သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧည့်စာရင်းတိုင်ရတဲ့ကိစ္စ ပယ်ဖျက်ဖို့ ဥပဒေမူကြမ်း တင်ထား


နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေသော ရန်ကုန်မြို့ခံများ။ ဇန်နဝါရီ ၀၁၊ ၂၀၁၃။ ဓါတ်ပုံ - (EPA/LYNN BO BO)
နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေသော ရန်ကုန်မြို့ခံများ။ ဇန်နဝါရီ ၀၁၊ ၂၀၁၃။ ဓါတ်ပုံ - (EPA/LYNN BO BO)

မြန်မာနိုင်ငံမှာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ဧည့်စာရင်းတိုင်ကြားရတာကို ပယ်ဖျက်ပစ်မယ့် ဥပဒေကြမ်းတခုကို လွှတ်တော်မှာ စတင်ပြင်ဆင်နေပါပြီ။ ညဉ့်နက်သန်းခေါင် ဧည့်စာရင်းဝင်အစစ်ခံရမယ့်အရေးကနေပြီးတော့ ကင်းဝေးတော့မယ့် ဒီဥပဒေကြမ်းကို အမြင်သဘောထားတွေကတော့ ကွဲလွဲကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်း ထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေ တတိယအကြိမ်ပြင်ဆင်ရေး ဥပဒေကြမ်းကို ဆွေးနွေးဖို့အတွက် အမျိုးသားလွှတ်တော်မှာ မေလ ၆ ရက်နေ့က အဆိုတင်သွင်းလိုက်ပါတယ်။ ဧည့်စာရင်းတိုင်ကြားတာနဲ့ ပတ်သက်တဲ့ ဥပဒေပုဒ်မတွေအပါအဝင် ဒီရပ်/ကျေးဥပဒေပြင်ဆင်ဖို့နဲ့ ပတ်သက်ပြီး တင်သွင်းခဲ့တဲ့အဆိုကို ကန့်ကွက်မဲမရှိ သဘောတူခဲ့ကြပြီး၊ ဒီအဆိုကို တင်သွင်းခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၆ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက အခုလို ပြောပါတယ်။

”ဒါ တတိယအကြိမ် ဒါကို ပြန် ပြင်ဆင်တဲ့ အဆိုကို တင်တာ။ အဓိက ကတော့ဗျာ။ ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့ ကိုက်ညီပြီးတော့ အုပ်ချုပ်ရေးမှုးတွေကို ရွေးခြယ်နိုင်ဖို့ ရယ်။ အများပြည်သူရဲ့ သဘောဆန္ဒကို ထင်ဟပ်စေပြီးတော့ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နိုင်ဖို့ ရယ်၊ နောက်ပြီးတော့ အဂတိ လိုက်စား မှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ မဖြစ်ဖို့ ရယ်၊ ပြည်သူ့ သဘောထားဆန္ဒကို ထင်ဟပ်စေဖို့ အတွက်ရယ် ကျွန်တော်တို့ ဒီ ပြင်ဆင်ချက် အဆိုကို ပြန်ပြီးတော့ တင်တာပါ။ ”

ရပ်/ကျေးဥပဒေကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းအတွင်းမှာ ၂ ကြိမ်ပြင်ဆင်ခဲ့ပြီး၊ အခုတကြိမ်က တတိယအကြိမ် ပြင်ဆင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခုတခါ တတိယအကြိမ် ပြင်ဆင်ဖို့ လုပ်နေတာမှာ အရင်က ပြင်ဆင်မှုတွေနဲ့ ဘယ်လိုကွာခြားမှုတွေ ရှိနိုင်မလဲဆိုတဲ့ အပေါ်မှာ ဦးမင်းဦးက အခုလို ပြောပါတယ်။

”ကွာပါမယ် ခင်ဗျ။ ဧည့်ဟာရင်းလို ဟာမျိုး ထူးထူးခြားခြား ကွာသွားနိုင်ပါမယ် ခင်ဗျ။ နောက်တခါ ရွေးခြယ်ပုံ တင်မြှောက်ပုံ စနစ်တွေ ကွာသွားနိုင်ပါတယ် ခင်ဗျ။ နောက်ပြီးတော့ အသက် ကန့်သတ်မှုတွေ၊ ပညာအရည်အချင်း ကန့်သတ်မှုတွေ အဲဒါမျိုးလေးတွေ ကွာသွားနိုင်ပါတယ် ခင်ဗျ။”

ဆိုတော့ ရပ်ကျေးဥပဒေပြင်ဆင်မှုအပေါ်မှာ ပြည်သူတွေရဲ့ သဘောထားတွေကရော ဘယ်လိုပါလဲ။ ၈၈ မျိုးဆက်အဖွဲ့က လူထုဆက်ဆံရေး ဒုတိယ တာဝန်ခံ ကိုဉာဏ်လင်းကတော့ ဒီဥပဒေဟာ အင်္ဂလိပ်လက်ထက်ကစပြီး၊ စစ်အစိုးရ ကာလတလျှောက်လုံး နိုင်ငံရေးသမားတွေကို ဒီဥပဒေကို အသုံးပြုပြီး နှိပ်ကွပ်ခဲ့တဲ့အတွက် ပြင်သင့်တယ်လို့ ပြောပါတယ်။

“ဒီရပ်ကျေး ဥပဒေ ပြင်ဆင်တယ် ဆိုတာကတော့ တကယ် ကောင်းတဲ့ ကိစ္စပါ။ ဧည့်စာရင်းမတိုင်ရတော့တာ အင်မတန် ကောင်းတဲ့ အချက်ပါ။ ဒီရပ်ကျေးဥပဒေဟ အင်္ဂလိပ် အစိုးရက နယ်ချဲ့ ခေတ်ဦးမှာ ဗမာ တော်လှန်ရေးသမားတွေကို နှိပ်ကွပ်ဖို့ ချုပ်ထားတဲ့ ဥပဒေပါ။ ကျွန်တော်တို့လည်း အဲဒီ အခက်အခဲတွေ တောက်လျှောက် ကြုံခဲ့တယ်။ စစ်အစိုးရလက်ထက်မှာ ကျောင်းသားလှုပ်ရှားမှုတွေ မြေအောက် တစ်ပိုင်း လုပ်ရတဲ့အခါ ကျွန်တော်တို့ကို လက်ခံချင်တဲ့ အိမ် အရမ်းရှားသွားတယ်။ သတ္တိ ကောင်းတဲ့ အိမ်တွေလောက်ပဲ လက်ခံရဲတယ်။ ဧည့်စာရင်းနဲ့ ထောင်တွေ ကျကြတယ်။ ကျွန်တော်တို့ ဆို ထောင်ထဲမှာ တွေ့ဘူးတယ်။ ဥပမာ ဗျာ ၁၀ ဒီဇင်ဘာမှာ ထောင် ကျသွားတဲ့ ကိုထင်ကျော်ဦး ဆိုရင် သူတို့ ဧည့်စာရင်း သွားတိုင်တယ်။ ဧည့်စာရင်း မှတ်တမ်းနဲ့ သူ့ကို ပြန်လိုက်ဖမ်းတယ်။ နောက် တချို့ဆို ထောင်ထဲမှာ ဧည့်စာရင်းနဲ့ တလလောက် ကျလာတယ်။ နောက်ရဲဘက်စခန်း ရောက်သွားတယ်။ နောက်ပြီး တော့ ပေါ်တာတွေ ဘာတွေ သွားပြီး သေသွားတဲ့ သူတွေ တွေ့ဖူးတယ်ဗျ။ ဒါက ရာဇဝတ်မှုလည်း မဟုတ်ပဲနဲ့ နိုင်ငံသား တစ်ယောက်အနေနဲ့ အများကြီး နစ်နာဆုံးရှံးရတဲ့ အချက်ပေါ့နော်။ ဒါကို ခု ပြုပြင်ဖို့ ဧည့်စာရင်းမတိုင်ဖို့ ရပ်ကျေးဥပဒေမှာ ထည့်သွင်းတာဟာ အင်မတန် သဘာ၀ ကျတဲ့ ကိစ္စပါ။”

နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ခွင့်ရှိသူတစ်ယောက်အနေနဲ့ နိုင်ငံတွင်းမှာလွတ်လပ်စွာ သွားလာပိုင်ခွင့်ရှိတယ်ဆိုပေမယ့်လည်း ၊ တဘက်မှာလည်း ရာဇတ်ဝတ်မှုကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူတွေကို ဧည့်စာရင်းတိုင်ကြားတာတွေတော့ ရှိသင့်တယ်လို့ ပြည်မြို့က ကိုနေဇာက မြင်ပါတယ်။

“မြန်မာနိုင်ငံအတွင်းထဲမှာ နေတဲ့သူက မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်လို့ ရှိရင် ဘယ်နေရာမဆို သွားလာခွင့်တော့ ရှိတာပေါ့။ တချို့က ရာဇဝတ်မှုတွေ ဘာတွေနဲ့ လာတဲ့သူတွေရှိတော့ ဧည့်စာရင်းက အုပ်ချုပ်ရေးမှုးဆီကို ဧည့်စာရင်းကတော့ သွားကို ပြောရမှာပဲလေ။ ”

ရန်ကုန်မြို့က ကိုဟန်ထူးခန့်ပိုင်ကတော့ - ဧည့်စာရင်းတိုင်ကြားရတဲ့ ဥပဒေရဲ့ ရည်ရွယ်ချက်ကို မကြိုက်သလို၊ ဒါက နိုင်ငံသားတစ်ယောက်ရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကိုချိုးဖောက်တယ်လို့ မြင်တယ်ဆိုပြီး ပြောပါတယ်။

“ ဒီ ဧည့်စာရင်းတိုင်တာကို ဘယ်လို မြင်လဲလို့ ပြောရရင် ဒါက privacy ကို ချိုးဖောက်တယ်။ ဧည့်စာရင်းတိုင်တဲ့ ဥပဒေရဲ့ ရည်ရွယ်ချက်ကလဲ ဘယ်မှာ ဘယ်သူရောက်နေလဲ။ဘယ်မှာ ဘယ်သူ ရောက်နေလဲ အဲဒါအကုန် သူတို့သိဖို့။ အမှန်က သိစရာအကြောင်းမရှိဘူးဗျ။ လူတစ်ယောက်က သူကြိုက်တဲ့နေရာ သွားခွင့်ရှိတယ်။ ဘာလုပ်ခွင့်ရှိတယ် ညာလုပ်ခွင့်ရှိတယ်။ တရားဥပဒေ မချိုးဖောက်သရွေ့။ ချိုးဖောက်ရင်တော့ သူတို့ regulation အတိုင်းပေါ့။ ကျွန်တော်ကတော့ minimum State ပုံစံပဲ ကြိုက်တယ်ဗျ။ တတ်နိုင်သမျှ အစိုးရကို အသေးဆုံး ထားချင်တယ်။ ပြည်သူတွေ မနိုင်တဲ့ ကိစ္စကို သူတို့ကို ငှားထားတဲ့ ပုံစံမျိုး ပဲဖြစ်စေချင်တယ်။ သိပ်ပြီးတော့ လက်တံ ရှည်လာတာမျိုး မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ တစ်ဦး တစ်ယောက်ချင်းရဲ့ privacy ကို အလေးထားတယ် ခင်ဗျ။ အဲဒါကြောင့်ပါ။ ”

လက်ရှိ ရပ်ကျေးဥပဒေအရတော့ နိုင်ငံသားတစ်ယောက်ဟာ မိမိရဲ့နေအိမ်မှာမဟုတ်ပဲ တခြားသူတဦးဦးရဲ့ နေအိမ်မှာသွားရောက်နေထိုင်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်ကိုရယူဖို့လိုအပ်ပြီး၊ တကယ်လို့ပျက်ကွက်ခဲ့တယ်ဆိုရင် အရေးယူခံရမယ်လို့ ပြဌာန်းထားပါတယ်ခင်ဗျာ။

XS
SM
MD
LG