သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်သစ် ရွေးချယ်


အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်
ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာတော့ ခုံရုံး ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တွေကိုတော့ တရားဝင် ပြန်လည် ခန့်အပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲမှာ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်ကြားမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့လို့ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တွေ ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။

အခုလို ခန့်အပ်နိုင်ပေမဲ့ အပြန်အလှန် ညှိနှိုင်းတဲ့ ပုံစံမျိုးမဟုတ်ဘဲ အစိုးရနဲ့ လွှတ်တော်အကြား စာတွေ ပိုပြီးတော့သာ ရွေးချယ် ခဲ့တယ်လို့လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။


ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကာလ အတော်ကြာ လစ်လပ်နေတဲ့ ခုံရုံး ဥက္ကဋ္ဌ ရာထူးကို ပြန်လည် အတည်ပြု ရွေးချယ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုလို ရွေးချယ်မှုနဲ့ အသစ် ဖြစ်လာတဲ့ ခုံရုံး ဥက္ကဋ္ဌ ကတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အမည်စာရင်း ပေးခဲ့တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးမြသိန်း ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ကပြောပါတယ်။

“ဦးဝင်းမြင့်ကို ဦးမြသိန်းထက် junior ကျတယ်ပေါ့လေ။ လုပ်သက်မှာ တာဝန် ထမ်းဆောင်တဲ့ နေရာမှာလည်း ဦးမြသိန်းလောက် သူက ရှေ့ကို မရောက်ဖူးပေါ့။ နောက်ကျတယ်ပေါ့။ နောက်ပြီးတော့ လုပ်သက်လည်း နုတယ်ပေါ့။ အဲ့ဒါကြောင့် ဦးဝင်းမြင့်ကို သူက ဦးမြသိန်းနဲ့ ယှဉ်ပြီးတော့ ဦးမြသိန်း ကိုပဲ ရွေးချယ်ခဲ့တယ်။”

ခုံရုံး ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တွေ ရာထူးက နှုတ်ထွက်ပြီး ကတည်းက လစ်လပ်နေတဲ့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှာ ပြန်လည် တာဝန်ပေးအပ်ဖို့ အတွက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကမှ နိုင်ငံတော် သမ္မတ အပါအဝင် လွှတ်တော် နှစ်ရပ်ပေါင်း ဥက္ကဋ္ဌတွေက အမည်စာရင်း တင်သွင်းလာခဲ့တာပါ။

သမ္မတအပါအဝင် လွှတ်တော် နှစ်ရပ်ပေါင်း ဥက္ကဋ္ဌတွေက အမည်စာရင်း တင်သွင်း လာခဲ့တဲ့ ခုံရုံးအဖွဲ့ဝင် ၉ ဦးကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တွေက ကန့်ကွက်ခဲ့တာ မရှိလို့ ဒီကနေ့မှာ ခုံရုံး ဥက္ကဋ္ဌ ရာထူးကို
ကြေငြာနိုင်ခဲ့တာ ဖြစ်တယ်လို့ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။


“သမ္မတကလည်း ဦးမြသိန်း ကို လက်ခံတယ်ဆိုတော့ အမျိုးသား လွှတ်တော် ဥက္ကဌကလည်း ဦးမြသိန်းကိုပဲ ထောက်ခံတယ်လေ။ အဲ့ဒီပုံစံမျိုးနဲ့ ဦးမြသိန်း ကို ကျနော်တို့ ခုံရုံးရဲ့ ဥက္ကဌအဖြစ် ရွေးချယ်ခဲ့ကြတာပါ။”


အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ကိစ္စကြောင့် နိုင်ငံတော် သမ္မတနဲ့ လွှတ်တော် အကြားမှာ တင်းမာတဲ့ အခြေအနေ များစွာ ရှိခဲ့ဖူးပါတယ်။

လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့် ရှိတယ်၊ မရှိဘူး ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားရာကနေ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်တွေ အားလုံး ရာထူးကနေ နှုတ်ထွက် ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

မူလက ခုံရုံး ဥက္ကဋ္ဌကို ရွေးချယ်မယ်ဆိုရင် ခုံရုံး ဥပဒေသစ်အရ သမ္မတ အပါအဝင် လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်က ညှိနှိုင်း ရွေးချယ်ရမယ် ဆိုပေမဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ခုံရုံး ဥက္ကဋ္ဌ ရာထူး ရွေးချယ်တဲ့အခါ လူချင်း တိုင်ပင်တာမျိုးတွေ မလုပ်ဘဲ စာတွေသာ အပြန်အလှန် ပို့ပြီးတော့ ရွေးဖြစ်ခဲ့တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ပြောပါတယ်။

“ဒီ ခုံရုံးအဖွဲ့ ဥက္ကဌ ရွေးချယ်ပြီး ခုံရုံး အသက် ပြန်ဝင်လာတဲ့ ကာလနောက်ပိုင်းမှာ ဘာတခု ခုံရုံးက ဆောင်ရွက်ဖို့ လိုသလဲဆိုတော့ ဟိုဘက်က ဦးဝင်းမြင့်ဆိုလည်း အဆိုပြုခဲ့တာရှိတယ်လေ။ နိုင်ငံတော် သမ္မတကြီးရဲ့ ပုဒ်မ ၆ ခုလုံးနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆ ခုစလုံးမှာ ညွှန်းတာရှိတယ်လေ။ ပါတီ တာဝန်မှာလေ နိုင်ငံတော် သမ္မတကြီး တာဝန်ကို ထမ်းဆောင်လို့ရှိရင် ပါတီလုပ်ငန်းများကို ဆောင်ရွက်ခြင်း မပြုရဆိုတဲ့ ပုဒ်မ ၆၄ နဲ့ပတ်သက်တဲ့ ပိတ်ပင်ထွက်ဆိုချက်၊ အခု ခုံရုံး ဥက္ကဌ ဟာ ပထမဆုံး အဓိပ္ပါယ် ဖွင့်ဆိုပေးရမယ့် သဘော ဖြစ်သွားတာပေါ့။”

အခု လက်ရှိ ဖွဲ့စည်းပုံ ခုံရုံးရဲ့ ဥက္ကဋ္ဌ ဦးမြသိန်း မတိုင်ခင်တုန်းက ဖွဲ့စည်းပုံ ခုံရုံးရဲ့ ဥက္ကဋ္ဌ ကတော့ ဦးသိန်းစိုး ဖြစ်ပါတယ်။ အဲ့ဒီတုန်းကတော့ ခုံရုံး ဥက္ကဋ္ဌကို သမ္မတက တိုက်ရိုက် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဦးသိန်းစိုး ဦးဆောင်တဲ့ ခုံရုံးအဖွဲ့ဝင်တွေ ရာထူးက နှုတ်ထွက်အပြီး ပြန်လည် ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥပဒေသစ်ကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး မပေးခဲ့လို့ ပြဌာန်းပြီး ၇ ရက်အတွင်းမှာ သမ္မတ လက်မှတ်မထိုးဘဲ အတည်ဖြစ်ခဲ့တဲ့ ဥပဒေတရပ်အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG