပတ်သက်မှုကို ဖုံးကွယ်နိုင်ဖို့ ကုမ္ပဏီနာမည်တချို့ကို ရှေ့တန်းကနေ ဘန်းပြခဲ့တယ်။ မိသားစုဝင်တွေကိုသုံးခဲ့တာတွေ့ရပါတယ်။ ဒါဟာ စနစ်တခုလိုဖြစ်နေပါတယ်။ နောက်ကွယ်ရာမှာပုံးပြီး အခုလိုလုပ်နေတဲ့ကိစ္စရပ်တွေကိုဖေါ်ထုတ်နိုင်ဖို့ကအရေးကြီးပါတယ်။”

နိုင်ငံရဲ့ GDP တဝက်ကျော် ဒေါ်လာဘီလီယံ (၃၀)ကျော်ဝင်ငွေရှိနေတဲ့ ကျောက်စိမ်းလုပ်ငန်းတွေကို ဘယ်သူတွေပိုင်နေသလဲ ဘယ်သူတွေအကျိုးအမြတ်ရနေသလဲဆိုတာ ဖေါ်ထုတ်နိုင်မှသာ ဒီကိစ္စရပ်ကို နောက်တက်လာမယ့်အစိုးရသစ်အနေနဲ့ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ Juman Kubbaကဗွီအိုအေကိုပြောပါတယ်။

အရင်နအဖစစ်အစိုးရလက်ထက် ကျောက်မျက်၊ ကျောက်စိမ်းလုပ်ကွက်တွေကို ခွဲဝေဖို့အတွက် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန်ဦးစီးတဲ့အဖွဲ့က စီစစ်၊ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ခဲ့ကြောင်း နောက်ပိုင်းမှာ ဒုဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက ဆက်ပြီးဆောင်ရွက်ခဲ့ကြောင်း ဦးမောင်မောင်သိမ်းက သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။

မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့နိုင်ငံတော် လျှို့ဝှက်ချက် ခေါင်းစဉ်နဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ငန်းတွေအကြောင်း ထုတ်ဖေါ်ရေးသားခဲ့တဲ့ Global Witness အနေနဲ့ တတ်နိုင်သလောက် မှန်ကန်တိကျတဲ့ ကိန်းဂဏန်းအချက်တွေ ရနိုင်အောင် တနှစ်ကျော်ကြာအချိန်ယူခဲ့ပြီး၊ အစိုးရက ထုတ်ပြန်ချက်တွေကို အတည်ပြုနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေကိုမေးမြန်းတာ၊ ကျောက်စိမ်းရောင်းရတဲ့ငွေစာရင်းတွေကို အတိအကျဖြစ်နိုင်အောင် ပြုစုတာ စတာမျိုးတွေကို လုပ်ဆောင်ခဲ့ရကြောင်း Juman Kubba ကပြောပါတယ်။

အခုလာမယ် ဒီဇင်ဘာလ (၃)ရက်ကြာသာပတေးနေ့မှာ Global Witness ကနေ နောက်ဆက်တွဲအစီရင်ခံစာကို ထုတ်ပြန်သွားဖို့ရှိပါတယ်။ အဲဒီမှာ UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ပတ်သက်နေတဲ့ မူးယစ်ဘိန်းဘုရင် Wei Hsueh Kan ကနေ မြန်မာ့ကျောက်စိမ်းလုပ်ငန်းကို အဓိကလွှမ်းမိုးထားတဲ့ အထောက်အထားတွေကို စုံစမ်းဖေါ်ထုတ်တင်ပြထားတယ်လို့ Juman Kubba ကဗွီအိုအေကိုပြောသွားပါတယ်။

XS
SM
MD
LG