သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှံ့ဖုံးတဲ့ ဟားခါးလေး ကျေးရွာ နေရာသစ်ပြောင်းပေးဖို့ စီစဉ်


ရွှံ့ဖုံးလွှမ်းသွားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းက ဟားခါးလေးကျေးရွာ။
ရွှံ့ဖုံးလွှမ်းသွားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းက ဟားခါးလေးကျေးရွာ။

တရွာလုံး ရွှံ့နွံတွေဖုံးလွှမ်းသွားတဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်က ဟားခါးလေးကျေးရွာကို နေရာသစ် ပြောင်းရွှေ့ဖို့အတွက် ချင်းပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်နေပြီး လောလောဆယ်မှာ သောက်သုံးရေနဲ့ အိမ်သာတွေ လိုအပ်နေကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူတဦးက ပြောပါတယ်။ ချင်းပြည်နယ်အတွင်းက ပြန်လည်ထူထောင်ရေး လုပ်ငန်း အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ချင်းပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကစပြီးမိုးသည်းထန်ခဲ့တာကြောင့် မြေပြိုပြီး လမ်း၊ တံတားတွေ ပျက်စီးခဲ့ရသလို နေအိမ်တွေလည်း ပြိုကျပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ တွန်းဇံမြို့နယ်အတွင်းမှာ တောင်ကျချောင်းရေနဲ့အတူ ရွှံ့နွံတွေ မျောပါလာတာကြောင့် ဟားခါးလေး ကျေးရွာဟာ တရွာလုံးလို ရွှံ့နွံတွေ ဖုံးလွှမ်းသွားခဲ့တာဖြစ်ပါတယ်။ လောလောဆယ် ဟားခါးလေးရွာသားတွေဟာ ကယ်ဆယ်ရေးစခန်းမှာ ပြောင်းရွှေ့ နေထိုင်နေကြရပြီး သူတို့ကို နေရာသစ်မှာ ပြောင်းရွှေ့ပေးဖို့ စီစဉ်နေကြောင်း ချင်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန်က ပြောပါတယ်။

ရွှံ့ဖုံးလွှမ်းသွားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းက ဟားခါးလေးကျေးရွာ။
ရွှံ့ဖုံးလွှမ်းသွားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းက ဟားခါးလေးကျေးရွာ။

“သူတို့နေချင်တဲ့နေရာကို သူတို့ကို ဆွေးနွေးပြီးတော့ နေရာချပေးနေတယ်။ ချပေးတဲ့ဥစ္စာကို အစိုးရအဖွဲ့ဆီတင်လာမယ်။ တင်လာတာနဲ့ ကျနော်တို့က ဆောင်ရွက်ပေးမယ်။ …နေတဲ့ ဒေသတလျှောက်က သစ်တောမြေတွေဖြစ်နေတော့လေ- အဲဒါကို သူတို့အောက်ခြေကနေ ဘယ်နေရာချပေးမယ်ဆိုတာ၊ နေချင်တယ်ဆိုတာ သူတို့ဆွေးနွေးတာနဲ့ တက်လာရင် ကျနော်တို့က သက်ဆိုင်ရာကို တင်ပြပေးမှာပေါ့နော်။”

သောကြာနေ့ မနက် ၃ နာရီလောက်မှာ မိုးများပြီး တောင်ကျရေစီးဆင်းတာကြောင့် တွီခိန်ဇန်ရွာ အထက်က တောင်ပေါ်ရေကန်ကျိုးပေါက်ပြီး ဟားခါးလေးကျေးရွာအတွင်းကို ရေတွေ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလို ရေတွေဝင်ရောက်ခဲ့တာကြောင့် ဟားခါးလေးရွာမှာ နေအိမ် ၅၉ လုံး ရေစီးနဲ့ မျောပါခဲ့ပြီး လူ ၃၀၀ လောက်ဟာ နန်ကျင်းဆောင်းရွာအနီးက ကယ်ဆယ်ရေးစခန်းကို ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။

ဒီလို ရေလွှမ်းချိန်မှာ ကျွဲနွားတွေနဲ့အတူ အိမ်မွေးတိရိစ္ဆာန်အတော်များများ သေဆုံးရတယ်လို့လည်း ဒေသခံ ရွာသားတဦးက ပြောပါတယ်။

“လူကတော့ တယောက်မှတော့ မျိုသွားတာတို့၊ သေသွားတာတို့ မရှိဘူးပေါ့ဗျာ။ ဒါပေမယ့်လို့ နွားကတော့ အကောင်တရာလောက်မှာ ၅၀ လောက်တော့ ရတယ်။ ကျန်တဲ့ဟာတော့ သေတဲ့ဟာလည်းသေတယ်။ မသေတဲ့ဟာလည်းမသေဘူး။ တကောင်တလေကတော့ လာလာတော့ ပေါ်လာသေးတယ်။ နွံထဲကနေပြီးကာမှ ကြိုးနဲ့ဆွဲလို့ ပြန်ရတဲ့ဟာတွေလည်း ရှိတယ်။ ဝက်တွေကတော့ အရမ်းပဲ။ အဲဒါကတော့ အကုန်လုံးပါတာပဲ။ နောက်ပြီးကာမှ ဆိုင်ကယ်၊ ဆန်ကအစ အကုန်လုံးပေါ့ဗျာ။ သူတို့က ခန္ဓာကိုယ်မှာ ပါတဲ့ဟာနဲ့ပဲလွတ်သွားတာကိုးဗျ။”

အခင်းဖြစ်ပွားပြီးတဲ့နောက်မှာ ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီရက်ပိုင်းမှာတော့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေဟာ ခါးလယ်လောက်ရှိတဲ့ ရွှံ့နွံတွေကို ဖြတ်ပြီး ထောက်ပံ့ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြရပါတယ်။ ဟားခါးလေးကျေးရွာမှာကတော့ ရွှံ့နွံတွေဟာ အနည်းဆုံး ၃ ပေကနေ အများဆုံး ၅ ပေလောက်အထိ ဖုံးလွှမ်းနေတာဖြစ်ပါတယ်။

လက်ရှိကယ်ဆယ်ရေးစခန်းမှာ ရောက်နေသူတွေရဲ့ လိုအပ်ချက်ကိုတော့ ကလေးမြို့ ဇိုမီးလူငယ်အဖွဲ့ အတွင်းရေးမှူး ကိုမွန်းကိုက အခုလို ပြောပါတယ်။

“ကျနော်သိရသလောက်တော့ လူထုယာယီစားဖို့က ကျနော်တို့ရှိသေးတယ်။ ဒါ အဖွဲ့အစည်းတော်တော်များများ …..အဓိကလိုတာကတော့ သောက်သုံးရေ ပြဿနာဖြစ်မယ်။ နောက် လိုအပ်မှာက အိမ်သာပေါ့။ သောက်သုံးရေနဲ့အိမ်သာ။ အဲဒီနှစ်ခုကတော့ သူတို့ ပြဿနာဖြစ်လိမ့်မယ်။”

ချင်းပြည်နယ်အတွင်းမှာ မိုးကြီးပြီးမြေပြိုတာ၊ လမ်းတံတားတွေ ရေတိုက်စားတာကြောင့် နေရာဒေသအတော်များများဟာ ဆက်သွယ်ရေး ပြတ်တောက် နေပြီး ချင်းပြည်နယ် တီးတိန်၊ တွန်းဇံမြို့နယ်ဘက်တွေမှာတော့ လူပေါင်း တသောင်း လောက်ဟာ ဆန်အခက်အခဲရှိနေကြောင်းလည်း တီးတိန်မြို့ခံ တယောက်က ပြောပါတယ်။

ချင်းပြည်နယ် ပြန်လည်တည်ဆောက်ရေးနဲ့ပတ်သက် ပြီးချင်းပြည်နယ်အစိုးရအဖွဲ့က ဆွေးနွေးဆောင်ရွက်နေတဲ့ အခြေအနေကို ဦးနန်ဇမုန်က အခုလို ပြောပါတယ်။

“သစ်တောရေးရာကနေ တာဝန်ယူမယ့်အပိုင်းလို့ အချို့ ကုမ္ပဏီကြီးတွေကနေ ကူညီမယ်ဆိုတဲ့ဟာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့်အခု ဟားခါးမြို့ ဆိုပါတော့- ဟားခါးမြို့ပေါ် ပြန်လည်တည်ဆောက်ရေးအတွက် နေရာချထားမှုအရင်လိုမှာပေါ့။ အဲဒါတွေကတော့ သက်ဆိုင်ရာကနေ ကွင်းဆင်း ဆောင်ရွက်နေတုန်း၊ ဆွေးနွေးနေတုန်းပေါ့နော်။ အဲဒါပြီးတာနဲ့တည်ဆောက်တဲ့လုပ်ငန်းတွေလာမယ်။ တည်ဆောက်ရေးလုပ်ငန်းလာဖို့ဆိုတာလည်းပဲ ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ဖို့ဆိုတာက အခု ကလေး၊ ဖလမ်း၊ ဟားခါးလမ်းပဲပေါက်သေးတော့ ချက်ခြင်းတော့ တည်ဆောက်ရေးပစ္စည်းတွေ၊ ကူညီပံ့ပိုးမှုပစ္စည်းတွေလည်း ရောက်လာဖို့တော့ ခက်အုံးမှာပေါ့နော်။ အဲဒါကြောင့် လောလောဆယ်တော့ ကလေးမှာ စုဆောင်းပေးဖို့ အဲလောက်ထိပဲ…. ”

ရွှံ့ဖုံးလွှမ်းသွားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းက ဟားခါးလေးကျေးရွာ။
ရွှံ့ဖုံးလွှမ်းသွားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းက ဟားခါးလေးကျေးရွာ။

ဒီကနေ့ဟားခါးမြို့မှာ ကျင်းပတဲ့ ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးမှာ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးတွေကို ဒေသအလိုက် တင်ပြကြပြီး ပြန်လည်တည်ဆောက်ရေးကို ပြည်ထောင်စုအစိုးရ၊ နောက်အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးတွဲဆောင်ရွက်သွားဖို့ အရေးတွေ ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ချင်းပြည်နယ်အစိုးရက ပြန်လည်ထူထောင်ရေးအတွက် ကျပ်ငွေ ဘီလီယံ၂၀ လောက် ထောက်ပံ့ ပေးဖို့ ပြည်ထောင်စုအစိုးရထံတင်ပြထားပေမဲ့ လက်ရှိ ပျက်စီးမှုအရဆိုရင် ဒီထက်မကတဲ့ ထောက်ပံ့မှုတွေ လိုအပ်ကြောင်း သုံးသပ်ထားပါတယ်။

ဒီလပိုင်းတွေအတွင်း မိုးများပြီး ရေလျံတာတွေကြောင့် ချင်းပြည်နယ်အပြင် ကျန် ပြည်နယ်နဲ့တိုင်း ဒေသကြီး ၁၁ ခုမှာလည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့သလို ဒီရက်ပိုင်းအတွင်းမှာလည်း တကျော့ပြန်ရေကြီးနိုင်တဲ့ အန္တရာယ်တွေရှိနေပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ငဝန်မြစ်ရေကြီးမှုအခြေအနေကို မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG