သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆွယ်စည်းရုံးရေး နောက်ဆုံးနေ့ အခြေအနေ


ရန်ကုန်မြို့ သုဝဏ္ဏမြို့ဦးစေတီကွင်း ပြည်ခိုင်ဖြိုး မဲဆွယ်စည်းရုံးပွဲ။ (နိုဝင်ဘာ ၆၊ ၂၀၁၅)
ရန်ကုန်မြို့ သုဝဏ္ဏမြို့ဦးစေတီကွင်း ပြည်ခိုင်ဖြိုး မဲဆွယ်စည်းရုံးပွဲ။ (နိုဝင်ဘာ ၆၊ ၂၀၁၅)

နှစ်လနီးပါးကြာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု သတ်မှတ်ချိန် နောက်ဆုံးရက် မှာတော့ ထောင်ဂဏန်းရှိတဲ့ အာဏာရကြံ့ခိုင်ရေးပါတီကို ထောက်ခံသူတွေ ရန်ကုန်မြို့ သုဝဏ္ဏမြို့ဦးစေတီကွင်းမှာ ဒုတိယအကြိမ် စုဝေးခဲ့ကြသလိုပဲ၊ အခြားနိုင်ငံရေး ပါတီတွေကလည်း သူတို့ရဲ့ မဲဆွယ်စည်းရုံးမှုတွေ အဆုံးသတ်နေပြီဖြစ်ပါတယ်။ ရန်ကုန်မြို့ပေါ်က ဒီအခြေအနေတွေကို ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေဟာ အခု နှစ်လနီးပါးကြာ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ကြပြီး ဒီကနေ့မှာ စည်းရုံးလှူပ်ရှားမှုတွေကို အဆုံးသတ်ဖို့ ပြင်ဆင်နေကြပါပြီ။ သတ်မှတ်ချိန်အရဆိုရင် အခု နိုဝင်ဘာလ ၆ ရက် သောကြာနေ့ညသန်းခေါင်း ၁၂ နာရီ တိတိမှာ မဲဆွယ်စည်းရုံးမှုတွေ အားလုံး အဆုံးသတ်ရမှာဖြစ်ပါတယ်။

အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့ရဲ့ မဲဆွယ်စည်းရုံးမှု အားလုံးကို တရက်စောပြီး နိုဝင်ဘာလ ၅ ရက်နေ့ ညသန်းခေါင်က စပြီး အဆုံးသတ်ခဲ့တာပါ။ ဒီလို အဆုံးသတ်တာနဲ့ အတူပဲ မော်တော်ယာဉ်တွေ ဆိုင်တွေ ပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ တဆိပ် စည်းရုံးရေး လံှူ့ဆော်စာတွေ ပြန်သိမ်း၊ ပြန်ခွာတဲ့ လှူပ်ရှားမှုကိုလည်း မနေ့ညကတည်းက လုပ်ခဲ့ကြပါတယ်။

ဒါကြောင့် မဲဆွယ်စည်းရုံး သတ်မှတ်ချိန် နောက်ဆုံးရက် ဒီကနေ့မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံ တံဆိပ်တွေကို အရင်လို လမ်းတွေပေါ်မှာ သိပ် မတွေ့ရတော့ပါဘူး။ ဒါ့အပြင် မဲပေးမယ့်ရက်မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံတံဆိပ် တွေကို မဲရုံတွင်း ဝင်ရောက်ချိန် မတပ်ဆင်ကြဖို့ ညွှန်ကြားထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဝင်းထိန်က ဗွီအိုအေကို ပြောပါတယ်။

"အခုဟာက ကျနော်တို့ ၁၉၉၀ ခုနှစ် အတွေ့အကြုံအရဆိုရင် ရွေးကောက်ပွဲ မဝင်ခင်မှာ ကန့်သတ်ခံရတာတမျိုး၊ ရွေးကောက်ပွဲနီးရင် ရန်ရှာခံရတာက တမျိုး အဲ့နှစ်မျိုးကြောင့် ဒီလိုအချက်လေးတွေ အသေးစိတ် အချက်လေးတွေကို လက်ညိုးထိုး အပြစ်ရှာပြီး ကျနော်တို့ရဲ့ Candidate ကို disqualified အပယ်ခံရမှာစိုးလို့ ကြိုတင်ပြီးတော့ စည်းကမ်းသတ်မှတ်ထားတာ။"

မဲဆွယ်စည်းရုံးမှူကာလအတွင်း အပြိုင်အဆိုင်နဲ့ အကြိမ်အများဆုံး လူထု စည်းဝေးပွဲတွေ လုပ်ခဲ့ကြတာကတော့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ တို့ဖြစ်ကြပါတယ်။

အာဏာရပါတီကို ထောက်ခံသူ ထောင်ဂဏန်းဟာ ရန်ကုန်နေရာအသီးသီးကနေ အခု လူထုစည်းဝေးပွဲ ကျင်းပရာနေရာကို အလံတွေထူထားတဲ့ ကားအသီးသီး ဒီကနေ့ညနေပိုင်း စုဝေးရောက်ရှိခဲ့ပါတယ်။ ဒီလူအများစုဟာ ရန်ကုန်နယ်ဖက်က လူတွေ ဖြစ်ပုံရတယ်လို့ ရန်ကုန်ဒေသခံတွေက ပြောပါတယ်။

ဒီကွင်းမှာပဲ နိုဝင်ဘာလ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရာမှာ လူထုသောင်းနဲ့ချီ တတ်ရောက်ခဲ့တာမို့ တကွင်းလုံး နီသွားခဲ့တယ်လို့ သတင်းတွေမှာ တင်စား ရေးသားခံ ခဲ့ရပါတယ်။

ဒါကြောင့် အခု ဒီကွင်းမှာပဲ သူတို့အနေနဲ့ ပထမအကြိမ် လုပ်ပြီးသွားပေမယ့်၊ သူတို့ကိုထောက်ခံသူရှိတဲ့ အင်အားကို ပြသဖို့ အခုလို ဒုတိယအကြိမ် ဒီနေရာမှာ ထပ်လုပ်တာဖြစ်တယ်လို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး လွှွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်သန်း က ပြောပါတယ်။

ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်စည်းရုံးမှူတွေမှာ တတ်ရောက်လာသူတွေ ကို ငွေပေး စည်းရုံးတယ်လို့ စွပ်စွဲခံရမှူတွေ အတော်လေး ကျယ်ပြန့်တဲ့ သတင်းဖြစ်နေတာပါ။ ဒါပေမယ့် ဦးစိုးမြင့်သန်းကတော့ သူတို့အနေ နဲ့ ငွေကြေးပေး ခေါ်ယူတာမျိုး မရှိပါဘူးလို့ ငြင်းပါတယ်။

" ကျနော်တို့က တစုံတရာပေးပြီးတော့ မဲဆွယ်စည်းရုံးတာတော့ မရှိပါဘူး။ တစုံတရာ ပေးတယ်ဆိုတဲ့နေရာမှာ သူတို့လာတဲ့နေရာမှာ ခရီးစားရိတ်နဲ့ ကားစားရိတ် ပေးတာပဲ ရှိမှာပါ။ ဒါပေမဲ့ အဲ့တာ သူတို့ဘာသာသူတို့ ဝယ်စားလည်းပဲ ရပါတယ်။ ဒါက လာတဲ့အတွက် သူတို့အတွက် တချို့နေရာတွေဆိုရင် တိုင်းနဲ့ပြည်နယ်က လာရတာ ဟို တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ တချို့ကျေးရွာတွေက လာရတာ ရှိပါတယ်။ သူတို့လာရတဲ့ ကားစားရိတ်တွေ ဘာတွေ ရှိမှာပါ။ ဒါပေမဲ့ သူတို့ဘာသာ သူတို့ လာတဲ့ဟာတွေလည်း ရှိပါတယ်။ လူတိုင်းတော့ မယူပါဘူး။ "

မဲဆွယ်စည်းရုံးမှု ကာလအတွင်းမှာ မရိုးသားမှူတွေ ရှိခဲ့ပြီး၊ ရွေးကောက်ပွဲကော်မရှင် က ချမှတ်ထားတဲ့စည်းမျဉ်းတွေ ချိုးဖောက်မှုရှိတဲ့အပေါ်မှာ အန်အယ်လ်ဒီ အနေနဲ့ ကော်မရှင်ကို တိုင်ကြားထားတာတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။ ဒါပေမယ့် ကော်မရှင်ဖက်က ဒါကိုအရေးယူကိုင်တွယ်မှုမရှိဘူးလို့ သူမက ဝေဖန်ခဲ့ပါတယ်။

အထူးသဖြင့် သမ္မတဦးသိန်းစိန်ရဲ့ အခု နိုင်ငံတွင်း လှည်လည်တဲ့ ခရီးစဉ် တလျှောက်ဟာ ပါတီစည်းရုံးရေး သဘောဖြစ်နေတယ်လို့ အန်အယ်လ်ဒီ က ထောက်ပြခဲ့တာပါ။ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတွင်းလှည့်လည်တဲ့ ခရီးစဉ်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေက အလံတွေနဲ့ ကြိုဆိုခဲ့ကြတာကြောင့် ဒါဟာ ပါတီမဲဆွယ်စည်းရုံးမှု သဘောဖြစ်နေတယ်လို့ ဝေဖန်ကြတာပါ။ ဒါ့အြ့ပင် သမ္မတ ဦးသိန်းစိန်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိူင်ကိုယ်တိုင် ဒီခရီးစဉ်တွေမှာ ပါဝင်နေတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေရှိပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီကနေ့ညမှာတော့ ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်း တရပ်ပြောဆိုဖို့ရှိနေပါတယ်။

မဲဆွယ်စည်းရုံးမှူတွေကို ရွေးကောက်ပွဲမတိုင်ခင် တရက်ကြိုပြီး အဆုံးသတ်စေ တာဟာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲပေးနိုင်ဖို့ အေးအေးဆေးဆေး စဉ်းစားချိန် ရအောင် စဉ်းစားပေးမှုဖြစ်တယ်လို့ ကော်မရှင်က ပြောထားပါတယ်။ ဒါကြောင့် မနက်ဖြန် နိုဝင်ဘာ ၇ ရက်နေ့ကတော့ ရန်ကုန်တမြို့လုံးမှာ အရင်နေ့တွေလို မဟုတ်တော့ပဲ မဲဆွယ်စည်းရုံးမှုတွေ တိတ်ဆိတ် ပြီး အေးအေးလူလူ ရွေးကောက်ပွဲ ကို ကြိုဆိုရမယ့်နေ့ လို့ ပြောရမှာဖြစ်ပါတယ်။

XS
SM
MD
LG