သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတွင်း စစ်တပ်ဗုံးကြဲမှု ရွာသားတွေထိတ်လန့်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ။ (မတ် ၇၊ ၂၀၁၄)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ။ (မတ် ၇၊ ၂၀၁၄)

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ် တောင်ငူခရိုင် တောင်ငူမြို့ရဲ့ အရှေ့ဘက်ခြမ်း KNU တပ်မဟာ ၂ ထိန်းချုပ်ရာနယ်မြေထဲကို မြန်မာစစ်တပ်ဘက် က လေယာဉ်နဲ့ဗုံးကြဲမှု တတိယအကြိမ်အဖြစ် ဆက်လုပ်ခဲ့ပါတယ်။

ဒီအတွက် ဆိပ်ဖူး၊ မြောက်ချောင်း၊ ဟန်သို စတဲ့ ကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၀ ရွာခန့်က ရွာသားတွေဟာ တောင်ယာတွေမှာ မလုပ်ကိုင်ရဲတော့ဘဲ တိမ်းရှောင်နေထိုင်နေရပြီး မြန်မာအစိုးရနဲ့ KNU ကြားက အပစ်အခပ်ရပ်စဲရေးကို သံသယရှိလာကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ် တောင်ငူခရိုင်တွင်းမှာတော့ မြန်မာ စစ်တပ်ဘက်က ၃ ကြိမ်မြောက်အဖြစ် မေလ ၅ ရက်နေ့မှာ လေယာဉ်နဲ့ ဗုံးကြဲမှုတွေ ဆက်လုပ်ခဲ့ပါတယ်။ ဒီအတွက် ရွာသားတွေအနေနဲ့ စိုးရိမ်မကင်းဖြစ်ကြပြီး အပစ်အခပ်ရပ်စဲရေးအပေါ် သံသယရှိလာတယ်လို့ KNU တပ်မဟာ ၂ တောင်ငူခရိုင်ဥက္ကဌ ဖဒိုစောအယ်ဝါး က ပြောပါတယ်။

“ဒီမနက်ဖြစ်တာက ၁၀ နာရီ မိနစ် ၄၀ နော်။ ၂ လုံးလို့ ကျနော့်တော့ လှမ်းပြောလိုက်တယ်။ အသံ ၂ ချက်မြည်တယ်ပေါ့လေ။ ရွာသားတော့ အထိတ်တလန့် ဖြစ်တာပေါ့။ အခုဆိုရင် ကျီးလန့်စာစားသလို ဖြစ်နေတယ်ပေါ့။ တချို့ဆိုရင်လည်း တောင်ယာတော မသွားရဲတော့ဘူးဆိုတဲ့ အနေအထား ဖြစ်နေကြတယ်ပေါ့။ အခုပြောနေတဲ့ ဖြစ်စဉ်ဖြစ်တဲ့နေရာကတော့ ရွာပေါင်း ၁၀ ရွာနီးပါး ရှိနေပြီ။ တလုံးနဲ့တလုံး ကျတဲ့နေရာကလည်း ဆက်စပ်မှုရှိတယ်လေ။ ဆက်စပ်မှုရှိတော့ အဲဒီရွာစဉ်တလျှောက်ရှိတဲ့ ပြည်သူတွေဆိုရင် ပိုပြီးတော့ စိုးရိမ်ရတာပေ့ါ။ နောက်ပြီးတော့ မကျသေးတဲ့နေရာတွေ ပြည်သူတွေလည်း အနေအထားမျိုးမှာ ဒီလိုအပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့အချိန်အခါမှာ ဒီလိုမျိုးလုပ်တယ်ဆိုတော့ တခြားဒေသလည်း အဲဒီလို အထိတ်တလန့်ဖြစ်ကြတာပေါ့။ ကျီးလန့်စာစားနေရတာပေါ့။ ဒီလို အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့အခါမှာ သူတို့နေရာမှာ စစ်ဖြစ်တဲ့ကာလတောင်မှ ဒီလိုလေယာဉ်နဲ့ လာပြီးတော့ ပစ်တာခတ်တာတွေ၊ ဗုံးကြဲတာတွေမဖြစ်ဘဲနဲ့ ဒီလို အပစ်အခတ်ရပ်စဲရေး လုပ်တဲ့အချိန်မှာ ဒီလိုဖြစ်တယ်ဆိုတော့ ပိုပြီးတော့ သံသယဖြစ်တာပေါ့။ ရွာသားတွေကတော့ ဟိုမေးဒီမေး သံသယအမေးနဲ့ မေးနေကြတာပေါ့။ ကျနော်တို့လည်း အဲဒီအပေါ်မှာ ဖြေရတော်တော်လေး ခက်ပါတယ်။”

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့တွေမှာလည်း ၂ ရက်အတွင်း ၃ ကြိမ် ဗုံးကြဲခဲ့ပါတယ်။ ဒါဟာ KNU တပ်သားတွေကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်တယ်လို့ KNU တပ်မဟာ ၂ က တာဝန်ရှိသူတဦးဖြစ်တဲ့ စောတာမလာထူးကလည်း ပြောပါတယ်။

“ကျနော့်အမြင်ကတော့ အဲလိုခြိမ်းခြောက်လိုတဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လဲဆိုရင် ကျနော်တို့ဌာနချုပ်နဲ့ တော်တော်လေး နီးကပ်တဲ့နေရာမှာ ကျရောက်တယ်။”

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အစိုးရဘက်ကို အကြောင်းကြားခဲ့ပေမဲ့ စစ်ရေးလေ့ကျင့်တယ်ဆိုတာကိုသာ သိရှိရတယ်လို့ KNU ဘက်က ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုလက်နက်ကြီးတွေ ဗုံးတွေ ဘယ်အချိန်ကျရောက်မလဲဆိုတာ ဒေသခံတွေကို အသိပေးအကြောင်းကြားခြင်း မရှိတဲ့အတွက် ဒေသခံတွေဘက်က ကျီးလန့်စာစားနေရတဲ့အဖြစ်ကို ရင်ဆိုင်နေရတယ်လို့ တပ်မဟာ ၂ က တာဝန်ရှိသူတွေက ဆိုပါတယ်။

ပြည်တွင်းကလုပ်တဲ့ အစည်းဝေးတခုမှာတော့ ဗုံးကြဲမှုနဲ့ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ (UPWC) က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စစ်ရေးလေ့ကျင့်တာ မှန်ကန်ကြောင်း ပြောဆိုသွားတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ တွဲဘက်အတွင်းရေးမှူး ၁ ဖဒိုသောသီ ကတော့ ဆိုပါတယ်။

“ပဲခူး UPC လေ ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးပွဲ ပြည်တွင်းကနေ ကျင်းပတာကို ဦးအောင်မင်းကသွားတော့ ဆရာကျော်စွာက မေးမြန်းလိုက်တယ်လေ။ အခုလိုမျိုး NCA တို့ ဆောင်ရွက်တဲ့ကိစ္စ နောက်ကွယ်မှာ ဒီလိုမျိုး လေယာဉ်ဗုံးကြဲတာဟာ ကရင်တွေအတွက် ဘယ်လောက် အာမခံချက် ရနိုင်မလဲ၊ ပေးနိုင်မလဲ ဆိုတဲ့ဟာ ပါလာတာကိုး။ ဖြစ်ဖြစ်ချင်းပဲ သတင်းရရချင်းပဲ သမ္မတကြီးဆီကို သူ ဖုန်းဆက်တယ်။ တပ်ကို သူမေးကြည့်တယ်။ ဒါကတော့ ဟုတ်ပါတယ်တဲ့။ သက်သက် တမင် ရည်ရွယ်ပြီးတော့ ပစ်တာတော့ မဟုတ်ပါဘူးလို့။ စစ်ရေးလေ့ကျင့်ရင်းနဲ့ ပစ်ချတာတော့ မှန်ပါတယ်လို့ ဝန်ခံလိုက်တယ်လေ။ ဒါပေမဲ့ အဲဒီနေရာကို စစ်ရေးလေ့ကျင့်ရလောက်အောင်လည်း အဲဒီနေရာတွေက မဖြစ်သင့်ဘူးလေ။”

ဧပြီလ ၂၉ ရက်နေ့တဲ့ ၃၀ ရက်နေ့တွေမှာ တပ်မဟာ ၂ ထိန်းချုပ်ရာနယ်မြေထဲကို စတင်ပြီး လေယာဉ်နဲ့ ဗုံးကြဲတာနဲ့ပတ်သက်လို့ KNU ဘက်က တာဝန်ရှိသူတွေက မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေကို စာပို့ပြီး အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ကတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ KNU ဟာ မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်တိုက်ခဲ့ပြီး ၂၀၁၂ ခုနှစ်ထဲမှာ အပစ်အခပ်ရပ်စဲခဲ့ပါတယ်။

XS
SM
MD
LG