သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြည်တွင်း လက်နက်ထိန်းချုပ်ရေး


ဝါရှင်တန်ဒီစီက လက်နက်ဆန့်ကျင်ရေးဆန္ဒပြပွဲ
ဝါရှင်တန်ဒီစီက လက်နက်ဆန့်ကျင်ရေးဆန္ဒပြပွဲ
ဒီဇင်ဘာ ၁၄ရက် သောကြာနေ့က Connecticut ပြည်နယ် Newtown မြို့ကလေးက Sandy Hook မူလတန်းကျောင်းမှာ မူလတန်း ကျောင်းသားကျောင်းသူလေး ၂၀နဲ့ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာမ ၆ဦးကိုသေဆုံးစေခဲ့တဲ့ သေနတ်ပစ်ခတ်မှုဟာ အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး ကြေကွဲဖွယ်ဖြစ်ရပ် တခုဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် အမေရိကန်နိုင်ငံ မှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးဆိုင်ရာ အခြေအတင် ဆွေးနွေးမှုတွေ တကျော့ပြန် တွေ့လာခဲ့ရပါတယ်။ ဒီလို အခြေအတင် ဆွေးနွေးမှု လုပ်သူတွေရှိနေသလို တချိန်မှာပဲ မေရီလန်းပြည်နယ် Baltimore မြို့မှာတော့ သေနတ်အစား တခြားပစ္စည်းတွေ ဝယ်ယူဖို့ အလဲအလှယ်လုပ်တဲ့ အစီအစဉ် အတွက် တက်တက်ကြွကြွ ပါဝင်သူတွေက သူတို့ရဲ့ သေနတ်တွေကို လာအပ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က ပြောပြပေးထားပါတယ်။

အမေရိကန်နိုင်ငံမှာ အခုလို ဝမ်းနဲကြေကွဲဖွယ် လူအများအပြား တပြိုင်ထဲ သေဆုံးမှု တခုကြုံလာတိုင်း နိုင်ငံသားတွေအတွက် ခွင့်ပြုထားတဲ့ သေနတ်ကိုင်ဆောင်ခွင်ဆိုင်ရာ ပိုပြီးတင်းကြပ်တဲ့ ဥပဒေတွေ ထုတ်ပြန်ပြီး ထိန်းချုပ်လိုက်ရင် ဒီလိုသေနတ်နဲ့ ပစ်ခတ်မှုတွေ ပိုလျော့ပါးသွားလေမလားလို့ မေးခွန်းတွေ ထုတ်တတ်ကြပါတယ်။ ဒါပေမယ့် အဖြေကတော့ မရှိသေးပါဘူး။

အခုဖြစ်ပွါးခဲ့သလိုမျိုး သေနတ်နဲ့ ပစ်ခတ်သေဆုံးရမှု ဖြစ်ရပ်ဆိုးတွေ ဖြစ်ပွါးနေပေ မယ့် သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကိုတိုးပြီး တင်းကြပ်ဖို့ လက်မခံသူ တွေဘက်က အနိုင်ရသွားတာ များပါတယ်။ အမေရိကန်နိုင်ငံမှာ အိမ်ထောင်စုအားလုံးပေါင်းရဲ့ သုံးပုံတပုံမှာ သေနတ်ပိုင်ဆိုင်သလို အစိုးရပိုင်းမှာဆိုရင်လည်း ထပ်တင်းကြပ်ဖို့ အဆိုပြုလိုက်တိုင်း သံသယတွေနဲ့ပဲ သံသရာလည်နေတာပါ။

သေနတ်ကိုင်ဆောင်ခွင့်ပြုထားတာဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ ဖြစ်ပြီး ဒါဟာ အခြေခံ ရပိုင်ခွင့်ဖြစ်နေတယ်လို့ သေနတ်ကိုင်ဆောင်ခွင့် လိုလားသူတွေက ဥပဒေ ကိုထောက်ပြ ငြင်းဆိုကြပါတယ်။

Neil Kravitz ဟာ မေရီလန်ပြည်နယ်က လိုင်စင်ရ သေနတ်နဲ့ ကျည်ဆံ အရောင်းအဝယ်လုပ်သူတဦးပါ။

" အခုလိုပစ်ခတ်မှုဖြစ်ခဲ့ရတာဟာ အတော့်ကို ကြေကွဲဖို့ ကောင်းပါတယ်။ ဒီအမှုမှာ ဆိုရင် စိတ်မနှံ့သူတယောက်ရဲ့ လက်ထဲ သူ့အမေရဲ့ သေနတ်တွေ ရောက်သွားပြီး အခုလို သူများတွေကို လျှောက်ပစ်သတ်တဲ့ ဆိုးဝါးတဲ့ ရာဇဝတ်မှုဖြစ်ခဲ့သလို ဒါက ကိုယ့်ကိုယ်ပိုင် သေနတ်အတွက် ကိုယ်တာဝန်ယူတဲ့ ကျွန်တော့်လိုလူနဲ့ သက်ဆိုင်တယ်လို့ ပြောလို့ မရပါဘူး။"

ဒီကိစ္စမှာ ပြဿနာ အရင်းခံက လူတဦးတယောက်ရဲ့ တာဝန်ခံနိုင်မှု က အဓိကလို့ သူက ယုံကြည်ပါတယ်။ သေနတ်ဆိုတဲ့ အရာကို မော်တော်ကားလို အသုံးတည့်တဲ့ အရာတခုအဖြစ် သူကသတ်မှတ်ပြီး တာဝန်ခံနိုင်မှု မရှိတဲ့ လူရဲ့ လက်ထဲရောက်သွားရင် သေစေနိုင်တဲ့ လက်နက်တခု ဖြစ်သွားနိုင်တယ်လို့ သူက ခံယူပါတယ်။

ဒါပေမယ့် Connecticut ပြည်နယ် အထက်လွှတ်တော် အမတ် Chris Dodd ကတော့ အခုလို လူတဦးတယောက်ရဲ့ တာဝန်ခံနိုင်မှု ပေါ်မူတည်ပြီး ကာလကြာရှည်စွာ ချမှတ်ခဲ့တဲ့ ဥပဒေတွေကနေ အမေရိကန် ကလေးငယ်တွေရဲ့ အသက်ကို ကာကွယ်နိုင်လောက်တဲ့ အနေအထား ရှိမရှိ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီနေရာမှာ တာဝန်ကို အားလုံးက စုပေါင်းပြီး ယူကြဖို့ပါ။

“ဒီကနေ့ အမေရိကန်နိုင်ငံမှာ နိုင်ငံသားတွေဟာ နေ့တိုင်း အန္တရာယ်ကြားမှာ သွားလာနေကြရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျည်ဆံအပြည့်နဲ့ သေနတ်တွေသယ်ပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်တွေရနေလို့ဆိုတာကို တွေးမိတော့ ကျွန်တော်အတော့်ကို လန့်သွားပါတယ်။"

တချိန်ထဲမှာပဲ စနေနေ့က Maryland ပြည်နယ် Baltimore မြို့က ကုန်တိုက်ကြီးထဲမှာ မြို့နယ်အာဏာပိုင်တွေပါ ပါဝင်ဆောင်ရွက်တဲ့ သေနတ်နဲ့ တခြားပစ္စည်းလဲလှယ်ရေး အစီအစဉ် ကျင်းပခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်လှုပ်ရှား လာသူ အများအပြားရှိပါတယ်။ ကိုယ်ပိုင်အဖြစ် မှတ်ပုံတင်ထားတဲ့သေနတ် ဒါမှမဟုတ် မှတ်ပုံတင်မရှိတဲ့ သေနတ်တွေကို ဒေသခံ တွေက ရဲတွေကိုအပ်ကြသလို သေနတ်လာအပ် သူတွေကို ရဲတွေက ဒေါ်လာတရာတန် ပစ္စည်းဝယ်ခွင့် လက်မှတ်တွေ ထုတ်ပေးပါတယ်။

"အခုလာပြီးအပ်တဲ့သေနတ်တွေ အားလုံးကို ကျွန်တော်တို့က မီးရှို့ဖျက်ဆီးဖို့ အစီအစဉ်ရှိပါတယ်။ Connecticut မှာ ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှှုက သိပ်ကိုကြောက်စရာကောင်းပါတယ်။ ဒါမျိုး ထပ်ပြီး ဖြစ်တာမမြင်ချင်တော့ ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ဒီ Baltimore မြို့မှာမဖြစ်စေချင်တာပါ။"

ရာသီဥတုက သိပ်ကို အေးနေပေမယ့် ဘယ်လ်တီမိုး မြို့ခံတွေဟာ စိတ်ရှည်လက်ရှည် တန်းစီပြီး သေနတ်တွေ အပ်နေကြပါတယ်။

"အခုလို လုပ်တာဟာ ကလေးတွေရှိတဲ့ အိမ်တွေမှာ ရှိနေတဲ့ သေနတ်တွေကို ဖယ်ပစ်ဖို့ အကောင်းဆုံး လုပ်ရပ်လို့ ကျမထင်ပါတယ်။ ကလေးရှိတဲ့ နေရာမှာ သေနတ် အနီးအနားမှာ ရှိနေတာမျိုးဟာ ဘယ်တော့မှ မကောင်းဘူး ဆိုတာ ကျမတို့ အားလုံး သိနေတာပဲလေ"

စနေနေ့ တနေ့ထဲမှာတင် သေနတ် အလက်ပေါင်း ၅၀၀ လောက် လာပြီး အပ်နှံခဲ့ကြတာပါ။
ဒီအစီအစဉ်ကို လုပ်ဖို့ ကမကထလုပ်တဲ့ သူကတော့ တခြား မြို့တွေမှာလည်း အလားတူ လုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ Connecticut က ဖြစ်ရပ်ကို လက်တွေ့ မြင်ခဲ့ရတဲ့ ဒေသခံတွေ ကတော့ အမေရိကန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်မှုကို ထိမ်းချုပ်ဖို့ လိုနေပြီ လို့ပြောဆိုကြသလို ဒီလိုဖြစ်ရပ်ဆိုး မဖြစ်သင့်ပဲ ဖြစ်ပွါးခဲ့ရတာအတွက် ဒေါ်သထွက်နေကြပါတယ်။
XS
SM
MD
LG