သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိန်းဘုရင် လော်စစ်ဟန် ကွယ်လွန်


ဘိန်းဘုရင် လော်စစ်ဟန် (၂၅ မေ ၂၀၀၇)
ဘိန်းဘုရင် လော်စစ်ဟန် (၂၅ မေ ၂၀၀၇)
တချိန်က ကမ္ဘာကျော် ဘိန်းဘုရင်တဆူ ဖြစ်ခဲ့သူ လောစစ်ဟန်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက် စနေနေ့က ရန်ကုန်မြို့ နေအိမ်မှာ အသက် ၈၀ အရွယ် ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ဘိန်းဘုရင်ဟောင်း လောစစ်ဟန်ရဲ့ ဝ၊ ကိုးကန့် ကာကွယ်ရေးခေါင်းဆောင် ဘဝကနေ ဘိန်းရာဇာတစ်ဦးအဖြစ် ကျင်လည်ခဲ့ရာကနေ နောက်ဆုံး ရှမ်းလက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးရဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူအဖြစ် သူ့ကို အမှတ်ရနေကြမှာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့ နေအိမ်မှာ ဘိန်းဘုရင်ဟောင်း လောစစ်ဟန် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၈၀ အရွယ် ဘိန်းဘုရင်ဟောင်း လောစစ်ဟန်ဟာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဝ၊ ကိုးကန့် ဒေသကိုးကန့် ကာကွယ်ရေး ခေါင်းဆောင်တစ်ဦးအဖြစ်ကနေ ကာကွယ်ရေးတပ်တွေကို ဖျက်သိမ်းလိုက်တဲ့အတွက် တောခိုသွားရာက ဘိန်းဘုရင်တဆူအဖြစ် ပြောင်းလဲသွားခဲ့ပုံကို ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ အတိုင်ပင်ခံလည်းဖြစ် ရှမ်းသံတော်ဆင့် အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးခွန်ဆိုင်း က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ မကြာသေးခင် ၂၀၀၇ ခုနှစ်က ကွယ်လွန်သွားတဲ့ ဘိန်းဘုရင် ခွန်ဆာနဲ့ ဘိန်းဘုရင် လောစစ်ဟန်ဟာ ထူးထူးခြားခြား မွေးနှစ်ချင်း တူတယ်လို့ သူက အခုလို စပြီး ပြောပြပါတယ်။

“သူက ကိုးကန့် အမျိုးသားဖြစ်ပါတယ်။ အခု ၂၀၀၇ က ကွယ်လွန်သွားခဲ့တဲ့ ခွန်ဆာနဲ့ဆိုရင် သူနဲ့က တနှစ်တည်း မွေးတယ်လို့ ကျနော် သိရပါတယ်။ ၁၉၆၀ ကျော်ကျော်ကတည်းက သူတို့က တပ်မတော်က ဖွဲ့စည်းတဲ့ ကာကွယ်ရေးထဲမှာ သူတို့က ပါဝင်ခဲ့ပါတယ်။ ကာကွယ်ရေးထဲမှာ ပါဝင်ခဲ့ပြီးမှ ဒီအစိုးရက အခွင့်ထူးပေးထားတဲ့ အတွက်ကြောင့်မို့ မကြာခင်မှာပဲ သူဟာ ဒီ အမေရိကန်ကနေ သူ့ကို ဘိန်းဘုရင်ဆိုပြီး ခေါ်လာခဲ့တာပေါ့နော်။ အဲ့ဒီကတည်းကနေ။ မကောင်းအကြောင်းမလှတော့ သူဟာ ထိုင်းနိုင်ငံကို ဝင်လာတဲ့အခါကျတော့ အဖမ်းခံရတယ်။ အဖမ်းခံရပြီးတော့မှ ဗမာပြည်ကို သူ့ကို ပြန်ပို့တယ်။ ပြန်ပို့ပြီးတော့မှ သူ့ကို သေဒဏ်ပေးတယ်။”

ထိုင်းအစိုးရက မြန်မာအစိုးရကို လွှဲပြောင်းပေးအပ်လိုက်ပြီးနောက်ပိုင်း သေဒဏ်ကျခံခဲ့ရာကနေ ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရပြီးနောက်ပိုင်း အာဏာသိမ်း ဦးနေဝင်း စစ်အစိုးရလက်ထက် ပြန်လည် လွတ်မြောက်လာပြီးနောက်ပိုင်း ဗမာပြည် ကွန်မြူနစ်ပါတီ တိုက်ဖျက်ရေးမှာ အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ခဲ့တယ်လို့ ဦးခွန်ဆိုင်း က ဆက်ပြောပါတယ်။

“သေဒဏ်ပေးပြီးတော့မှ ၁၉၈၀ ခုနှစ်ကျတော့ သူတို့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရတော့ သူကလည်း လွတ်လာတယ်။ လွတ်လာပြီးတော့မှ နောက်ပိုင်းကျတော့ သူက ဒီ ၁၉၈၉ ခုနှစ်မှာ ဗကပအတွင်းမှာ ၀ က တော်လှန်တယ်။ ကိုးကန့်က တော်လှန်တယ် ဆိုတဲ့အခါကျတော့ ဒီအစိုးရနဲ့ ဗကပကို တော်လှန်တဲ့ ဒီ ကိုးကန့်တို့ ၀ တို့ ဒီ့ပြင် မိုင်းလားအဖွဲ့တို့နဲ့ စေ့စပ်တဲ့နေရာမှာ သူက ကြားဝင်ပြီးတော့ ကူညီပေးခဲ့တယ်။ အဲ့ဒီကတည်းကစပြီး သူကလည်း Asia World ကိုထောင်ပြီးတော့မှ လုပ်လာတာ အခုထိပေါ့။ ဒီဟာ သူတို့ တော်တော်လေးကို ကြီးပွားပါတယ်။”

ရှမ်းပြည်နယ်တွင်း ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရကြား အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရယူနိုင်ဖို့အတွက်ကိုလည်း လောစစ်ဟန်က ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ ဦးခွန်ဆိုင်း က ဆိုပါတယ်။ မြန်မာအစိုးရက လက်နက်ကိုင်တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ လုပ်ဆောင်ခိုင်းတဲ့အချိန် တင်းမာမှုတွေ ဖြစ်ခဲ့တဲ့အပေါ် လောစစ်ဟန် က ဝင်ညှိပေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရက Godfather of Heroin လို့ ခေါ်ဝေါ်ခဲ့တဲ့ ဘိန်းဘုရင် လောစစ်ဟန်ကို အမေရိကန် ဘဏ္ဍရေးဝန်ကြီးဌာနက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းသွင်းခဲ့တဲ့အပေါ် ဦးခွန်ဆိုင်း က ပြောပြပါတယ်။
အမေရိကန် အစိုးရက အလိုရှိနေတဲ့ ဘိန်းဘုရင် လောစစ်ဟန်ဟာ စစ်တပ်ထိပ်သီး ခေါင်းဆောင်ပိုင်းတွေနဲ့ ရင်းနှီးပတ်သက်မှု ရှိတဲ့အပေါ် ဦးခွန်ဆိုင်း က အခုလို သုံးသပ်ပါတယ်။

“စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်တာကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထောက်ခံမှုနဲ့ လုပ်နိုင်ခဲ့တာကိုး။ ဘယ်နည်းနဲ့မဆို သူတို့ကလည်း ကျေးဇူးဆပ်တဲ့အနေနဲ့ လုပ်ရမှာကတော့ အသေးစိတ်တော့ ဘာမှ မသိရပါဘူး။”

ရှမ်းတော်လှန်ရေးလောကမှာတော့ ဘိန်းဘုရင်လောစစ်ဟန်နဲ့ပတ်သက်ပြီးသမိုင်းဝင်လူပုဂိုလ်တစ်ဦးအနေနဲ့ မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်လို့ ရှမ်းသံတော်ဆင့်အယ်ဒီတာဦးခွန်ဆိုင်းကဆိုပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်ကျန်ဖုန်းရှင်နဲ့ သားသမီး ၈ ဦး ကျန်ရစ်ခဲ့တဲ့အနက် သားဖြစ်သူ စတိဗင်လော (ခေါ်) ဦးထွန်းမြင့်နိုင်ကတော့ Asia World ကုမ္ပဏီကို ဦးဆောင်နေတာဖြစ်ပြီး Asia World ကုမ္ပဏီဟာ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၊ ကျောက်ဖြူရေနက်ကွင်းစီမံကိန်း၊ မြစ်ဆုံစီမံကိန်း စတဲ့အပါအဝင် မြန်မာနိုင်ငံတွင်း တရုတ်ရင်းနှီးမြှုတ်နှံမှု လုပ်ငန်းတွေနဲ့ ပတ်သက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လောစစ်ဟန်ရဲ့ကျန်ရှိတဲ့သားတွေကတော့ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနဲ့ ထိုင်ဝမ်နိုင်ငံတွေမှာ စီးပွားရေး လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ကွယ်လွန်သူ ဘိန်းဘုရင်ဟောင်း လောစစ်ဟန်ကို လာမယ့် ဗုဒ္ဓဟူးနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ယူနန်သုဿန်မှာ ဂူသွင်းသင်္ဂြိုလ်မှာ ဖြစ်တယ်လို့ တနင်္လာနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။
XS
SM
MD
LG