သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နဲ့ ရှေ့သီတင်းပတ်ထဲ ဆွေးနွေးဖို့ အစိုးရကမ်းလှမ်း


KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွား
KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွား
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရတို့ကြား နောက်တကြိမ် ဆွေးနွေးပွဲတွေ ကျင်းပဖို့ နှောင့်နှေးနေချိန်မှာပဲ ၂ ဘက်တပ်တွေကြား တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားနေပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ ဒီလထဲ မြန်မာနိုင်ငံတွင်းမှာ ပထမဆုံးအကြိမ် ကျင်းပဖို့ စီစဉ်ထားပေမဲ့ အပြီးသတ် ညှိနှိုင်းလို့ မရသေးဘဲ ဖြစ်နေရတာပါ။ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတွေကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ KIO နဲ့ ဆွေးနွေးမယ့် အစီအစဉ်ကိုတော့ အစောဆုံး ရှေ့သီတင်းပတ်လောက်မှာဖြစ်ဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေဘက်က မျှော်လင့်ထားတာ ဖြစ်ပါတယ်။ အပြီးသတ် ညှိနှိုင်းစရာတချို့ ကျန်နေဆဲဖြစ်ပေမဲ့ ရှေ့တပတ်ထဲ တွေ့ဆုံနိုင်အောင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က KIO ကို ကမ်းလှမ်းထားတယ်လို့လည်း မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။

“ဝန်ကြီး ဦးအောင်မင်းက ကျနော်တို့ကို peace center မှာ ရှင်းပြတာကတော့ သူ့အနေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ဆွေးနွေးပွဲ ထပ်မံလုပ်ဖို့ အဆိုပြုလွှာ ပို့ထားတယ်။ KIO ဘက်ကလည်း ညှိနှိုင်းစရာတချို့ ညှိနှိုင်းပြီးရင်တော့ လာမယ့်အပတ်ထဲမှာ ဆွေးနွေးပွဲ ဖြစ်နိုင်တယ်လို့ အလုပ်အဖွဲ့အားလုံးကို ရှင်းပြထားပါတယ်။ မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့တော့ အဆိုပြုလွှာ ပို့ထားပါတယ်။”

မြန်မာအစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ KIO တာဝန်ရှိသူတွေရဲ့ သဘောထားကိုတော့ မသိရသေးပါဘူး။ တချိန်တည်းမှာပဲ အစောပိုင်းမှာတုန်းက ဒီလထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲတွေ ကြန့်ကြာနေချိန်မှာပဲ KIO နဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာပါ။

ကချင်သတင်းစဉ်အယ်ဒီတာ ကိုနော်ဒင်းကတော့ ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း၊ မွန်းဂူးဒေသမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေတာလို့ ပြောပါတယ်။

“တနင်္ဂနွေနေ့ ညနေပိုင်းကစပြီး ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း၊ မွန်းဂူးဒေသမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ စပြီးတော့ ဖြစ်လာတာကို ကျနော်တို့ တွေ့ရတယ်။ မနေ့ကညနေပိုင်းကစပြီးတော့ပေါ့။ မွန်းဂူးဒေသဆိုတာကတော့ တိုက်ပွဲမဖြစ်တာ နည်းနည်းကြာပြီနော်။ မနေ့ညနေပိုင်းကနေစပြီးမှ တကယ်ပဲ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာပြီဆိုပြီးတော့ ကျနော်တို့ သိရတယ်။”

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ပြဿနာတွေကိုတော့ မြန်မာအစိုးရနဲ့ KIO ကြား ဆွေးနွေးပွဲတိုင်းလိုလိုမှာ အဓိကထား ဆွေးနွေးနေကြရတာပါ။ KIO ကတော့ သူတို့ ထိန်းချုပ်ရာ နယ်မြေတွေမှာ မြန်မာအစိုးရရဲ့ တပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားရာက တိုက်ခိုက်မှုတွေ ဖြစ်နေရတာလို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒီလိုတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို၊ ဆွေးနွေးပွဲတွေ သိသိသာသာ တိုးတက်မှု မရနိုင်ဘဲ ဖြစ်နေတဲ့အပေါ်မှာတော့ KIO က ပြီးခဲ့တဲ့အပတ်ထဲကပဲ လူထု အစည်းအဝေးပွဲတခု ပြုလုပ်ပြီး ပြောဆိုခဲ့တာပါ။ ၂ ဘက် စစ်တပ်က အဆင့်မြင့် ပုဂ္ဂိုလ်တွေပါ ပါဝင်ခဲ့ကြတဲ့ တရုတ်နိုင်ငံ ရွှေလီမြို့က နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ တဲ့ ဆွေးနွေးပွဲအတွင်းမှာတော့ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက် ဆွေးနွေးမှုတွေ လုပ်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

အခုတကြိမ် ဆွေးနွေးပွဲမှာတော့ အရင်ကလို တရုတ်နိုင်ငံ တနိုင်ငံတည်းကသာမကပဲ နိုင်ငံတကာ အသိုင်းအဝိုင်းက အကဲခတ်တွေပါ ဖိတ်ကြားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း နိုင်ငံတကာ ကိုယ်စားလှယ်တွေ သွားလာရေးနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းရဲ့ မကြာသေးခင်က ပြည်ပခရီးစဉ်တွေကြောင့်လည်း အခုနောက်ဆုံး ဆွေးနွေးပွဲတွေကို ရပ်ဆိုင်းထားရတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ ကပြောပါတယ်။

“ကျနော်တို့ KIO အဖွဲ့အစည်းအနေနဲ့ သူတို့ တက်စေချင်တဲ့သူတချို့ပေ့ါနော် ကျနော်တို့ မြန်မာနှစ်သစ်ကူးပွဲတွေရယ်၊ နောက် ဝန်ကြီးဦးအောင်မင်းအနေနဲ့ ခရီးထွက်တာတွေရှိတော့ ဒီဟာကိုတော့ နှစ်ဘက်သဘောတူ ရွှေ့တဲ့သဘောပါပဲ။ သိပ်မကြာခင်မှာတော့ ဒီ KIO အဖွဲ့အစည်းဘက်ကလည်း သူတို့ တက်စေချင်တဲ့ လေ့လာအကဲခတ်သူတွေအတွက် ညှိနှိုင်းနေတာတွေ ရှိပါတယ်။ ကျနော်တို့လည်း ဒါကို စီစဉ်ဆောင်ရွက်နေတယ်လို့ပဲ ဒီလိုပဲ မှတ်ယူပါတယ်။ အဲ့တော့ လာမယ့်အပတ်အတွင်းမှာတော့ ဆွေးနွေးညှိနှိုင်းပွဲဖြစ်ဖို့အတွက်တော့ ညှိနှိုင်းစရာတချို့တော့ ရှိဦးမယ်ထင်ပါတယ်။”

အစိုးရနဲ့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်ကတည်းကစလို့ မြန်မာစစ်တပ်နဲ့ KIO တို့ကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားခဲ့တာပါ။ ဒီ့အတွက်လည်း ဒေသခံထောင်သောင်းချီပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။

ပဋိပက္ခတွေဟာ ကချင်ပြည်နယ်တွင်းမှာ သာမက အိမ်နီးချင်း တရုတ်နိုင်ငံအထိ ရိုတ်ခတ်မှုတွေ ရှိလာခဲ့သလို၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းပြစ်တင် ဝေဖန်မှုတွေလည်း ထွက်ပေါ်လာရာက ၂ ဘက်အကြား တရားဝင် ဆွေးနွေးပွဲတွေကို စတင်ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG