သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် ဆွေးနွေး ပွဲ ရှေ့ မတိုး


အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ဆဌမအကြိမ် ဆွေးနွေးပွဲ ပြီးဆုံး။ (စက်တင်ဘာ ၂၆၊ ၂၀၁၄)
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ဆဌမအကြိမ် ဆွေးနွေးပွဲ ပြီးဆုံး။ (စက်တင်ဘာ ၂၆၊ ၂၀၁၄)

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် ရေးဆွဲဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ဆဋ္ဌမအကြိမ် ဆွေးနွေးပွဲ ဟာ ဒီကနေ့ ပြီးဆုံးသွားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် စတုတ္ထမူကြမ်းကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီတကြိမ်ဆွေးနွေးပွဲမှာ ညှိနှိုင်းရ ခက်ခဲနေတဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို အလုပ်အဖွဲ့တွေ ဖွဲ့စည်း ဆွေးနွေးသွားဖို့ အတွက်တော့ သဘောတူခဲ့ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ၅ရက်ကြာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့ NCCT တို့ရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် ရေးဆွဲရေး ဆွေးနွေးပွဲ ဟာ ဒီကနေ့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက် ကိုတော့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက အခုလို ဖတ်ကြားပြီး နှစ်ဖက်က ကိုယ်စားလှယ်တွေက အတည်ပြုခဲ့ကြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ဆဌမအကြိမ် ဆွေးနွေးပွဲ ။ (စက်တင်ဘာ ၂၆၊ ၂၀၁၄)
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ဆဌမအကြိမ် ဆွေးနွေးပွဲ ။ (စက်တင်ဘာ ၂၆၊ ၂၀၁၄)

"နှစ်ဘက်ကိုယ်စားလှယ်များသည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့အထိ ယခင်ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲမှ ကျန်ရှိနေသည့် အချက်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းရာတွင် တစ်ဖက်နှင့် တစ်ဖက်အကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများ နှင့် သဘောတူညီမှုများ ပိုမိုရရှိခဲ့ပါသည်။ ဤဆွေးနွေးပွဲမှ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (စတုတ္ထမူကြမ်း) ကို အတည်ပြုနိုင်ခဲ့ပါသည်။

နောက်တစ်ကြိမ် ဆွေးနွေးပွဲကို အောက်တိုဘာလအတွင်း ထပ်မံ ကျင်းပရန်နှင့် ကျင်းပမည့်ရက်ကို နှစ်ဘက်ခေါင်းဆောင်များမှ ညှိနှိုင်းရန် သဘောတူကြ ပါသည်။"

နှစ်ဖက်ကိုယ်စားလှယ်တွေဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ကျင်းပပြီး ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးစား လုပ်ဆောင်သွားမယ်လို့ ကတိပေးကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ဆဌမအကြိမ် ဆွေးနွေးပွဲ။ (စက်တင်ဘာ ၂၆၊ ၂၀၁၄)
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ဆဌမအကြိမ် ဆွေးနွေးပွဲ။ (စက်တင်ဘာ ၂၆၊ ၂၀၁၄)

ဆွေးနွေးပွဲကာလမှာ နှစ်ဖက်ကိုယ်စားလှယ်တွေအကြား သဘောထား မတိုက်ဆိုင်တာတွေ၊ တင်းမာတာတွေ ရှိကြောင်း တိုင်းရင်းသား ကိုယ်စားလှယ်တွေဘက်က ထုတ်ဖော်ပြောဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိပြီးဆုံးသွားတဲ့ ဆွေးနွေးပွဲအခြေအနေ ပတ်သက်ပြီး UPWCရဲ့ ဒုဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲအပြီးမှာ အခုလို ပြောဆိုပါတယ်။

"ဆွေးနွေးပွဲများရဲ့ သဘာဝအတိုင်း ကနဦးအစမှာ ကြေညာ သဘောတူနိုင်တဲ့ အချက်တွေကို သဘောတူညီနိုင်ခဲ့ကြပေမဲ့ အသေးစိတ် ဆွေးနွေးမှုများမှာ ပိုမိုသိမ်မွေ့ ပြီး အချိန်ယူရတာကို တွေ့ရပါတယ်။ အကြေအလည် ဆွေးနွေးမှုများ ကနေ နှစ်ဘက် ခိုင်မာတဲ့ နားလည်မှု ယုံကြည်မှုတွေကို ပိုမိုတည်ဆောက်နိုင် မှာဖြစ်ပါ တယ်။ ဆောက်လုပ်ရတဲ့ နောက်ဆုံးတိုင်များဟာ အခက်အခဲဆုံးဖြစ်နေ တတ်ပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ပန်းတိုင်ဟာ ကျနော်တို့ရဲ့ လက်တကမ်းမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။"

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လာမယ့် အောက်တိုဘာလ ဆွေးနွေးပွဲမှာ ပြီးပြတ်တဲ့ သဘောတူညီချက်တွေ ရရှိနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။

NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကတော့ ဆွေးနွေးပွဲမှာ အခက်အခဲတွေ ရှိပေမဲ့ ငြိမ်းချမ်းရေး ရအောင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားကြောင်း အခုလို ပြောဆိုပါတယ်။

"ဒီအပတ် ကျနော်တို့ ဆွေးနွေးပွဲမှာ အရင်အပတ်တွေနဲ့စာရင် နည်းနည်း ခက်ခဲနေတဲ့ အကြောင်းတွေရှိပါတယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေ ဟာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကျနော်တို့ ရှေ့တန်းမှာ ဖြေရှင်းခဲ့တဲ့ အခက်အခဲနဲ့ နှိုင်းစာရင် ဒါဟာ ဘယ်လောက်မှ မခဲယဉ်းပါဘူးလို့ ကျနော်မြင်ပါတယ်။ အားလုံး ဒီအခက်အခဲတွေကို ဖြတ်ကျော်ရမှာဖြစ်ပါတယ်။ စိတ်ရှည် သီးခံမှု ရှိရှိနဲ့ ကျနော်တို့ ဦးတည်ချက်ကို ဆက်လက်ရောက်ရှိအောင် အားလုံးက သန္နိဋ္ဌာန်ချပြီးတော့မှ ကြိုးပမ်းနေပါတယ်။"

လက်ရှိရေးဆွဲနေကြတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းမှာ အခန်း ၇ခန်း၊ အချက်ပေါင်း ၁၂၂ချက် ပါဝင်တာဖြစ်ပါတယ်။

သြဂုတ်လ ဆွေးနွေးပွဲအပြီးမှာတော့ နှစ်ဖက် ညှိနှိုင်းဖို့ အချက် ၄ချက်သာ ကျန်ရှိတော့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီတကြိမ်ဆွေးနွေးပွဲမှာ ယခင်ဆွေးနွေး သဘောတူထားတဲ့ အချက်တွေကို ပြန်လည် သုံးသပ် ဆွေးနွေးခဲ့တာကြောင့် ထပ်မံဆွေးနွေးရမယ့် အချက်တွေဟာ ပိုများလာခဲ့ပါတယ်။

ဒီလို ထပ်မံဆွေးနွေးဖို့ အချက်တွေ များလာတဲ့အပေါ်မှာ NCCT ရဲ့ ဒုတိယခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက အခုလို ပြောပါတယ်။

"အချက်တော့ ဒီအချက်ပဲ ဒါပေမဲ့ ပိုပြည့်စုံအောင် အချက်အလက်တွေ ထပ်ထည့်လိုက်တဲ့ သဘောပဲ။ ဝါကျတခု အကြောင်းအရာတခုအပေါ်မှာ ပိုပြီးတော့ ခိုင်မာအောင် ကျနော်တို့ကလည်း ထည့်၊ သူကလည်း ထည့် အဲ့တာ အချက်တွေ များလာတဲ့သဘောပါ။"

လက်ရှိ ထပ်မံဆွေးနွေးရမယ့် ကိစ္စရပ်တွေမှာ တော်လှန်ရေးဆိုတဲ့စကားလုံးကို အပစ်ရပ်စာချုပ်မှာ ထည့်သွင်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ အပစ်အခတ်ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေး၊ နှစ်ဖက်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ်ကိစ္စရေးဆွဲရေး၊ တပ်နေရာချ ထားရေး ၊ အပစ်ရပ် လက်မှတ်ရေးထိုးရာမှာ ပါဝင်မယ့် လူပုဂ္ဂိုလ်၊ နိုင်ငံရေး လမ်းပြမြေပုံ ၊ နိုင်ငံရေးဆွေးနွေးပွဲ မှာ ၃ပွင့်ဆိုင်ဆွေးနွေးမလား၊ ၈ပွင့်ဆိုင်ဆွေးနွေး မလားဆိုတာနဲ့ ကြားကာလအစီအစဉ် စတဲ့အချက်တွေ ကျန်ရှိနေတာဖြစ်ပါတယ်။

လောလောဆည်မှာတော့ အပစ်အခတ်ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေး၊ နှစ်ဖက်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ်ကိစ္စရေးဆွဲ၊ တပ်နေရာချထားရေး စတဲ့ကိစ္စတွေကို နှစ်ဖက် တပ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေ ညှိနှိုင်းရေးဆွဲဖို့နဲ့ ကြားကာလ အစီအစဉ်ကို အလုပ်အဖွဲ့ ဖွဲ့စည်းပြင်ဆင်ဖို့ သဘောတူညီထားပါတယ်။

မနက်ဖြန်မှာတော့ UPWC နဲ့ NCCT ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးပါတီ ၆၇ပါတီက ကိုယ်စားလှယ်တွေ နဲ့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေပါတယ်။

XS
SM
MD
LG