သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့်ကူညီရေး အခက်အခဲ


စစ်ကိုင်းတိုင်း ရေဘေးသင့်ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေအပြင် ဘဝပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့တွေ အမြန်လိုအပ်နေကြောင်း လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ရေဘေးဒဏ်ခံနေရတဲ့ ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီတွေဟာ ရောက်သင့်သလောက် မရောက်ပဲ ဖြစ်နေရတယ်လို့လည်း ကူညီရေးအဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း မှာ မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှစတဲ့မြို့နယ်တဝိုက် ဆည်မြောင်း၊ ရေကာတာတချို့ ကျိူးပေါက်ခဲ့ပြီး ဒေသခံပြည်သူသောင်းနဲ့ချီ ရေဘေးဒုက္ခရောက်နေကြပါတယ်။

ဒီရေဘေးသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို မန္တလေး၊ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက စေတနာ့ဝန်ထမ်း လူမှုအဖွဲ့အစည်းတွေ သွားရောက်ထောက်ပံ့ပေးနေရာမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပြီး အကူအညီတွေ ရောက်သင့်သလောက် မရောက်ပဲဖြစ်နေတယ်လို့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သွားရောက်အကူအညီပေးခဲ့တဲ့ ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးက ဗွီအိုအေကို ပြောပါတယ်။

“မနက်ပိုင်းကို သွားတဲ့အခါမှာ စက်လှေနဲ့တော့ သွားလို့မရဘူး။ စက်လှေနဲ့ကျတော့ တောင်ကြားတွေထဲက သွားရမှာဆိုတော့ ရေစီးလည်းကြမ်းတယ်၊ ဝဲတွေလည်းရှိတယ် သွားလို့မရတော့ ကားနဲ့သွားတယ်ပေါ့ ကားနဲ့သွားတာလည်း ရိုးရိုးကားတွေနဲ့ သွားလို့မရဘူး။ မြန်မာပြည်မှာဆိုရင် အုတ်သဲကျောက်သယ်တဲ့ကားတွေလေ အဲ့လိုကားကြီးတွေနဲ့ သွားတယ်။ သွားပေမဲ့ အဲ့လို လမ်းမှာ တံတားတွေ ကျိုးနေတဲ့အခါကျတော့ အဲဒီ တံတားကျိုးတဲ့ နေရာရောက်ရင် ရပ်၊ ရပ်ပြီးတဲ့အခါကျတော့ တံတားက ကားကူးလို့မရဘူး။ လူပဲသွားလို့ရတဲ့ တံတားပေါ်မှာ ဒီဘက် ကားထဲက ပစ္စည်းတွေကို ဟိုဘက်ကားထဲကို ပြန်သယ်၊ သယ်ပြီးတော့မှ အဲဒီကနေမှတဆင့် ရွာတွေကို သွားတယ်ပေါ့။”

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအပါအဝင် စစ်ကိုင်းနဲ့ မန္တလေးတိုင်းက လူငယ်တွေကလည်း စစ်ကိုင်းတိုင်း ရေဘေးသင့်ပြည်သူတွေကို သွားရောက်အကူအညီပေးရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို စစ်ကိုင်းတိုင်း လူငယ်အဖွဲ့ဝင် ကိုပြည့်ဖြိုးမောင်က အခုလို ပြောပြပါတယ်။

“ကျနော်တို့ရောက်တာလည်း အတွင်းပိုင်းထဲထိ တအားကြီး ကျနော်တို့လည်း သွားလို့မရဘူး။ သွားတုန်းက ကားတွေတောင်မှ ဆက်မမောင်းနိုင်ဘူးလေ။ နစ်သွားတာရှိတယ်။ လမ်းတွေဘာတွေ ဆင်းလျှောက်ပြီးတော့ လှူရမယ့်ပစ္စည်းတွေ ယူပြီးတော့ ရွာတရွာ ဘုန်းကြီးကျောင်းမှာတင် မိုက်နဲ့ ဒုက္ခသည်တွေကို လှမ်းအော်ခေါ်ပြီးတော့ပဲ အထုပ်လေးတွေ ကျနော်တို့ လှူပေးရတယ်။ ချမ်းမြသုခလို အသင်းမျိုး သူတို့ကပဲ ကောလင်းဘိုးဘွားရိပ်သာထဲမှာ စခန်းတခုလို ချပြီးတော့ ပစ္စည်းတွေကို ခွဲခြမ်းတယ်ပေါ့။ ခွဲခြမ်းပြီးတော့ ဟိုးအတွင်းပိုင်းတွေဘက်မှာ တော်တော်လေးကို ဒုက္ခရောက်နေတဲ့ ရွာတွေရှိတယ်။ သူတို့က လာလည်းမလာနိုင်တော့ အဲလိုဆီတွေကို စက်လှေတွေ ဘာတွေနဲ့ သွားပြီးတော့ သွားလှူတယ်ခင်ဗျ။”

လက်ရှိရေဘေးသင့် ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့လယ်ယာမြေ၊ စားဝတ်နေရေးလုပ်ငန်းတွေ ဆုံးရှုံးခဲ့ရတာကြောင့် ဘဝပြန်လည်ထူထောင်ရေး အစီအစဉ်တွေ ဆောင်ရွက်ပေးဖို့ အမြန်ဆုံး လိုအပ်နေတယ်လို့ ကောလင်းဒေသဘက်မှာ သွားရောက်အကူအညီပေးခဲ့တဲ့ သဘာဝဘေးစာနာကူညီရေးအဖွဲ့ရဲ့ အလုပ်အမှုဆောင် ကိုရာပြည့်က ဗွီအိုအေကို ပြောပါတယ်။

“အဓိကလိုအပ်နေတာကတော့ သူတို့ရဲ့ဘ၀ ပြန်လည်ထူထောင်မှုအတွက် ငွေရေးကြေးရေး ထောက်ပံ့မှုက အဓိကပါပဲ။ သူတို့မှာ အခုကျနော်တို့ လမ်းတကြောမှာ တွေ့ခဲ့ရတာလည်း အဖွဲ့တွေ တော်တော်များများမှာလည်း သူတို့သွားတာ၊ သယ်လာကြတာက ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ အဝတ်အစားပေါ့လေ၊ အဲဒါတွေ သယ်လာတယ်။ ကျနော်တို့ကလည်း အဝတ်အစားနဲ့ ရေသန့်ရယ်၊ နောက်ပြီးကြတော့ ခေါက်ဆွဲခြောက်ရယ်၊ ငွေသား ကျနော်ကူညီခဲ့တယ်ပေါ့လေ။

မေး - အဲဒီတော့ အစိုးရပိုင်းပေါ့၊ တကယ့်တာဝန်ရှိတဲ့ အစိုးရအာဏာပိုင်တွေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတွေ၊ ဘာတွေရဲ့ လုပ်ဆောင်ချက်တွေရော ဘယ်လိုတွေ့ရလဲရှင့်။

ဖြေ - “အစိုးရရဲ့ ထောက်ပံ့မှုကတော့ တော်တော်လေးတော့ ရယ်စရာကောင်းတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျနော် ဒီနေ့ သွားလှူတဲ့ရွာမှာဆိုရင် အစိုးရက ထောက်ပံ့တဲ့ဟာက ဆန်ဆိုလည်း တရွာလုံးမှ ၅ အိတ်ပဲပေးတယ်။ နို့ဆီဗူး ၁၂ ဗူး၊ ဘီး ၆ ချောင်း၊ မှန် ၆ ချပ်၊ အဲဒါမျိုးတွေပေါ့ ဘီးတို့ မှန်တို့ ပါတယ် အဲဒါတွေကျတော့ တကယ်တမ်းမှာ မလိုအပ်ဘူးလေ။ အဲဒါမျိုးတွေပါ ထည့်ပြီးတော့ ပေးတယ်ပေါ့။ ဆန်ဆိုလည်း တရွာလုံးမှ ၅ အိတ်ထဲပေးတော့ ထမင်းက တကယ်တမ်းပြောရင် တရွာလုံး မနက် ၁ မနက်စာတင် အကုန်လုံး အပြည့်အဝလည်း စားလို့မရဘူး။ ကျနော်တို့ နိုင်ငံတော်အစိုးရကလည်း အရေးပေါ် စီမံခန့်ခွဲတာလည်း အရမ်းကို အားနည်းတယ်။ နောက်ပြီးတော့ ပြည်သူကို ကူညီပံ့ပိုးမှုပေါ့လေ အခု ကျနော်တို့ တွေ့နေရတဲ့ ကျနော်တို့ ကူညီခဲ့တဲ့ တောက်လျှောက်အတွင်းမှာလည်း ပြည်သူကို ကူညီပံ့ပိုးမှု ဆိုတာလည်း အရမ်းကို အားနည်းတယ်။ နောက်ပြီးကျတော့ ဒီကိစ္စတွေ ရေတွေ ဒီဆည်တွေလွှတ်မယ်ဆိုတဲ့ အတိုင်းအတာမှာ သူတို့အနေနဲ့ ပြည်သူတွေကို ကြိုတင်အကြောင်းကြားစာတွေ ဘာတွေ လုပ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြိုတင်အကြောင်းကြားမှု ရှိလိုက်လို့ရှိရင် ကျနော်တို့ ပြည်သူတွေ နည်းနည်း ရေနဲ့လွတ်တဲ့နေရာလေးကို နည်းနည်းလေး ရှောင်လို့ရတယ်ပေါ့။”

မြန်မာပြည်အနှံ့အပြား မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် ကချင်၊ ချင်း၊ ရှမ်းနဲ့ ရခိုင်ပြည်နယ် အပါအဝင် စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနဲ့ ရန်ကုန်တိုင်းတွေမှာ ရေကြီးလာနေပါတယ်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ သပိတ်ကျင်း၊ စဉ့်ကူး၊ မိုး ကုတ်မြို့နယ်တွေမှာ မိုးသည်းထန်မှုကြောင့် လူသေဆုံးမှု (၁၀)ဦးကျော်ရှိပြီး ဒဏ်ရာရသူတွေလည်းရှိသလို လူနေအိမ်ခြေနဲ့ တံတားတချို့ ပျက်စီးမှုတွေရှိသလို လယ်ယာမြေ ဧက ၅၀နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အစိုးရက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ရခိုင်ပြည်နယ်ဘက်မှာ မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် မြောက်ဦးမြို့အပါအဝင် ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင် တို့ဘက်မှာလည်း ရေကြီးနေပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ အပူတပြင်းလိုအပ်နေတယ်လို့ ဒေသထုတ် သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG