သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာမဲခေါင်မြစ်ဝှမ်းဒေသ တိုးတက်ရေး ၅ နိုင်ငံဆွေးနွေး


လာအိုနဲ့ထိုင်းနှစ်နိုင်ငံက မဲခေါင်မြစ်ကူးတံတား
လာအိုနဲ့ထိုင်းနှစ်နိုင်ငံက မဲခေါင်မြစ်ကူးတံတား

ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ မဟာမဲခေါင်မြစ်ဝှမ်းဒေသတွင်းနိုင်ငံတွေရဲ့ ထိပ်သီးညီလာခံမှာ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ကြဖို့ ခေါင်းဆောင်တွေက အဆိုပြုကြပါတယ်။ တရုတ်နိုင်ငံကလည်း ဒေသတွင်းငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မြင့်တင်ပေးဖို့နဲ့ ငွေကြေးအရ ချေးငှား အကူညီပေးဖို့ကိုလည်း ကမ်းလှမ်းခဲ့ပါတယ်။ အသေးစိတ်ကို ဦးစံမိုးေ၀ က စုစည်းတင်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဒီကနေ့ စတင်ကျင်းပတဲ့ ၅ ကြိမ်မြောက် မဟာမဲခေါင်ဒေသတွင်း ထိပ်သီးခေါင်းဆောင်များညီလာခံမှာ အရှေ့တောင်အာရှဒေသ နိုင်ငံငါးနိုင်ငံနဲ့ တရုတ်နိုင်ငံခေါင်းဆောင်တွေက ဒေသတွင်းမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ကြဖို့ ကတိပြုခဲ့ကြပါတယ်။

စုစုပေါင်း လူဦးရေသန်းပေါင်း ၃၀၀ ကျော်နေထိုင်တဲ့မဲခေါင်ဒေသဟာ ကမ္ဘာ့စီးပွားရေးမှာ အချက်အခြာကျတဲ့၊ အရေးပါတဲ့ကဏ္ဍမှာ ရှိနေတယ်လို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayuth Chan-ocha က ပြောပါတယ်။

“ကျနော်တို့နေထိုင်တဲ့ အရှေ့တောင်အာရှက မဟာမဲခေါင်ဒေသတွင်းနိုင်ငံတွေတည်ရှိရာအရပ်ဟာ ကမ္ဘာ့စီးပွားရေးအတွက် သက်ရောက်မှု ကြီးမားပြီး အရေးပါ အချက်အခြာကျတဲ့ ဒေသဖြစ်ပါတယ်။ အိမ်တဆောင်မှာ မီးဖိုခန်းတခုလိုပဲ ကမ္ဘာကြီးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဒေသဖြစ်ပါတယ်။ ဒီနေရာမှာ တူညီတဲ့ နေထိုင်မှုပုံစံ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာ၊ အာရှတိုက်ရဲ့ အမွေအနှစ်တွေ ရှိနေပါတယ်။ ကျနော်တို့ရဲ့ အေးချမ်းသာယာစွာ နေထိုင်ကြတဲ့သဘာဝကို မြင်တွေ့ဘူးချင်သူ နိုင်ငံခြားသားတွေအတွက် ကျနော်တို့ဒေသဟာ ဆွဲဆောင်မှု အပြည့် ရှိပါတယ်” - လို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားပါတယ်။

ဒီအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ၊ တရုတ်ဝန်ကြီးချုပ် Li Keqiang၊ ကမ္ဘောဒီယားဝန်ကြီးချုပ် Hun Sen၊ မြန်မာသမ္မတ ဦးသိန်းစိန်၊ လာအိုဝန်ကြီးချုပ် Thongsinf Thammavong၊ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung တို့ တက်ရောက်နေကြတာပါ။

တက်ရောက်သူတွေအားလုံးက ဒေသတွင်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၊ စွမ်းအင်ကဏ္ဍ၊ ကားလမ်း ရထားလမ်းအပါဝင် ဆက်သွယ်ရေး အခြေခံ အဆောက်အုံတွေ တည်ဆောက်ဖို့ စတာတွေပါဝင်တဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ သောင်းကျော် တန်ဖိုးရှိတဲ့ မဟာစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် အဆိုပြုခဲ့ကြပါတယ်။

တရုတ်နိုင်ငံကလည်း မဟာမဲခေါင်ဒေသတွင်း ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးအတွက် ပူးပေါင်းပါဝင်လုပ်ဆောင်ဖို့ ကတိပြုပါတယ်။

“တရုတ်နိုင်ငံဟာ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်မှာ မသွေဖြည်ဘဲ ဆက်လက်သွားနေမှာဖြစ်ကြောင်း ဒီနေရာမှာ ထပ်လောင်း အသိပေး ပြောကြားလိုပါတယ်။ ဒေသတွင်း တည်ငြိမ်မှုရှိရေး၊ ငြိမ်းချမ်းရေးဆက်လက်တည်တံ့နေဖို့အတွက် ကျနော်တို့က မဆုတ်မနစ် ဆက်လက် ကျိုးပမ်းမြင့်တင်ပေးနေမှာပါ။ အာဆီယံနိုင်ငံတွေအတွင်း အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်နေမှုတွေကို ကျနော်တို့က ထောက်ခံနေမှာ ဖြစ်သလို၊ တရုတ်နိုင်ငံရဲ့ သံတမန်ရေးရာ မူဝါဒမှာ အာဆီယံကို အရေးပါတဲ့ အခန်းကဏ္ဍမှာ ထည့်သွင်းထား” - ကြောင်း ဝန်ကြီးချုပ် Li က တရုတ်ဘာသာနဲ့ ပြောသွားပါတယ်။

တရုတ်ဝန်ကြီးချုပ် မစ္စတာ Li Keqiang ဟာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့ နောက်ပိုင်း ပထမဦးဆုံးလာရောက်တဲ့ နိုင်ငံတာအဆင့် အကြီးအကဲတယောက်လည်းဖြစ်ပါတယ်။

အခုညီလာခံအတွင်း ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာ၊ ထိုင်းနဲ့လာအိုနိုင်ငံတွေအတွက် အမေရိကန်ဒေါ်လာ သန်း သုံးထောင် ချေးငွေ ထုတ်ပေးမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့လ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံဒေသတွင်း ထိပ်သီး ညီလာခံမှာလည်း တရုတ်နိုင်ငံက ဒေသတွင်းဖွံ့ဖြိုးရေးအတွက်ဒေါ်လာသန်းပေါင်း ၂ သောင်း ထုတ်ချေးမယ်လို့ တရုတ်ဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့ပါတယ်။

အခုညီလာခံမှာ ကမ်းလှမ်းတဲ့ ချေးငွေဟာ နေပြည်တော်မှာ ကတိပြုခဲ့တဲ့ ငွေပမာဏထဲမှာပါဝင်သလား၊ ဒါမှမဟုတ် ကမ်းလှမ်းမှု အသစ်လား ဆိုတာကတော့ မသဲကွဲသေးဘဲဖြစ်နေဆဲရှိတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်ခင်ဗျား။

XS
SM
MD
LG