သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ် လုပ်ငန်းတွေ NLD ဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဗဟိုအလုပ်အမှု့ဆောင်မား လွှတ်တော်ပုံမှန်အစည်းအဝေးများသို့တက်ရောက်နေသည့်NLDလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေဆုံခဲ့စဉ် (Photo-NLD Chairperson) ၁.၃.၂၀၁၆
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဗဟိုအလုပ်အမှု့ဆောင်မား လွှတ်တော်ပုံမှန်အစည်းအဝေးများသို့တက်ရောက်နေသည့်NLDလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေဆုံခဲ့စဉ် (Photo-NLD Chairperson) ၁.၃.၂၀၁၆

အစိုးရ အာဏာလွဲှပြောင်းရေးကို ပြည်သူ့လွှတ်တော်မှာပဲ ပြုလုပ်မှာဖြစ်တယ်လို့ NLD ထိပ်တန်းခေါင်းဆောင်တဦးက မနေ့က ထပ်မံအတည်ပြုပြောဆိုလိုက်ပါတယ်။ NLD အစိုးရအဖွဲ့သစ်မှာ လျာထားမယ့် သမ္မတ အပါအဝင် ဝန်ကြီးတွေရဲ့အမည်စာရင်းကို ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲမှာ အစိုးရသစ်က ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ဆွေနွေးခဲ့ကြောင်း ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

လက်ရှိလွှတ်တော်မှာ သမ္မတနဲ့ ဒုသမ္မတတွေခန့်အပ်မယ့် ရက်ကို မတ်လ ၁၀ ရက်နေ့ အဖြစ်ရှေ့တိုးသတ်မှတ်ပြီးနောက် အစိုးရလုပ်ငန်းဆိုင်ရာကိစ္စရပ်တွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ထိပ်တန်းခေါင်းဆောင်တွေ မကြာခဏတွေ့ဆုံဆွေးနွေးလာနေတာပါ။

မနေ့ တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် နှင်းစီစံအိမ် မှာကျင်းပခဲ့တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ပါတီရဲ့ပြောခွင့်ရလည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက သတင်းထောက်တွေကို အခုလိုပြောသွားခဲ့ပါတယ်။

“ပထမဆုံး ပြောစရာတစ်ခုပဲ ရှိတယ် ကျွန်တော်တို့ အာဏာလွှဲပြောင်းရေးကို ပြည်သူ့လွှတ်တော်မှာ လုပ်မယ်။ အဲဒါတခု။ နောက် သမ္မတ ကိစ္စတွေ နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ပြောစရာ ဘာမှ မပါဘူး။ တခြားကိစ္စတွေ ဆွေးနွေးတာအများကြီးပါ။ ရှေ့လာမယ့် လုပ်မယ့်အလုပ်တွေဆွေးနွေးတယ်။ ဆုံးဖြတ်ချက် တခုမှမရှိပါဘူး။"

NLD အစိုးရအဖွဲ့မှာပါမယ့် သမ္မတ၊ ဒုသမ္မတ အမည်တွေအပါအဝင် အခြားဝန်ကြီးအမည်စာရင်းတွေနဲ့ပတ်သက်တဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကိုတော့ ဦးဉာဏ်ဝင်းက ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။ စနေနေ့ကလည်း ပါတီရဲ့ စီးပွားရေးကော်မတီအဖွဲ့ဝင်တွေနဲ့ ဗဟိုအလုပ်အမှုဆောင်တချို့ ဆွေးနွေးခဲ့ကြပါတယ်။ NLD အစိုးရသစ်အနေနဲ့ ရက်ပေါင်း (၁၀၀)အတွင်း ဘာတွေအဓိကလုပ်ဆောင်မလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့နေအိမ်မှာ ပညာရှင်တွေကို ဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ NLD စီးပွားရေးကော်မတီဝင်တဦးဖြစ်တဲ့ ဦးကျော်ဝင်းက ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို အခုလိုပြောခဲ့ပါတယ်။

“နောက်အစိုးရသစ်တက်လာတဲ့အခါကျရင် ပြည်သူလူထုနဲ့တိုင်းပြည်ကို ဘယ်လောက်မြန်မြန်ဆန်ဆန် အကျိုးပြုနိုင်မလဲဆိုတဲ့ကိစ္စတွေကို ပိုပြီးတော့ဆွေးနွေးတာပါ။ ရက် ၁၀၀ အတွင်းမှာ ဘာတွေလုပ်မယ်ဆိုတာကို အဓိကထား ဆွေးနွေးကြတာပါ။”

NLD အစိုးရအဖွဲ့မှာ ပညာရှင်တွေအများဆုံးပါဝင်မှာဖြစ်သလို အခြားပါတီကပုဂ္ဂိုလ်တချို့လည်းပါဝင်မှာဖြစ်ပြီး NLD ကတော့ လူနည်းစုပဲဖြစ်မယ်လို့ ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းထိန်က ပြောဆိုထားပါတယ်။

တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ အတတ်ပညာရှင်တွေအများစုပါဝင်မယ့် အစိုးရမျိုးဖွဲ့စည်းတာဟာ လက်တွေ့ကျတဲ့ မှန်ကန်တဲ့ဆောင်ရွက်မှုဖြစ်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာ တင့်ဆွေကပြောပါတယ်။

“ပထမတချက်ကတော့ နိုင်ငံရေးအရ ညွှန့်ပေါင်းပြုဖို့(သိုမဟုတ်) မဟာမိတ်ပြုဖို့ (သိုမဟုတ်) ပြည်ထောင်စုပုံစံကျအောင် ကြိုးစားမှုတရပ်ပေါ့နော်။ တခြားပါတီတွေ၊ တခြား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ သူတို့ရဲ့ ကာယ၊ ဉာဏ၊စွမ်းအားတွေကို ယူတဲ့အချက်ပါ။ ဒုတိယတချက်ကတော့ လက်တွေ့ကျတဲ့ တိုင်းပြည်အုပ်ချုပ်ရေး ပေါ့နော်။ အစိုးရဆိုတာ အုပ်ချုပ်ရေးပါ။ အဲတော့ အုပ်ချုပ်ရေး ယန္တယားကြီးကို ကိုင်တွယ်တဲ့အခါမှာ လက်တွေ့ကျတဲ့လမ်းကြောင်းကိုရွှေးတယ်လို့ မြင်ပါတယ်။”

နှစ်ပေါင်း (၆၀)ကျော်အတွင်း လူထုကတင်မြှောက်တဲ့ အစိုးရသစ်တက်လာတော့မယ့်အချိန်မှာ ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ NLD နဲ့ပတ်သက်လို့ မတ်လ ၆ ရက်နေ့ ရက်စွဲနဲ့ NLD လို့ပြောတဲ့ ကြေညာချက် အတုစာတစောင်လည်း ပျံ့နှံခဲ့ပါတယ်။ အဲဒီထဲမှာ NLDက ရွေးချယ်ထားတဲ့ ဒုသမ္မတလောင်းအမည်စာရင်းတွေဆိုပြီး ဦးထင်ကျော် (ပြည်သူ့လွှတ်တော်) နဲ့ ဦးခွန်ထွန်ဦး (အမျိုးသားလွှတ်တော်) အမည်တွေကို ဖေါ်ပြထားပါတယ်။

XS
SM
MD
LG