သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခါကာဘိုရာဇီ ကယ်ဆယ်ရေးအဖွဲ့ ရိက္ခာပို့ ရဟတ်ယာဉ် ပျောက်ဆုံးနေ


ခါကာဘိုရာဇီတောင်တက်ရင်း ပျောက်ဆုံးနေတဲ့ သဘာဝခေါ်သံဖောင်ဒေးရှင်း တောင်တက်အဖွဲ့ဝင်နှစ်ဦးကို ရှာဖွေ ကယ်ဆယ်နေတဲ့ အဖွဲ့အတွက် စက်တင်ဘာ (၂၇) ရက်နေ့က ရိက္ခာသွားပို့တဲ့ ထိုင်းနိုင်ငံက ရဟတ်ယာဉ်တစ်စီးဟာ လမ်းခရီးမှာ အဆက်အသွယ်ပြတ်တောက်နေကြောင်း ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ရဟတ်ယာဉ်ဟာ ထိုင်းနိုင်ငံအခြေစိုက် Advance Aviation က B4 ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေတဲ့အဖွဲ့ အခြေစိုက်စခန်းရှိရာ တဟွန်ဒမ်းကျေးရွာကို သွားရောက်ရိက္ခာပို့ရင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ထိုင်း ရဟတ်ယာဉ်မှူး Mr. Chat Chawal၊ မြန်မာလူမျိုးရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနဲ့ ထူးဖောင်ဒေးရှင်း တည်ထောင်သူ ဦးတေဇရဲ့ ကိုယ်ရေးလက်ထောက်၊ ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်ရဲ့တူ ဦးရွှေရင်တော်ကြီးတို့လည်း လိုက်ပါသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

ရဟတ်ယာဉ်ဟာ ပူတာအိုလေဆိပ်က စက်တင်ဘာ (၂၇) ရက်၊ နေ့လည် ၂ နာရီ၊ ၂၀ မိနစ်မှာ ထွက်ခွာသွားပြီး မိနစ် ၂၀ ခန့်အကြာမှာ အဆက်အသွယ် ပြတ်တောက်သွားပြီး အခုအချိန်အထိ အဆက်အသွယ်ပြန်မရသေးဘူးလို့ ထူးဖောင်ဒေးရှင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပေပေါင်း ၂ သောင်းနီးပါးမြင့်တဲ့ အရှေ့တောင်အာရှမှာအမြင့်ဆုံး ခါကာဘိုရာဇီတောင်ထိပ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က သဘာဝခေါ်သံ ဖောင်ဒေးရှင်း ခါကာဘိုရာဇီ တောင်တက်အဖွဲ့ရဲ့ ခေါင်းဆောင် ကိုအောင်မြင့်မြတ်နဲ့ အဖွဲ့စီမံခန့်ခွဲသူ ကိုဝေယံမင်းသူတို့ တက်ရောက်အောင်မြင်ခဲ့ပြီလို့ တောင်ခြေ အခြေစိုက်စခန်းမှာ ရှိနေတဲ့ ကျန်အဖွဲ့ဝင် ၆ ဦးထံကို သတင်းပို့ခဲ့ပြီးချိန်ကစလို့ ဒီကနေ့အထိ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG