သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗျူဟာကုန်း သိမ်းယူမှု ကိုးကန့်ငြင်းဆန်


ပွိုင့်-၁၅၈၄ တောင်ကုန်း အပါအဝင် စန်တအိုက်ရှန် ကုန်းမြင့်ဒေသအား သိမ်းပိုက် ရရှိကြောင်း။ ( ပြန်ကြားရေး ဝန်ကြီးဌာန-သတင်းဓာတ်ပုံ)
ပွိုင့်-၁၅၈၄ တောင်ကုန်း အပါအဝင် စန်တအိုက်ရှန် ကုန်းမြင့်ဒေသအား သိမ်းပိုက် ရရှိကြောင်း။ ( ပြန်ကြားရေး ဝန်ကြီးဌာန-သတင်းဓာတ်ပုံ)

မြန်မာအစိုးရတပ်အနေနဲ့ ကိုးကန့် အခိုင်အမာ စစ်စခန်းတခုကို သင်္ကြန်တွင်း ပြင်းပြင်း ထန်ထန် တိုက်ပြီး သိမ်းလိုက်တယ်လို့ ဆိုချိန်မှာ ကိုးကန့်နဲ့ တအာင်း တပ်ဖွဲ့ဖက်ကတော့ ငြင်းဆိုထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဝဒေသမှာ ကျင်းပမယ့် တနိုင်ငံလုံး အပစ်ရပ်ရေး နောက်ဆုံး ဆုံးဖြတ်ချက်ချမယ့် တိုင်းရင်းသားထိပ်သီးဆွေးနွေးပွဲတက်ဖို့ မြန်မာဖက်က တားမြစ်ပေမဲ့၊ ဒီ အပစ်မရပ်သေးတဲ့ အဖွဲ့ ၂ ခုလုံးက တက်ဖို့ရှိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ဒီအကြောင်း ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာတပ် သိမ်းယူခဲ့တဲ့ ဗျူဟာကုန်း
မြန်မာတပ် သိမ်းယူခဲ့တဲ့ ဗျူဟာကုန်း

ကိုးကန့်တပ်အင်အား ၂၅၀ ခန့် အခိုင်အမာ ခုခံခဲ့တဲ့ ပါစင်ကျော် အရှေ့မြောက်ဘက် ပေ ၅၁၀၀ ကျော်မြင့်တဲ့ တောင်ကုန်းအမှတ် ၁၅၈၄ ကို သင်္ကြန်တွင်း စွန့်စား တိုက်ခဲ့မှုကြောင့် မနေ့နေလည် ၁ နာရီမှာ သိမ်းယူနိုင်ခဲ့တယ် လို့ မြန်မာတပ်မတော်က ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဒီကြေညာချက် ထဲမှာပဲ မြေအနေအထား အသာစီးရှိတဲ့ ဒီတောင်ကုန်းကို ဧပြီ ၅ ရက်နေ့ထဲက လက်နက်ကြီးနဲ့ သံချပ်ကာကားပစ်ကူမှုတွေနဲ့ တိုက်ခဲ့ပြီး၊ လှံစွတ်ထိုးမှု ၄၆ ကြိမ်လုပ်ခဲ့ကာ စန်တအိုက်ရှန် ကုန်းမြင့်ဒေသက နောက်ထပ်တောင်ကုန်းတွေလဲ သိမ်းနိုင်ခဲ့တယ်၊ မြန်မာအရာရှိတွေအပါအဝင် မြန်မာဖက်က ၁၆ ဦးကျခဲ့ပြီး၊ ၁၁၀ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းကတော့ ဧပြီလ ဆန်းမှာ တိုက်ပွဲတွေ ပြန်ပြင်းထန်လာတာမှန်ပေမဲ့၊ သင်္ကြန်တွင်းမှာ တိုက်ပွဲတွေ တရက်ချင်း ကျလာခဲ့တယ်၊ မြန်မာအစိုးရက သိမ်းလိုက်တယ်လို့ပြောတဲ့ မနေ့ကဆို တိုက်ပွဲတောင်ဖြစ်တာ မကြားခဲ့ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

"ကျနော် ရှေ့တန်းကနေ ရတဲ့သတင်းအရကတော့ မနေ့တုန်းက တိုက်ပွဲ မရှိခဲ့ပါဘူးခင်ဗျ။ ဒါပေမဲ့ Strategy အရ ကုန်းကို ကျနော်တို့ အပြောင်းအရွှေ့ လုပ်ကောင်းလုပ်လိုက်မယ်။ ဒါပေမဲ့ အတိအကျတော့ ကျနော် သိပ်မသိဘူးခင်ဗျ။ တနေ့တုန်းကတော့ဖြစ်ပါသေးတယ်။ ဒါပေမဲ့ အရှိန်ကတော့ ဟိုးရက်ပိုင်းတုန်း ကလောက် နည်းနည်းလျော့တယ်ပေါ့နော်။ ဟို ၈ရက်နေ့ကနေ ၁၃ရက်နေ့အထိက ပြင်းထန်ပါတယ်။ ၁၄ရက်နေ့က နည်းနည်းလေး လျော့တယ်။ မနေ့တုန်းကတော့ တိုက်ပွဲမရှိပါဘူး။"

မြန်မာ့တပ်မတော်က သိမ်းပိုက်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းများ
မြန်မာ့တပ်မတော်က သိမ်းပိုက်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းများ

ဒါ့အပြင် ကိုးကန့်တပ်ဖွဲ့တွေနဲ့အတူ မြန်မာတပ်မတော်နဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ TNLA ခေါ် တအန်းအမျိူးသား လွတ်မြောက်ရေးတပ်မတော် ထိပ်ပိုင်းတာဝန်ရှိသူ မိုင်ဖုန်းကျော်ကလည်း ခုလိုစခန်းကြီးတခုကို သိမ်းပိုက်တာတော့ မရှိသေးဘူး၊ တောင်ကုန်းငယ်တချို.ကိုတော့ သိမ်းခဲ့တာရှိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

"ဟုတ်ကဲ့။ အဲ့တာတော့ မသိမ်းရသေးပါဘူးဗျ။ အဲ့တာက တောင်ကုန်း အသေးအမွှားလေးတွေတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့မှာ တောင်ကုန်းတွေ အများကြီးပဲ။ တကယ့်စခန်းအကြီးတော့ မသိမ်းမိသေးပါဘူး။ ဟုတ်ကဲ့။ ကျနော်တို့ အကုန်လုံး ခုခံနေဆဲပါပဲ။"

အဲ့ဒီတော့ UNFC လို့ အတိုကောက်ခေါ်တဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အနေနဲ့ မကြာခင် တနိုင်ငံလုံး အပစ်ရပ်ရေးလက်မှတ်ထိုးနိုင်ဖို့ ကိုးကန့်ဒေသအပါအဝင် ဆက်ပြင်းထန်နေတဲ့ တိုက်ပွဲတွေရပ်ပေးဖို့ မြန်မာ အစိုးရဘက်ကို တောင်းဆိုခဲ့ တာကြောင့်နဲ့ သင်္ကြန်အားလပ်ရက်ကြောင့် ဦးထွန်းမြတ်လင်းပြောသလို တိုက်ပွဲတွေလျော့ ကျလာတာပါလားလို့ မေးရာမှာတော့-

"တိုက်ဆိုင်လို့လားတော့ မသိဘူး ဒါပေမဲ့ နည်းနည်းတော့ အရှိန်တော့ လျော့သွားပါတယ်ခင်ဗျ။"

ဒါ့အပြင် နောက်လ မေလ ၁ ရက်နေ့ကျရင် ဝဒေသမှာ လုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံကို ဒီကိုးကန့်နဲ့ တအန်းတပ်ဖွဲ့တွေ မတက်စေဖို့ မြန်မာအစိုးရဖက်က ဖိအားပေးနေတာတွေရှိပေမဲ့ သူတို့ နှစ်ဖွဲ့လုံး ဖိတ်စာရထားပြီး ဒီညီလာခံတက်ဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။

MNDAA ခေါ် ကိုးကန့်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ပြောခွင့်ရ ဦးထွန်းမြတ်လင်းက သူတို့ဖိတ်စာမရခင် ကထဲက ခုလို မြန်မာဖက်က မတက်စေချင်တာ တရားမဝင် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

" ကျနော်ကြားတာက ဖိတ်စာမပေးခင်ကတည်းက သူတို့ကနေပြီးတော့မှ ဒီ ဝ ကိုပြောတာ ရှိတယ်လို့ ကျနော် ကြားပါတယ်။ အဓိက ကတော့ ကျနော်တို့အဖွဲ့ပေါ့ဗျာ။ သူတို့က သိပ်ပြီးတော့ မပါစေချင်ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။"

ဒါပေမဲ့ ဒီညီလာခံကို တက်ဖို့ ရှိလားလို့ မေးရာမှာ ဦးထွန်မြတ်လင်းကပဲ-

"ရှိပါတယ်။ ရှိပါတယ်။ ကျနော်တို့ တက်ဖို့ရှိပါတယ်။ ကျနော်တို့ အစည်းအဝေး ထိုင်ပြီးတော့ သွားမယ့်လူကို ကျနော်တို့ သတ်မှတ်မယ်။ ပြီးရင် ဘာတွေ ဆွေးနွေးမလဲ ဆိုတာ အဲ့ဒီ့မှာ ကျနော်တို့ အဖြေရပါမယ်ခင်ဗျ။"

အလားတူ တအာင်းတပ်ဖွဲ့ရဲ. နိုင်ငံရေးဦးဆောင်ပါတီဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက အတွင်းရေးမှုး မိုင်ဖုန်းကျော်ကလည်း သူတို့လဲ ဖိတ်စာရထားပြီး၊ မြန်မာဘက်ကတားတာ ကြားပေမဲ့ ဒီညီလာခံတက်မှာပါလို့ ထုတ်ပြောခဲ့ပါတယ်။

" ဦးအောင်မြင့်တို့ ဘာတို့ပြောတာတော့ ကျနော်တို့သိတယ်။ သူတို့ဘက်ကနေ သူတို့ ဖိတ်တဲ့အချိန်တုန်းကတော့ ပြောပြပါတယ်။ အစိုးရကတော့ ဦးသိန်းဇော် ကတော့ အဲ့လိုပြောတယ်တဲ့။ ဒါပေမဲ့ သူတို့ကတော့ သူတို့နယ်မှာ လုပ်တယ်ဆိုတော့ ကျနော်တို့က တက်ဖို့လိုတယ်။ တက်ဖို့သင့်တယ်လို့ သူတို့ ကျနော်တို့ကို ဖိတ်တာပါဆိုပြီး ကျနော်တို့ကို ဖိတ်ပါတယ်။"

အဲ့ဒီတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်ဖို့ နောက်ဆုံး ကချင်တပ်ဖွဲ့ KIO အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး ပြင်ဆင်နေချိန်မှာ ဖြစ်လာတဲ့ ဒီ တိုင်းရင်းသား ညီလာခံကနေ တိုက်ပွဲတွေမရပ်နိုင်သေးတဲ့ ကိုးကန့်အဖွဲ့အနေနဲ့ ဘာတွေမျှော်လင့်ထားပါလဲလို့ မေးရာမှာ ဦးထွန်းမြတ်လင်းက-

" တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အထောက် အကူပြုရင်တော့ ကောင်းတာပေါ့ အဓိက စစ်ဖြစ်နေတဲ့ ဒေသလည်း အပစ်အခတ်ရပ်စဲသွားရင်တော့ ကောင်းတာပေါ့ဗျ။"

တကယ်တော့ မြန်မာအပစ်အခပ်ရပ်စဲရေးမှာ အဓိက အစိုးရဘက်က ညှိုနှိုင်းဆွေးနွေးနေသူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အနေနဲ့ တနိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် မကြာခင် လက်မှတ်ထိုးနိုင်တော့မယ်လို့ ဂျပန်နိုင်ငံနဲ့ ဆွေးနွေးနေချိန်မှာ၊ မြန်မာတပ်မတော် အနေနဲ့တော့ တိုက်ပွဲတွေပြင်းထန်စွာ ဆင်နွှဲပြီး စစ်ရေးအောင်မြင်မှုတွေရနေပြီလို့ ထုတ်ပြန်နေတယ်လို့ သုံးသပ်သူတွေက ဆိုနေပါတယ်။

XS
SM
MD
LG