သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟစ်တလာမွေးတဲ့အိမ် နိုင်ငံပိုင်လုပ်မည်


နာဇီဂျာမန်ခေါင်းဆောင်ဟောင်း အဒေ့ါဖ် ဟစ်တလာ (Adolf Hitler) မွေးဖွားရာနေရာကို ခေတ်သစ်နာဇီတွေရဲ့ သူရဲကောင်းဗိမာန် နေရာတခု ဖြစ်မလာစေဖို့ ရည်ရွယ်ပြီး မူရင်း ပုဂ္ဂလိကပိုင်ရှင် လက်ထဲကနေ သိမ်းဆည်းနိုင်မယ့် ဥပဒေတရပ် ပြဌာန်းနိုင်ဖို့ သြစတြီးယားနိုင်ငံက စဉ်းစားနေပါတယ်။

ဥပဒေတရပ် ပြဌာန်းနိုင်မယ်ဆိုရင် - Braunau am Inn မြို့မှာရှိတဲ့ အိမ်ကို ပိုင်ရှင်လက်ကနေ လျော်ကြေးပေး သိမ်းယူနိုင်မှာ ဖြစ်တယ်လို့လည်း သြစတြီးယား ပြည်ထဲရေးဝန်ကြီးက စနေနေ့မှာ ပြောဆိုခဲ့တာပါ။

ဒီအဆောက်အဦးကို ရာစုနှစ်တခုကျော်ကြာ ဒေသခံမိသားစုတစုက ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး၊ အစိုးရကို ပြန်ရောက်ဖို့ ငြင်းဆန်နေသလို၊ အဆောက်အဦးကို ပြုပြင်မွမ်းမံဖို့ကိုလည်း လက်မခံဘဲ ငြင်းဆန်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ - ဒီအဆောက်အဦးမှာ ဘယ်သူမှ မနေကြပါဘူး။

မြို့ရဲ့ သမိုင်းဝင်နေရာတခုအဖြစ်နဲ့ ကာကွယ်စောင့်ရှောက်ထားတဲ့အတွက်လည်း အိမ်ကို ဖျက်ပစ်လို့ မရဘဲဖြစ်နေရတာ ဖြစ်ပါတယ်။ ဒေသခံတွေကြား မှာတော့ ဒီနေရာကို ဘာလုပ်သင့်သလဲဆိုတဲ့အပေါ် အမြင်အမျိုးမျိုး ကွဲနေကြတာလည်းဖြစ်ပါတယ်။ သြစတြီးယားနိုင်ငံ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဂုဏ်ပြုတဲ့ပြတိုက် ဆောက်သင့်တယ်လို့ ယူဆသူတွေရှိသလို၊ ဒုက္ခိတတွေအတွက် စင်တာတခု ဖွင့်သင့်တယ်လို့ မြင်သူတွေလည်း ရှိကြပါတယ်။

ဒါ့အပြင် ဒီနေရာဟာ - ဟစ်တလာရဲ့ ဧပြီလ ၂၀ ရက်နေ့ မွေးနေ့ရောက်တိုင်း ဖက်ဆစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ နေရာတခု လည်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျူးလူမျိုးတွေ၊ ပိုလန်နိုင်ငံသားတွေ၊ ခြေသလုံးအိမ်တိုင် လျှောက်သွားသူတွေနဲ့ လိင်တူချင်း ဆုံမက်သူတွေကို ရက်ရက်စက်စက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဂျာမန်စစ်တပ်ရဲ့ ခေါင်းဆောင်အဖြစ် ဟစ်တလာက နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်မှာတော့ ဂျာမန်တွေ စစ်ရှုံးလာချိန်မှာ မြေအောက်ခံကတုတ်တခုမှာ သူ့ကိုယ်သူ သတ်သေခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG