သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာဖွင့်မည့် INGO ရုံးလုံခြုံရေး နယ်မြေကန့်သတ် တာဝန်ယူဖို့ ပြင်ဆင်


စစ်တွေမြို့ ရဲလုံခြုံရေး ။ (ဧပြီ ၁၊ ၂၀၁၄)
စစ်တွေမြို့ ရဲလုံခြုံရေး ။ (ဧပြီ ၁၊ ၂၀၁၄)
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုတွေကြောင့် ပိတ်ထားခံခဲ့ရတဲ့ နိုင်ငံတကာ NGO ရုံးတွေ မကြာခင် ပြန်ဖွင့်နိုင်တော့မယ်လို့ လွှတ်တော် အမတ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ပြည်နယ်အစိုးရက လုံခြုံရေး တာဝန် ယူပေးတဲ့ နေရာမှာ ဒီ INGO ရုံးတွေကို ပြန်ဖွင့်နိုင်ဖို့ စီစဉ်နေ တာဖြစ်ပေမယ့် အစိုးရက တာဝန်ယူမပေးတဲ့နေရာတွေမှာတော့ လုံခြုံရေးအရ အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။ လောလောဆယ် အခြေအနေတွေ တည်ငြိမ်နေတယ်ဆိုပေမဲ့ အရေးပေါ်အမိန့်ကိုတော့ ရုပ်သိမ်းခြင်း မရှိသေးပါဘူး။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ပြောပြပေးထားပါတယ်။

အခုဆိုရင် ပိတ်ထားခဲ့ရတာ ၁ လ နီးပါး ရှိလာပြီဖြစ်တဲ့ စစ်တွေမြို့က ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO ရုံးတွေဟာ သိပ်မကြာခင်မှာပဲ ပြန်ဖွင့်နိုင်တော့ မယ်လို့ လွှတ်တော် အမတ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဒီလို ရုံးတွေပြန်ဖွင့်နိုင်ဖို့နဲ့ NGO ဝန်ထမ်းတွေရဲ့ လုံခြုံရေး အတွက် ပြည်နယ်အစိုးရ ကနေ ရပ်ကွက်တစ်ခုမှာ နေရာချထားဖို့ စီစဉ်နေတာရှိတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပြပါတယ်။

"NGO၊ INGO တွေအတွက် ပြည်နယ်အစိုးရအဖွဲ့က ဒီ့ပြင် ဟိုတယ် ပတ်ဝန်းကျင်လောက်မှာ နေရာတခု သတ်သတ်မှတ်မှတ် ချပေးမယ်ဆိုပြီး အဲ့လိုမျိုး အစီအစဉ်ဆွဲထားတဲ့အပိုင်းတွေကို ပြောပါတယ်။ နောက်ပိုင်း ချလာမယ့် စစ်တွေ ဟိုတယ်ဘက်အခြမ်းမှာဆိုရင် သီးသန့် တစ်နေရာတည်း စုပြီးရင် ဖြစ်လာတဲ့အပိုင်းဆိုရင် လုံခြုံရေးအပိုင်း အတွက် ပိုပြီးရင် လုပ်ဆောင်နိုင်လာမယ်လို့ ကျနော်တို့ ယူဆတာပေါ့။

အရင်တုန်းကတော့ တမြို့လုံးမှာ ဟိုတစ်စ၊ ဒီတစ်စဆိုတော့ လုံခြုံရေး အဖွဲ့တွေလည်း ပြဿ နာ ဖြစ်တယ်ဆိုတာနဲ့ ဒီဘက်က ဖြစ်လိုက်၊ ဒီဘက်မှာ ဟန့်နေရင်းနဲ့ ဟိုဘက်မှာ ဖြစ်လိုက်ဆိုတော့ လုံခြုံရေးအဖွဲ့ အင်အားကလည်း ဟိုဘက်၊ ဒီဘက် မလိုက်နိုင်ဘူး ဖြစ်သွားတယ်။ အခုဆိုရင်တော့ တစ်စုတည်း နေရာမှာဆိုတော့ ပိုပြီးရင် လုံခြုံရေးပိုလုပ်ပေးနိုင်မယ့် အနေအထားလို့တော့ ကျနော်တို့ တွေ့ရတာပေါ့။ အဲ့လိုမျိုး။ "

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရတာဝန်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းဖြေဆိုခြင်း မရှိခဲ့ပါဘူး။ တခါ စစ်တွေမြို့မှာ အခုလို ပြဿနာတွေ မဖြစ်ခင်က နိုင်ငံတကာ NGO ရုံးတခုကို ငှားရမ်းခဲ့တဲ့ စစ်တွေဒေသခံ ဦးအေးလှိုင် ကလည်း - နိုင်ငံတကာ NGO ရုံးတွေအတွက် ပြည်နယ် အစိုးရက နေရာချပေးဖို့ စီစဉ်နေတဲ့ အခြေအနေနဲ့ စစ်တွေမြို့ ထဲမှာတော့ ဒေသခံတွေ က သူတို့နေအိမ်တွေကို NGO ရုံးတွေအတွက် ငှားရမ်းဖို့ မဝံ့ရဲကြတော့ဘူးလို့ အခုလို ပြောပြပါတယ်။

"ကျနော်တို့ စစ်တွေက တောင်ဘက်ပိုင်းပေါ့။ ဆေးရုံ ပြည်တော်သာ ရပ်ကွက်၊ အဲ့ဒီ့ရပ်ကွက်တစ်ခုကိုတော့ အစိုးရက အာမခံပေး တယ်။ ပြည်တော်သာ ရပ်ကွက်ထဲမှာဆိုလို့ရှိရင်တော့ ပြည်နယ်အစိုးရက NGO၊ INGO ၊ UN တို့ကို ဌားခွင့်ပေးတာပေါ့နော်။ တခြား မြို့ထဲမှာဆိုရင် တော့ အာမ မခံဘူးလို့တော့ ဆိုတယ်။ အဲ့ဒီ့ပြည်နယ်အစိုးရရဲ့ စကားထဲမှာပေါ့နော်။ အဖွဲ့အစည်းတွေကလည်း မြို့ထဲဆိုတော့ နည်းနည်း အဆင်မပြေနိုင်ဘူးလေ။ အစိုးရ အာမခံချက် မပေးဘူး ဆိုတော့။ ဒီပြည်တော်သာ ရပ်ကွက်ထဲမှာဆိုတော့ အဖွဲ့အစည်းတွေ အကုန်လုံးက ဧပြီလ မကုန်ခင် လာမယ်လို့ပြောတယ်ခင်ဗျ။"

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေက စစ်တွေမြို့မှာရှိတဲ့ Malteser လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းက နိုင်ငံခြားသူ ဝန်ထမ်း တစ်ဦးကနေ ဗုဒ္ဓသာသနာ့အလံကို ဖြုတ်ချပြီး မဖွယ်မရာ လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် စစ်တွေမြို့မှာရှိတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO ရုံးတွေနဲ့ နေအိမ်တွေ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်ကတည်းကစလို့ NGO ရုံးတွေ ပိတ်ထားခဲ့ရပြီး၊ NGO ဝန်ထမ်းတွေ လည်း စစ်တွေမြို့ကနေ ထွက်ခွာခဲ့ရ တာပါ။ ဒါကြောင့်လည်း ဒုက္ခသည်တွေ အတွက် နိုင်ငံတကာက ထောက်ပံ့ပေးနေတဲ့ လူသားချင်း စာနာမှု အကူအညီတွေလည်း ရပ်တန့်ထားခဲ့ရတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကို ထပ်မဖြစ်အောင် ဟန့်တားဖို့နဲ့ ဒုက္ခသည်တွေထံ အကူအညီတွေ ဖြန့်ဝေနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ မနေ့ ကြာသပတေးနေ့ကပဲ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power က တိုက်တွန်းခဲ့ပါတယ်။မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက် ထောက်ခံသွားမှာဖြစ်ပေမဲ့ အကြမ်းဖက်ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တော့ အထူးပဲ စိုးရိမ်တဲ့အကြောင်း သံအမတ်ကြီး Power က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယား ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကြာသပတေးနေ့ကပဲ အစီရင်ခံ တင်ပြခဲ့တာပါ။

ဒီအထဲမှာ ရခိုင်ပြည်နယ်က အခြေအနေလည်း ပါဝင်နိုင်တယ်လို့ သတင်းတွေ မှာ ဖော်ပြကြပါတယ်။ လောလောဆယ်မှာတော့ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ပြန်လည် တည်ငြိမ်လာနေပြီဆိုပေမဲ့ ပြီးခဲ့တဲ့လက INGO ရုံးတွေ တိုက်ခိုက်ခံရပြီးနောက် ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ရုပ်သိမ်းခြင်း မရှိသေးဘူးလို့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က အခုလို ဆက်ပြောပြပါတယ်။

"လုံခြုံရေးကတော့ အခုအခြေအနေကတော့ ဘယ်လိုပြောမလဲ တမြို့လုံးကိုတော့ လုံလုံခြုံခြုံ ဖြစ်အောင်တော့ လုံခြုံရေးတာဝန်ယူတဲ့ ပြည်ထဲရေးဌာနကတော့ ဖိဖိစီးစီး လုပ်နေတာတော့ တွေ့ရပါတယ်။ စဖြစ်တုန်းကတော့ အိမ်တွေ အဖျက်ဆီးခံရတဲ့ အိမ်တွေမှာ ရဲလုံခြုံရေးတွေ၊ ထားပေးတာပေါ့။ အခုနောက်ပိုင်းတော့ အဲ့ဒီ့အိမ်တွေကို ပိုင်ဆိုင်တဲ့ မိသားစုကို ပြန်အပ်လိုက်ပြီး ကာဖျူး ၁၄၄ ညမထွက်ရအမိန့်ကိုလည်း ၉နာရီကနေ မနက် ၅နာရီအထိ လျှော့ချလိုက်တာပေါ့။"

ကုလသမဂ္ဂ အရာရှိတွေကတော့ - မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေက အစိုးရက လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အတော်လေး ခြိမ်းခြောက်နေတယ်လို့ သတိပေးနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG