သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသုံးစရိတ်ဖြတ်တောက်ရေး ဂရိပါလီမန်အတည်ပြု


ဂရိလွှတ်တော်ရှေ့မှ ၄၈ နာရီကြာ ဆန္ဒပြမှု မြင်ကွင်း (နိုဝင်ဘာ ၆ ရက်၊ ၂၀၁၂။)
ဂရိလွှတ်တော်ရှေ့မှ ၄၈ နာရီကြာ ဆန္ဒပြမှု မြင်ကွင်း (နိုဝင်ဘာ ၆ ရက်၊ ၂၀၁၂။)

ဂရိအစိုးရက ဥရောပသမဂ္ဂဆီက နောက်ထပ် အထောက်အပံ့တွေ ယူမယ်ဆိုရင် အသုံးစရိတ်တွေ ဖြတ်တောက်ရလိမ့်မယ်ဆိုတဲ့ အယူအဆကို ဂရိပြည်သူတွေက ဒေါသထွက်နေကြပါတယ်။

ဂရိနိုင်ငံမှာ အသုံးစရိတ် အကြီးအကျယ်လျှော့ပေါ့ရေးနဲ့ အကောက်ခွန် တိုးမြှင့်ရေးကိစ္စကို လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ အခုလို အသုံးစရိတ် လျှော့ချတဲ့အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ထောင်သောင်း ချီတဲ့ ဂရိနိုင်ငံသားတွေ မြို့တော် အေသင်ရဲ့ လမ်းမတွေမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီအသုံးစရိတ် လျှော့ချရေးအစီအစဉ်ကို လွှတ်တော်အမတ်တွေက ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ကျော်၊ ကြာသပတေးနေ့ မနက်အစောကြီးမှာ အတည်ပြုလိုက်ကြတာပါ။ ဒီ အစီအစဉ်သစ်မှာ အခွန်တချို့ တိုးမြှင့် ကောက်ခံရေး၊ ပင်စင်လစာနဲ့ အစိုးရထောက်ပံ့ကြေးတွေ အပါအဝင် အသုံးစရိတ် ကို နောက် ထပ် ဒေါ်လာသန်းပေါင်း ၁၇,၀၀၀ ဖြတ်ရေးတို့ ပါဝင်ပါတယ်။

ဂရိအစိုးရအနေနဲ့ ဥရောပသမဂ္ဂထံက ဒေါ်လာ သန်းထောင်ပေါင်းများစွာ နောက်ထပ် အကူအညီ အထောက်အပံ့ရရှိဖို့နဲ့ အစိုးရအနေနဲ့ ငွေပြတ်တောက်သွားမယ့် အခြေအနေတွေက ရှောင်လွှဲနိုင်ဖို့ ဒီအသုံးစရိတ်လျှော့ချရေးအစီအစဉ်ဟာ မလုပ်မဖြစ် လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။

ဒီအစီအစဉ်အတွက် လွှတ်တော်အတွင်း ဆွေးနွေးနေကြတဲ့အချိန်မှာပဲ ဂရိလူမျိုး ၈၀,၀၀၀ ကျော်က လွှတ်တော်အပြင်မှာ လုံထိန်းရဲတပ်ဖွဲ့တွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသမားတွေက မီးလောင် ဗုံးတွေနဲ့ ပစ်ခတ်ပြီး ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ အစိုးရအနေနဲ့ ဥရောပသမဂ္ဂထံကနေ နောက်ထပ် အထောက်အပံ့တွေ ရယူမယ်ဆိုရင် အသုံးစရိတ်တွေ ဖြတ်တောက် ရလိမ့်မယ်ဆိုတဲ့ အယူအဆကို ဂရိပြည်သူတွေက ဒေါသထွက်နေကြတာပါ။
XS
SM
MD
LG