သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှာဖွေရေး ရဟတ်ယာဉ်ပျောက်ဆုံး


ခါကာဘိုရာဇီတောင်ထိပ်ပြ မြေပုံ။ (ဓာတ်ပုံ-ထူးဖောင်ဒေးရှင်း)
ခါကာဘိုရာဇီတောင်ထိပ်ပြ မြေပုံ။ (ဓာတ်ပုံ-ထူးဖောင်ဒေးရှင်း)

ခါကာဘိုရာဇီတောင်မှာ ပျောက်ဆုံး တောင်တက်သမားတွေကို ရှာဖွေကယ်ဆယ်ရေး ရဟတ်ယာဉ်တစင်း ပူတာအိုမြို့ကနေ ခါကာဘိုရာဇီ တောင်ခြေနဲ့ အနီးဆုံး တဟွန်ဒမ်းကို ရိက္ခာပို့ဖို့ ပျံသန်းလာစဉ် ပျောက်ဆုံးသွားပါတယ်။ တောင်ပေါ်မှာ ပျောက်နေတဲ့ တောင်တက် သမားတွေကို ရှာဖွေနေတဲ့ ခြေလျင်တောင်တက်သမားတွေကတော့ ပေပေါင်း ၁ သောင်း ၉ ထောင်ကို ရောက်ရှိခဲ့ပေမယ့် ပျောက်ဆုံးသူတွေကိုတော့ မတွေ့ရသေးပါဘူး။ အခြေအနေ အရပ်ရပ်ကို မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ကချင်ပြည်နယ် ပူတာအိုခရိုင်တွင်းက ခါကာဘိုရာဇီတောင်ပေါ်မှာ တလနီးပါးကြာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား နှစ်ဦးတို့ကို ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့က ရဟတ်ယာဉ်တစင်း မနေ့ နေ့လည်ပိုင်းက ပျောက်ဆုံးသွားခဲ့ပြီး အခုချိန်ထိ အဆက်အသွယ် ပြန်မရသေးပါဘူး။ ပေပေါင်း ၂ သောင်းကျော် ပျံသန်းနိုင်တဲ့ ထိုင်းနိုင်ငံ Advance Aviation ကုမ္ပဏီကနေ ငှားယမ်း အသုံးပြုနေတဲ့ B4 ရဟတ်ယာဉ်နဲ့ အတူ လိုက်ပါသွားသူ ၃ ဦးတို့ ပျောက်ဆုံးနေတယ်လို့ ထူးဖောင်ဒေးရှင်းရဲ့ ပြောခွင့်ရ ကိုဖြိုးကိုကိုသက်က ပြောပါတယ်။

“ထိုင်းနိုင်ငံ Advance Aviation ကနေပြီးတော့ ဆက်သွယ်ငှားရမ်းထားတဲ့ B4 အမျိုးအစားရဟတ်ယာဉ်တစင်းဟာ ပူတာအိုကနေပြီးတော့မှ တဟွမ်ဒန်းကို ရိက္ခာပို့သွားရင်းနဲ့ လမ်းခရီးမှာ အဆက်အသွယ် ပြတ်တောက်သွားပါတယ်။ မနေ့က မွန်းလွဲ ၂ နာရီ၊ မိနစ် ၂၀ ခန့်မှာပါ။ ပျံသန်းပြီး မိနစ် ၂၀ အကြာမှာပဲ ပူတာအိုမြောက်ပိုင်းမှာပဲ ဆက်သွယ်မှု မရရှိတော့ပါဘူး။ ကျနော်တို့ဘက်ကတော့ ထူးဖောင်ဒေးရှင်းက လူတွေနဲ့ ရဟတ်ယာဉ်နှစ်စင်း၊ တပ်မတော် (လေ) က ရဟတ်ယာဉ်တွေနဲ့ ဝေဟင်မှာလည်း ဆက်သွယ်မှုတွေ အမြန်ဆုံးရအောင် ကြိုးစား ဆောင်ရွက်နေပါတယ်။ နောက်ပြီးတော့ ခြေလျင်အနေနဲ့လည်း တဟွမ်ဒန်းကျေးရွာ၊ နောက်ပြီး ပန်နန်းတင်ကျေးရွာ၊ ပူတာအိုမှာရှိတဲ့ တပ်မတော်သားတွေရော ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့သားတွေရော၊ ဒေသဆိုင်ရာအာဏာပိုင် အကုန်လုံးက ပူးပေါင်းပြီးမှ ကြိုးစားပြီး ဆောင်ရွက်ပေးနေပါတယ်။”

ပျောက်ဆုံးသွားတဲ့ ထိုင်းနိုင်ငံက B4 ရဟတ်ယာဉ်မှာ ထိုင်းရဟတ်ယာဉ်မှူး၊ နောက် ထူးကုမ္ပဏီရဲ့ ရဟတ်ယာဉ်မှူးနဲ့ ထူးအုပ်စုရဲ့ အကြီးအကဲ ဦးတေဇရဲ့ ကိုယ်ရေးလက်ထောက်တို့ လိုက်ပါသွားကြတယ်လို့လည်း ကိုဖြိုးကိုကိုသက်က ပြောပါတယ်။ တခါ ခါကာဘိုရာဇီ တောင်ပေါ်မှာ ပြီးခဲ့တဲ့လ ၃၁ ရက်နေ့က စလို့ အဆက်အသွယ် မရတော့တဲ့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ ၂ ဦးကိုတော့ ထူးဖောင်ဒေးရှင်းရဲ့ ခြေလျင် ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့က ဒီကနေ့မှာ ပေပေါင်း ၁ သောင်း ၉ ထောင်ထိ တက်ရောက်ရှာဖွေခဲ့ပါတယ်။

“အဓိက-က ပေ ၁ သောင်း၊ ၇ ထောင်ကျော်မှာ ကျနော်တို့ဆီက ဦးနမားဂျွန်ဆင်နဲ့ တောင်တက်အဖွဲ့တွေက အပြာရောင်ကျောပိုးအိတ်တွေကို တွေ့ခဲ့ပါတယ်။ တွေ့ပြီးတော့မှ အဲဒါကိုတော့ ပျောက်ဆုံးနေတဲ့လက်ရှိ တောင်တက်သမားနှစ်ဦးရဲ့ ပစ္စည်းလို့ ယူဆရပါတယ်။ ဒီနေ့ကတော့ ဦးနမားဂျွန်ဆင်နဲ့အဖွဲ့က ပေ ၁ သောင်း၊ ၉ ထောင်အထိပေါ့နော်- သူတို့ တက်ရောက်ပေမယ့်လည်း အဓိက-က ဆီးနှင်းတွေက တချို့ နေရာတွေမှာတော့ ဒူးလောက်၊ တချို့နေရာတွေမှာတော့ ခါးတဝက်အထိပါ ပိတ်ဖုံးနေတယ်ပေါ့နော်။ ပိတ်ဖုံးနေတဲ့အပိုင်းလေးတွေကို သူ ကြုံတွေ့ရတဲ့အကြောင်း ဦးနမားဂျွန်ဆင်က ပြောပြထားပါတယ်။ နောက်ပြီးတော့ တချို့အပိုင်းလေးကျတော့ ရာသီဥတုရယ်၊ နောက် အပေါ်မှာကျ ရေခဲမှတ်အောက် မိုင်းနပ်စ်ကို 5˙C အထက်မှာရှိပါတယ်။ နောက်ပြီး အောက်စီဂျင် level ပေါ်မှာ မူတည်ပြီးတော့မှ တောင်ကို basic camp ကနေ အတက်အဆင်းလုပ်ပြီး ရှာဖွေနေရတဲ့အပိုင်းလေးတွေလည်း ရှိပါတယ်။ ရာသီဥတုကတော့ ဒီနေ့ကတော့ နေသာတဲ့အချိန် နည်းနည်းများတယ်ပေါ့။ ဒါပေမယ့် ရှေ့ရက်တွေ တောက်လျှောက်ကတော့ တနေ့လုံးကို နေမြင်ရတယ်ဆိုတဲ့အပိုင်းမှာ တိမ်တွေ တော်တော်များများ ထူထပ်နေပါတယ်။ ရှေ့ရက်တွေကတော့ မိုးလည်း ရွာနေပါတယ်။”

ပျောက်ဆုံးတောင်တက်သမား ၂ ဦးကို ဦးဆောင်ရှာဖွေနေတဲ့ ထူးဖောင်ဒေးရှင်းရဲ့ ပြောခွင့်ရ ကိုဖြိုးကိုကိုသက် ပြောခဲ့တာပါ။ ရက်ပေါင်း ၂၉ ရက်ကြာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးတို့ကို မနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ရှာဖွေရေး နောက်ဆုံးနေ့ ကျော်လွန်သွားပေမယ့်လည်း ဆက်ပြီး ရှာဖွေနေတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG