သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားစစ်ကြောင်း ရန်ကုန်မဝင်ဖို့ အစိုးရသတိပေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်-သမ္မတရုံး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်-သမ္မတရုံး

ဒီကနေ့ညဘက်ပိုင်းမှာ အစိုးရ အသံလွှင့်ဌာနတွေ ကနေပြီးတော့ ကျောင်းသားတွေ ရဲ့ သပိတ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ကြေညာပါတယ်။ အမျိုးသားပညာရေးကို ဆန့်ကျင်ပြီး ဒီမိုကရေစီပညာရေး တောင်းဆိုဆန္ဒပြ ချီတက်နေတဲ့ သပိတ်မှောက် ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကို တားမြစ်လိုက်ပြီးတော့ သပိတ်မရပ်နားရင် ဥပဒေနဲ့အညီ အရေးယူသွားဖို့ ကြေညာလိုက်ပါတယ်။ အသေးစိတ် ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် ကန့်ကွက်နေတဲ့ သပိတ်စစ်ကြောင်းများနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ကို ဆက်လက် ချီတက်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်ဆိုပြီး မြန်မာအစိုးရက ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ ည ရနာရီမှာ နိုင်ငံပိုင် သတင်းဌာနဖြစ်တဲ့ မြန်မာအသံကနေ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

"ဆန္ဒပြကျောင်းသားကျောင်းသူများ သိရှိနိုင်ရန် သတင်းထုတ်ပြန်ချက်- ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ပြည်ထောင်စုသမ္မတနိုင်ငံတော် အစိုးရကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ NNER ကိုယ်စားလှယ်များ၊ ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီ မှ ကျောင်းသား ကိုယ်စားလှယ်များနှင့်လေးပွင့်ဆိုင်တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် တောင်းဆိုချက် ၁၁ချက်နှင့် ပတ်သက်ပြီး နှစ်ဖက်သဘောတူညီချက်များ ရရှိခဲ့ကြပြီးဖြစ်ပါသည်။ ဒါ့အပြင် အခြားသဘောတူညီချက်များကိုလည်း လိုက်လျောပေးထားပြီးဖြစ်လို့ သပိတ်စစ်ကြောင်းများ ရန်ကုန်မြို့သို့ ဦးတည်ချီတက်ခြင်းမပြုရန် အဆိုပါ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားထားပြီးဖြစ်ပါသည်။ အစည်းအဝေးရလာဒ်များကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီ ထားပြီးဖြစ်ပါသည်။ သို့သော် ယခုအခါ သပိတ်စစ်ကြောင်းများသည် ရန်ကုန်မြို့သို့ ဆက်လက်ဦးတည်လှုပ်ရှားနေကြသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး တို့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ သပိတ်စစ်ကြောင်းများ ဝင်ရောက်ခြင်းမပြုနိုင်ရန် ဥပဒေနှင့် အညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြပါရှိပါတယ်ခင်ဗျာ။"

အစိုးရရဲ့သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၁၁ရက်နေ့ဆွေးနွေးပွဲက ၁၄ရက်မတိုင်ခင် ရန်ကုန်ကို သပိတ်စစ်ကြောင်းတွေဝင်မလာဖို့ကိုသာ သဘောတူ ထားခဲ့ကြောင်း အခုလိုမျိုး အစိုးရဘက်က ရုတ်တရက် သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်လို့တော့ ကျောင်းသား အားလုံးပြန်လည် တိုင်ပင်ဆွေးနွေးပြီးမှ သူတိုရဲ့သဘောထားကို ထုတ်ပြန်မှာဖြစ်ကြောင်း ပင်မသပိတ်စစ်ကြောင်းက သပိတ်ခေါင်းဆောင် ကိုသီဟ ဝင်းတင်က ဆိုပါတယ်။

"အရင်တုန်းကကျတော့ သူတို့ပြောထားတာ ဒီဖေဖော်ဝါရီ ၁၄မတိုင်ခင် ရန်ကုန်ထဲ မဝင်ဖို့ပုံစံပဲ ပြောထားတာပေါ့နော်။ အခုကျတော့ လုံးဝကို အဝင်မခံဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ မတိုင်ပင်ရသေးတော့ ပြောရ နည်းနည်းခက်နေတဲ့ အနေအထားဖြစ်နေတယ်။ အဲ့တာကြောင့် ပြန်တိုင်ပင် ပြန်စည်းဝေးဖို့ လုပ်နေတယ်။ အခုကကျတော့ ပေါင်းတည်မှာနားနေကြတော့လေ။ မနက်ဖြန်ကျရင်တော့ ၁၅ဦး အစည်းအဝေး ဒီညကျနော်တို့က ဆက်ပြီး အစည်းအဝေး လုပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန် ဒီ ၁၅ဦးအနေနဲ့ ဆွေးနွေးဖို့ ကျနော်တို့ ဒီဘက် သဘောထားကို သိရမှာ။ ဒါကြောင့် ဒီည အစည်းအဝေး လုပ်ပြီးပြီးချင်း ဖြိုးဖြိုးတို့နဲ့ ပြန်ဖုန်းပြောရဦးမှာ။"

ဖေဖေါ်ဝါရီ ၁၄ရက်နေ့မှာတော့ ကျောင်းသား၊ အစိုးရ လွှတ်တော် နဲ့ NNER က ကိုယ်စားလှယ်တွေ ထပ်မံတွေ့ဆုံဖို့ရှိပြီး ဒီဆွေးနွေးပွဲ ကနေ ကျောင်းသားတွေ ဘက်ကလည်း သူတို့သဘောထားတွေ ကိုပြောဆို သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG