သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချေးငွေဆိုင်ရာ ဥရောပ သတ်မှတ်ချက်များ ဂရိလူထုပယ်ချ


ဥရောပခြိုးခြံချွေတာရေးအစီအစဉ်ကို ကန့်ကွက်သူတွေ အောင်ပွဲခံနေစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၅)
ဥရောပခြိုးခြံချွေတာရေးအစီအစဉ်ကို ကန့်ကွက်သူတွေ အောင်ပွဲခံနေစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၅)

ဂရိအစိုးရအနေနဲ့ ငွေကြေးအကူညီအသစ်ထပ်မံရရှိဖို့ အပြန်လှန်အနေနဲ့ ချမှတ်တဲ့ ပိုမို ခြိုးခြံချွေတာရေး အစီအစဉ်တွေကို လိုက်နာဖို့ ငွေချေးငှားသူတွေဘက်က တောင်းဆိုမှု အပေါ် ပြည်သူဆန္ဒခံယူပွဲပြုလုပ်ခဲ့ရာမှာ ဂရိမဲဆန္ဒရှင်တွေက မဲအပြတ်အသတ်ပေးပြီး ပယ်ချလိုက်ကြပါတယ်။

တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ပေးမဲတွေရဲ့ ၈၇% ရေတွက်ပြီးချိန်မှာ ကန့်ကွက်မဲအရေအတွက် ၆၀% ကျော် ရှိနေပါပြီ။ ဒါဟာ ခြိုးခြံ ချွေတာရေး အစီအစဉ်တွေကိုလက်မခံရင် ဥရောပငွေကြေးသုံးစွဲတဲ့ ၁၉-နိုင်ငံပါ Eurozone ကနေထွက်သွားရမယ့် အခြေအနေ ရောက်နိုင်တယ်ဆိုပြီး ဥရောပ ခေါင်းဆောင်တွေက သတိပေးထားတာကို ပယ်ချလိုက်ကြတာပဲဖြစ်ပါတယ်။

ကန့်ကွက်မဲပေးကြဖို့ တိုက်တွန်းထားတဲ့ ဝန်ကြီးချုပ် Alexis Tsipras ကတော့ မဲပေးပွဲပြီးချိန်မှာ ဒီကနေ့ဟာ ဒီမိုကရေစီအောင်ပွဲကို ကျနော်တို့ ဆင်နွှဲကြတဲ့နေ့ ဖြစ်တယ်လို့ ပြောဆို လိုက်ပါတယ်။

ညှိနှိုင်းရေးစားပွဲကို ပြန်သွားဖို့ ဂရိအစိုးရအနေနဲ့ အဆင်သင့်ရှိနေပါတယ်၊ နောက်ပြီး အခုလို ပြည်သူလူထုက အပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့်ကြောင့် ငွေချေးငှားသူတွေနဲ့ ပိုမိုကောင်းမွန်တဲ့ သဘောတူညီမှုရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာ သူ့အနေနဲ့ ပိုပြီး အားကောင်းစေပါတယ်လို့ မစ္စတာ Tsipras ကပြောပါတယ်။

အတိုက်အခံတွေကတော့ မစ္စတာTsipras ဟာ တိုင်းပြည်ကို ၁၉ နိုင်ငံပါဝင်တဲ့ ယူရိုငွေကြေးအသုံးပြုတဲ့ နိုင်ငံ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်မှုကို ထိခိုက်အောင်လုပ်နေတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲထည့်ကြဖို့ တိုက်တွန်းနှိုးဆော်ထားတဲ့ ဂရိအတိုက်ခံ New Democracy Party ခေါင်းဆောင် Antonis Samaras က သူ့အနေနဲ့ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။

ငွေချေးငှားသူတွေအနေနဲ့ သူတို့တောင်းဆိုထားတဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေကို ပြန်လည် ရုပ်သိမ်းပြီး ဂရိနိုင်ငံကို ငွေထပ်မံထုတ်ပေးဖို့ အတည်ပြုပေးနိုင်မလားဆိုတာကတော့ တော်တော် မရေရာတဲ့ကိစ္စဖြစ်နေပါတယ်။

ဂရိအစိုးရဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း IMF အဖွဲ့ကို ပြန်လည်ပေးဆပ်ဖို့ရှိတဲ့ အကြွေး ဒေါ်လာ ၁.၈ ဘီလီယံကို ပြန်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ ကန့်ကွက်မဲပေးခဲ့ကြတာဟာ ဂရိနိုင်ငံအနေနဲ့ ယူရိုငွေကြေးသုံးစွဲတဲ့ နိုင်ငံအသိုင်းအဝိုင်းက ထွက်ခွာလိုကြောင်းနဲ့ နိုင်ငံရေးအရ ဥရောပနဲ့ အဆက်ဖြတ်ချင်တာကို ပြသနေတာဖြစ်တယ်လို့ ဥရောပ ခေါင်းဆောင်တွေက ပြောကြပါတယ်။

XS
SM
MD
LG