သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့် ဒုက္ခသည်တွေ ကျန်းမာရေးစိုးရိမ်ရ


ကရင်ပြည်နယ် ရေဘေးကယ်ဆယ်ရေးစခန်းတွေက ဒုက္ခသည်တွေအနေနဲ့ အခု လောလောဆယ် ကျန်းမာရေးနဲ့ ပတ်သက်လို့ အအေးမိတာနဲ့ သာမန် ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်ပွားနေတယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ ဒါ့အပြင် ရေကြီးမှု နောက်ဆက်တွဲဖြစ်တတ်တဲ့ ရောဂါတွေနဲ့ ရှောင်ကြဉ်လုပ်ဆောင်ရမယ့် ကိစ္စတွေကို ပညာပေးမှုတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရေကြီးမှုဖြစ် တဲ့ဒေသက ပြည်သူတွေအနေနဲ့ ဘာတွေ သတိထားသင့်သလဲ။ ကျန်းမာရေးဝန်ထမ်းတွေကရော ဘာတွေဝန်ဆောင်မှု ပေးနေသလဲ… လက်ရှိ ရေဘေးဒုက္ခသည် စခန်းတွေက ကျန်းမာရေး အခြေအနေတွေကို သိနိုင်ဖို့ ပြည်နယ် ကျန်းမာရေးမှူးနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

သီတင်းတပတ်ကျော် ရှိလာပြီဖြစ်တဲ့ ရေကြီးမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ အခု လတ်တလော အအေးမိ နှာစေး၊ ချောင်းဆိုးနဲ့ သာမန်ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်ပွားနေတယ်လို့ ပြည်နယ်ကျန်းမာရေးမှူးက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ အရင်ကလည်း ရေကြီးတာမျိုးဖြစ်တတ်တဲ့ ကရင်ပြည်နယ်မှာ ကာလဝမ်းရောဂါ မဖြစ်အောင် ကျန်းမာရေးဝန်ထမ်းတွေက သတိထားဆောင်ရွက်နေပြီးတော့ ရေဘေးဒုက္ခသည်တွေကိုလည်း ကယ်ဆယ်ရေးစခန်းတွေမှာ စနစ်တကျ နေရာချထားပေးတယ်လို့ ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာဦးဝင်းနိုင်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“အခုလောလောဆယ်တွေ့ရတာကတော့ အအေးမိ၊ နှာစေး၊ ချောင်းဆိုးလေးတွေ၊ နောက် သာမန် ဝမ်းပျက် ဝမ်းလျှောလေးတွေတော့ ရှိပါတယ်။ ကျနော်တို့ ကြည့်နေတဲ့အနေအထားမှာတော့ ကျန်းမာရေး ထိခိုက်နိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ နေရာတွေကို သန့်သန့်ပြန့်ပြန့် ကျယ်ကျယ်ဝန်းဝန်းဖြစ်အောင်၊ ကျန်းမာရေးမထိခိုက်နိုင်အောင်၊ လိုအပ်တဲ့ စား၊ ဝတ်၊ နေရေး ကိစ္စတွေရော သူတို့ရဲ့ သန့်ရှင်းရေးကိစ္စတွေရော မိလ္လာစံနစ်တွေရော စနစ်တကျထားရှိပြီးဖြစ်ပါတယ်။”
အခုလို ရေကြီးမှုဖြစ်တဲ့ဒေသတွေမှာ ရေကြီးပြီးနောက်ပိုင်း နောက်ဆက်တွဲဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်လို့လည်း - ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း နာယက ဒေါက်တာ ဒေါ်သန်းရင်းမာ က -
“နံပါတ်တစ်ကတော့ သောက်ရေ သုံးရေ ညစ်ပတ်နေတဲ့အတွက် သူတို့ အဲဒီကနေ ဝင်တဲ့ရောဂါတွေပေါ့။ အထူးသဖြင့် ဝမ်းလျှောတဲ့ရောဂါ။ ဝမ်းကိုက်မယ်၊ ဒီလိုဟာတွေ၊ နောက်တခါ-မိုးသိပ်ကြီးတဲ့အချိန်ဆို ကျမတို့ဆီမှာ တုပ်ကွေးတွေ အဖြစ်များပါတယ်။ ဖျားနာတာတွေလည်းပေါမယ်။ နံပါတ် သုံး ကတော့ အဲဒီအရပ်က ငှက်ဖျားတွေ များတဲ့အတွက် ငှက်ဖျားလည်း သူတို့ကို ဒုက္ခပေးနိုင်တယ်။ နောက်ပြီးတော့ ကြာလာရင် အနာတွေ ပေါက်ကြတာ။ အထူးသဖြင့် ခြေထောက်တွေမှာ။ အများကြီးဖြစ်တာကို တွေ့ရတယ်။ ပထမဦးဆုံးတွေ့ရမှာတော့ ဖျားနာတာရယ်၊ ဝမ်းလျှောတာရယ်။ ဝမ်းကိုက်တာရယ်။”
ဒါ့အပြင် ကရင်ပြည်နယ်တွင်းက တချို့ကျေးရွာမှာတော့ ဒေသခံတွေ အဓိက အသုံးပြုတဲ့ ရေတွင်းရေကန်တွေဟာ လည်း ရေမြုပ်ကုန်တဲ့အတွက် ဒေသခံအများစုဟာ အခုလောလောဆယ် မိုးရေကို အဓိက သောက်သုံးလာကြပါတယ်။ ဒီနေရာမှာ သတိထားရမယ့်အချက်ကတော့ မိုးရေခံတဲ့ ခွက်တွေ သန့်ရှင်းဖို့နဲ့ ပိုးလောက်လန်းအန္တရာယ်မရှိအောင် သေချာ အဖုံးအုပ်ထားဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာ ဦးဝင်းနိုင်က - ဆက်ပြောပြပါတယ်။

“မွန်ပြည်နယ်က နှစ်စဉ် မိုးရေချိန်လက်မ ၁၅၀ လောက် ရွာပါတယ်။ ရွာတဲ့အတွက်ကြောင့် ဒီရာသီမှာ မိုးရေသောက်တဲ့အလေ့အကျင့် အလွန်ကောင်းတဲ့ရာသီဖြစ်ပါတယ်။ မိုးရေသည် သန့်ပြီးသားဖြစ်တယ်။ ဒါပေမဲ့ သူတို့ခံတဲ့ Container တွေရဲ့သန့်ရှင်းမှုကိုတော့ ဂရုစိုက်ရပါတယ်။ ရေအိုးရေခွက်တွေ သန့်ရှင်းမှုမရှိရင်တော့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားတတ်ပါတယ်။ အဲဒီ အတွက်လည်း ကျနော်တို့က ရေသန့်ဆေးပြားတွေ၊ ဖလိုရီနေရှင်းပေါ့။ ဖလိုရင်းတက်ပလက်တွေ၊ --- ပေါင်ဒါလို့ခေါ်တဲ့ဆေးတွေကို ထောက်ပံ့ထားပါတယ်။ အခုဆိုလို့ရှိရင် UNICEF ကနေလည်း ထောက်ပံ့နေပါတယ်။ ကျန်းမာရေးဦးစီးဌာနကနေလည်း --- ပေါင်ဒါတွေကို ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်။ ရေသန့်ဆေးရည် ဖျော်နည်းတွေကိုလည်း သူတို့ကို သင်ထားပါတယ်။ ရေသန့်ဆေးရည်တွေနဲ့ စပ်ပြီးတော့ သုံးစွဲမယ်ဆိုရင် အန္တရာယ်လုံးဝ မရှိပါဘူး။”

ဒါ့အပြင် အခုလို ရေကြီးမှုဖြစ်ပြီးနောက်ပိုင်း ကရင်ပြည်နယ် အနေအထားအရ ဒေသခံတွေအနေနဲ့ မြွေအန္တရာယ် အထူးသတိထားသင့်တယ်လို့လည်း ဒေါက်တာဦးဝင်းနိုင်က ဆိုပါတယ်။ ဒါကြောင့် ရေပြန်ကျသွားတဲ့အချိန် ဒေသခံတွေအနေနဲ့ သူတို့ကိုယ်တိုင် အဓိကလိုက်နာ လုပ်ဆောင်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့လည်း -

“ကော့ကရိတ်ဘက်က မြွေကိုက်ခံရတဲ့လူနာ နည်းနည်းများပါတယ်။ ရေတက်လာတာဖြစ်တဲ့အတွက် မြွေအန္တရာယ်ကို ကာကွယ်ရအောင် အသိပညာပေးထားပါတယ်။ ကိုက်လို့ရှိရင်လည်း အသက်ဆုံးရှုံးမှု မရှိရအောင် မြွေဆိပ်ဖြေဆေးပေါ့။ လက်ထောက်ကျန်းမာရေးမှူးအဆင့်အထိ အလုံအလောက် ထုတ်ပေးထားပြီးဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ လိုက်နာရမှာကတော့ သူတို့အနေနဲ့ အစားအသောက်တွေနဲ့ ရေတွေကနေ မကူးစက်အောင် လက်ဆေးမယ်။ ဒီလိုဥစ္စာတွေကို လိုက်နာဖို့လိုပါတယ်။ နောက်ပြီးတော့ အစားအသောက်တွေကို ထမင်းထုတ်နဲ့ဝေတဲ့စနစ် မလုပ်ပါဘူး။ သူတို့ကိုယ်တိုင် ပူပူနွေးနွေးချက်ပြုတ် စားသောက်ရအောင် လုပ်တဲ့အခါကျတော့ အစာအဆိပ်သင့်တာမျိုး မဖြစ်အောင် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ ဖြစ်လို့ရှိရင် ချက်ချင်းကုသတဲ့ကိစ္စကို အမြဲတမ်း အသိပေးထားပါတယ်။ ရေကျပြီးနောက်ပိုင်း ဖြစ်နိုင်တဲ့ရောဂါတွေအတွက် လိုက်နာရမယ့်ဥစ္စာတွေလည်း ကျနော်တို့က ပြည်သူတွေသိရှိအောင် ပိုစတာတွေကို ဆေးခန်းတွေမှာ လူမြင်သာတဲ့နေရာတွေမှာ ကပ်ထားပြီးဖြစ်ပါတယ်။ တုပ်ကွေးနဲ့ အရေပြားရောဂါကတော့ - တုပ်ကွေးက တချို့ အတွေ့အကြုံ ရှိပြီးသားပါ။ ဆေးဝါးမပါဘဲနဲ့တုပ်ကွေးရောဂါ ကုသတဲ့နည်းတွေ ဆောင်ရွက်လျှက် ရှိပါတယ်။”
ဒါ့အပြင် ပြည်နယ်ကျန်းမာရေးဌာနအနေနဲ့လည်း လောလောဆယ် ရေကြီးမှုဖြစ်တဲ့ ဒေသအသီးသီးကို သွားရောက် ကြည့်ရှုပေးနေတာတွေရှိပေမယ့် ပြည်နယ်ကျန်းမာရေးဝန်ထမ်းတွေ သွားရောက်နိုင်ခြင်းမရှိတဲ့ ဒေသတွေကိုတော့ နိုင်ငံတကာ NGO တွေဖြစ်တဲ့ IOM တို့၊ Save The Children တို့နဲ့ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတွေက သွားရောက် ကြည့်ရှုပေးနေတယ်လို့လည်း ဒေါက်တာဦးဝင်းနိုင် က ပြောဆိုခဲ့ပါတယ်ရှင်။
XS
SM
MD
LG