သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်အားနည်းချက်တွေ ဥက္ကဌ ဦးရွှေမန်းချပြ


လွှတ်တော်များ အရည်အသွေးမြှင့်တင်ရေး အစည်းအဝေး စက်တင်ဘာလ ၂ ရက် ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ ကျင်းပစဉ် (ဓာတ်ပုံ - H.E. Thura U Shwe Mann Facebook)
လွှတ်တော်များ အရည်အသွေးမြှင့်တင်ရေး အစည်းအဝေး စက်တင်ဘာလ ၂ ရက် ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ ကျင်းပစဉ် (ဓာတ်ပုံ - H.E. Thura U Shwe Mann Facebook)

မြန်မာနိုင်ငံမှာ လွှတ်တော်နဲ့ ပတ်သက်တဲ့ အသိပညာ ပြန့်ပွားရေး ဝိုင်းဝန်ကူညီကြဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းလိုက်ပါတယ်။

လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ လွှတ်တော် အားကောင်းရှင်သန်ရေး လိုအပ်နေကြောင်းလည်း မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်များ အရည်အသွေးမြှင့်တင်ရေး အစည်းအဝေးမှာ သူရဦးရွှေမန်းက ပြောသွားပါတယ်။ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့တဲ့ ဒီအစည်းအဝေးမှာ အဓိက ဆွေးနွေးချက်တွေကို မအင်ကြင်းနိုင်က ကောက်နှုတ် တင်ပြထားပါတယ်။

အဲဒီအစည်းအဝေးမှာ အဓိက ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကတော့ လွှတ်တော် အရည်အသွေး မြှင့်တင်ရေး ဘယ်လိုဆောင်ရွက်မလဲ၊ ၂၀၁၅ ရွေးကောက်ပွဲအပြီး အသစ်ပြန်စမယ့် လွှတ်တော်မှာ ဘာတွေ လိုအပ်ချက်ရှိမလဲ၊ အရင်က လွှတ်တော်နဲ့ ပတ်သက်တဲ့ အသိပညာပေး လှုပ်ရှားမှုတွေ ဘယ်လောက်အထိ ထိရောက်မှုရှိသလဲ စသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး သုံးသပ်ခဲ့ကြတာပါ။

အစည်းအဝေးကို ဦးဆောင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း လွှတ်တော်ဆိုင်ရာ ကိစ္စရပ်တွေကို ပြည်သူအများသိရှိအောင် ဆောင်ရွက်ရာမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဝိုင်းဝန်းကူညီဖို့ တိုက်တွန်းသွားပါတယ်။

“ကျနော်တို့ လွှတ်တော်သည်လည်း အရည်အသွေး ကောင်းအောင်၊ capacity မြင့်မားအောင် ဆောင်ရွက်နေတဲ့အပြင် ကျနော်တို့ လွှတ်တော်တွေကိုလည်း ပြောမယ်ဆိုရင် ပညာပေးတယ်၊ debate လုပ်တယ်၊ ဆွေးနွေးတယ်။ ကျနော်တို့နိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေ အဖွဲ့အစည်းတွေကိုလည်း လွှတ်တော်က ဘာလဲ။ လွှတ်တော်တာဝန်က ဘာလဲ ဆိုတာတွေကို နိုင်ငံတကာ အဖွဲ့အစည်းများအနေနဲ့ ခေတ်မီအောင် ဆောင်ရွက်ပေးမယ်ဆိုရင် ပိုပြီး ကောင်းမယ်လို့ ကျနော် ဒီလိုပဲ ယူဆပါတယ်။”

ငါးနှစ်တာသက်တမ်းတွင်း လွှတ်တော်ဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သိရှိနားလည်မှုမှာ အားနည်းချက်တွေ ရှိခဲ့တယ်လို့လည်း သူရဦးရွှေမန်းက ပြောသွားပါတယ်။

“ကျနော်တို့ လွှတ်တော်ရဲ့ အားနည်းချက်ကို ပြောမယ်ဆိုရင် ကျနော်တို့ လွှတ်တော်မှာက အတွေ့အကြုံနည်းတာအပြင် ဒီနေ့ လွှတ်တော်ကိုယ်ထဲကရော၊ လွှတ်တော်ကော်မတီထဲကရော ကျနော်တို့ဆီမှာ ဘတ်ဂျက်ဆိုင်ရာ ပြီးတဲ့အခါမှာ အခွန်ကောက်ဆိုင်ရာ ကျွမ်းကျင်သူ နားလည်သူ မရှိဘူး။ မရှိတဲ့အတွက် အဲဒီအချိန်မှာ ပြည်ထောင်စု အစိုးရ တင်ပြလာတဲ့ ဘတ်ဂျက်၊ စီမံကိန်း၊ အခွန်အကောက်ကိစ္စတွေကို ကျနော်တို့ နားလည်သလောက်နဲ့ အားရှိသလောက်နဲ့ ကျနော်တို့ လုပ်နေတယ်။”

လွှတ်တော်များ အရည်အသွေးမြှင့်တင်ရေး အပိုင်းမှာတော့ လွှတ်တော်ဝန်ထမ်းတွေရဲ့ အရည်အချင်းမြှင့်တင်ပေးဖို့ ပိုပြီး အရေးကြီးတယ်လို့ အစည်းအဝေးကို တက်ရောက်လာတဲ့ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောပါတယ်။

“လွှတ်တော်ရဲ့ အရည်အချင်း မြှင့်တင်ရေးအတွက် စီမံကိန်းတွေကို ဝန်ထမ်းတွေအတွက် ပိုပြီးတော့ ဦးစားပေးပြီးတော့ လုပ်စေချင်တယ်လို့ ကျမပြောခဲ့ပြီးသား ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်စားလှယ်များရဲ့ အရည်အချင်းတွေဆိုတာ တနည်းအားဖြင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေရဲ့ တာဝန်ပဲဖြစ်တယ်။ ကိုယ်စားလှယ်တွေ တဦးချင်းတဦးချင်းရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီက ဝန်ထမ်းတွေကို အရည်အချင်း မြှင့်တင်ပေးဖို့ ဆိုတာကလည်း လွှတ်တော်မှာ အဓိက တာဝန်ရှိပါတယ်။ အဲဒါကိုလည်း ကျမ အင်မတန်မှ အလေးထားပါတယ်။ ကျမ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တချို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝန်ထမ်းများဟာ လွှတ်တော်ကိုယ်စားလှယ်များ ခိုင်းဖို့လို့ပဲ သူတို့ ထင်နေကြပါတယ်။ ဒီလိုမဟုတ်ပါဘူး။ ဝန်ထမ်းများဟာ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် မဟုတ်ပါဘူး။ လွှတ်တော်အတွက် ဖြစ်ပါတယ်။ နိုင်ငံအတွက် ဖြစ်ပါတယ်။ အဲတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းများဟာ တွဲပြီးတော့ လွှတ်တော်ရဲ့ အရည်အချင်း မြင့်အောင်လို့ လုပ်ရမှာ ဖြစ်ပါတယ်။”

အခုလို လွှတ်တော်တွေရဲ့ အရည်အသွေးမြှင့်တင်ရေး ဆောင်ရွက်ရာမှာ လွှတ်တော်အမတ်တွေကိုယ်တိုင် အရည်အချင်း ပြည့်ဝဖို့လိုတယ်လို့ ကချင်ပြည်နယ် အင်ဂျိုင်းယန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဗွီအိုအေကို ပြောပါတယ်။

“လွှတ်တော်အမတ်တိုင်း အမတ်တိုင်းက အရည်အချင်းပြည့်မယ်ဆိုလို့ရှိရင် ကျမတို့ လွှတ်တော် တခုလုံးက အရည်အချင်း ပြည့်လာမှာဖြစ်တယ်။ အဓိကကတော့ ကျမတို့ လွှတ်တော်က ဆောင်ရွက်ရတာ တခုက ကျမတို့တာဝန်က ဥပဒေပြုရေး ဖြစ်ပါတယ်။ ဥပဒေပြုရေးဆိုတဲ့အခါမှာ ကျမတို့က အားလုံးက ဥပဒေပညာရှင်တွေ ဖြစ်ဖို့တော့ မလိုပါဘူး။ ဒါပေမဲ့ ဥပဒေကို ကျမတို့က ပိုပြီးတော့ နားလည်တယ်ဆိုရင်တော့ ပိုပြီး ကောင်းပါတယ်။ နံပါတ်နှစ်ကတော့ ကျမတို့က ဘတ်ဂျက်ဖြစ်ပါတယ်။ လွှတ်တော်ဆိုတာ ကျမတို့က ဘတ်ဂျက်တွေကို အတည်ပြုပေးရပါတယ်။ အဲတော့ ကျမတို့က ဒီ ဘတ်ဂျက်နဲ့ ပတ်သက်ပြီးမှ နားလည်ဖို့ လိုပါတယ်။ နောက်တချက်ကတော့ ကျမတို့ အစိုးရပေါ့နော် လွှတ်တော်၊ တရားဥပဒေပြုရေး တရားရေး အဲဒီ မဏ္ဍိုင် ၃ ရပ်က တခုနဲ့တခု ကျမတို့က ထိန်းကျောင်းရမှာဖြစ်ပါတယ်။ ဘယ်အရာတွေဟာဆိုရင် ကျမတို့ ပြောဖို့လိုတယ်။ ဘယ်ဟာတွေကို မှန် မမှန် ထောက်ပြဖို့နဲ့ ဒီတရားစီရင်ရေးကဏ္ဍတွေ မှန် မမှန် ထောက်ပြဖို့ ကျမတို့ ရဲရဲဝံ့ဝံ့ ကျမတို့ ထောက်ပြဖို့ လိုပါတယ်။”

စက်တင်ဘာလ ၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်များ အရည်အသွေး မြှင့်တင်ရေး အစည်းအဝေးကို နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU)၊ House of Commons, UK ၊ Hanns Seidel Foundation၊ Cuso International Organization၊ Myanmar Scholarship Alumni Association (MSAA) တို့လည်း တက်ရောက်ခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG