သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖုန်းခွန် ကင်းလွတ်ခွင့် လွှတ်တော်မှာ အရေးကြီး အဆိုတင်


ပြည်ထောင်စုလွှတ်တော်။ နေပြည်တော်။
ပြည်ထောင်စုလွှတ်တော်။ နေပြည်တော်။

လာမယ့် ဇွန်လ ၁ရက်နေ့မှာ စတင်ကောက်ယူမယ်လို့ အစိုးရက ထုတ်ပြန်ထားတဲ့ တယ်လီဖုန်းပြောခ အပေါ် ကုန်သွယ်ခွန် ၅%ကောက်ခံမယ့်စနစ်ကို ခုလာမယ့် ၂၀၁၅-၂၀၁၆ ဘက်ဂျက် ကာလအတွင်းမှာ ကင်းလွတ်ခွင့်ပေးဖို့ ပြည်ထောင်စု လွှတ်တော် မှာ ဒီကနေ့ လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပါတယ်။ ဒီလို တင်သွင်းတာကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ် လိုက်တာကြောင့် မနက်ဖြန် လွှတ်တော်မှာဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခ ကပေးပို့ထားပါတယ်။

တယ်လီဖုန်းပြောခ အပေါ် ကုန်သွယ်ခွန် ၅%ကောက်ခံမယ့်စနစ်ကို ခုလာမယ့် ၂၀၁၅-၂၀၁၆ ဘက်ဂျက် ကာလအတွင်းမှာ ကင်းလွတ်ခွင့်ပေးဖို့ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ကြံ့ခိုင်ရေးပါတီက အမရပူရ အမတ် ဦးသိန်းထွန်းဦးက တင်ခဲ့တာပါ။ အဆိုရှင်က လက်ရှိမှာ ပြည်သူတွေ အနေနဲ့သက်သာစွာ ဖုန်း အသုံးပြုနိုင်ခွင့်ရရှိတာမှာ မကြာမြင့်သေးတဲ့အတွက် အခုလိုကောက်ခံ မှုကိုမဖြစ်သင့်သေးကြောင်း ဒီအတွက် ဒီအဆိုကို အရေးကြီးအဆိုအနေနဲ့ တင်သွင်းတာဖြစ်တယ်လို့ ခုလိုပြောပါတယ်။

"ဒီလို မိုဘိုင်းဖုန်းတွေကို တွင်တွင် ကျယ်ကျယ် သုံးစွဲမှုက အချိန်ကာလ က အလွန် တိုတောင်းနေပါသေးတယ်ဗျ။ မကျေမနပ်တဲ့ အသံတွေပေါ်ထွက်လာတာကို ကြားသိရတယ်။ ဒီအဆိုကို စောစောက ကျနော် တင်ပြခဲ့တဲ့ အဆိုကို အရေးကြီး အဆိုအနေနဲ့ တင်သွင်းရပါတယ်။"

ဒီတင်ထားတဲ့ အဆိုနဲ့ပတ်သတ်ပြီး မနက်ဖန်လွှတ်တော်မှာ ဆက်လက်ဆွေးနွေး မှာပါ။ ဆွေးနွေးပြီးမှသာ အခွန်ကင်းလွတ်ခွင့်ပေးမယ် မပေး ဘူးဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒီအဆိုကို လွှတ်တော်က မဲခွဲပြီးဆုံးဖြတ်နိုင်ဖွယ်ရှိပြီး မဲအရေအတွက် အရ အဆိုနိုင်ပါက ဒီဘဏ္ဍာနှစ်မှာ တယ်လီဖုန်းခွန်ကို အခွန်ပေးဆောင်ရတော့မှာ မဟုတ်ဘဲလာမယ့် ဘဏ္ဍာနှစ်မှ သာပေးဆောင် ရတော့မှာဖြစ် ပါတယ်။ လက်ရှိမှာ အစိုးရကောက်ခံနေတဲ့ အခွန်စနစ်နဲ့ပတ်သတ်ပြီး လွှတ်တော်မှာ အသေးစိတ်ရှင်းလင်းရန်လိုအပ်ကြောင်း အဆိုရှင် က ခုလိုသုံးသပ်ပြောဆို လိုက်ပါတယ်။

"ဒီ ပုံမှန် လုပ်ငန်းခွန်ကို ကျနော်တို့ ဥပဒေထဲမှာကင်းလွတ်တဲ့ ဝန်ဆောင်မှုမှ အပ ကျန်တာတွေကို ကျနော်တို့ ကျန်တာတွေကို ဆောင်ရမယ်ဆိုတဲ့ သဘော သဘာဝ ရေးထားတဲ့ အခါကျတော့ ဥပဒေကြမ်းတင်ကတည်းက ရှင်းပြသင့်ပါတယ်။ ရှင်းပြမှု မလုပ်ဘဲနဲ့ အခုလို ဒီစုပြီး ရောပြွန်းပြီး လုပ်တဲ့အခါမှာ ကျနော်တို့ အကောက်ရ လွယ်တဲ့ ဒီကိစ္စကို ဦးတည်ပြီး စလာတဲ့ဟာကတော့ နဲနဲလေး လိုအပ်ချက်တွေ များ ရှိနေဦး မလား။ အခြေခံ လူတန်းစားတွေထဲက ကောက်ခံ မယ့့် အစား အမှန်တကယ် စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေထဲကရော အခွန်ကြေနေပြီလား"

ပြီးခဲ့တဲ့ တနင်္လာနေ့က အစိုးရဖက်က ထုတ်ပြန်ကြေညာချက်မှာတော့ မြန်မာ့ ဆက်သွယ်ရေး MPT အော်ရီဒူး တယ်လီနော စတဲ့ ဖုန်းငွေဖြည့်ကဒ်တွေကို ဝယ်ယူသုံးစွဲပါက အခွန် ၅% ကောက်ခံသွားမယ်ဟု
ပြီးခဲ့တဲ့ တနင်္လာနေ့ က စတင် ကြေညာ ခဲ့ပါတယ်။ ကြေညာချက် အရ လာမယ့်ဇွန် ၁ရက်နေ့ မှာ အဲဒီကုန်သွယ်ခွန်ကို စတင်ကောက်ခံမှာပါ။ အခွန် ကောက်ခံမှုအရ ဖုန်းငွေဖြည့်ကဒ် ၁၀၀၀ဖိုးသုံးသူအနေနဲ့ ကုန်သွယ်ခွန် ၄၀ကျပ်၊ ၃၀၀၀ဖိုးသုံးသူ အနေနဲ့ ကုန်သွယ် ခွန် ငွေကျပ် ၁၀၀ကျော်၊ ၁၀၀၀၀ဖိုးသုံးသူအနေနဲ့ ကုန်သွယ်ခွန် ငွေကျပ် ၅၀၀ နီးပါး ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုပေးဆောင်ရမှာဖြစ် တဲ့အတွက် ပြည်သူတွေကြား ထဲ ဝေဖန်မှုတွေ မြင့်တက်နေ လျက်ရှိပါတယ်။

ဒီလိုအခွန်ကောက်ခံမယ့်အပေါ် ဖုန်းသုံးစွဲသူ အနုပညာရှင် တဦးက နိုင်ငံတကာမှာ လို အခွန်ပေးဆောင်ရခြင်းမှာ အဆန်း မဟုတ်သော် လည်း နိုင်ငံတကာမှာကဲ့သို့ အခွန်ထမ်းသူတွေ အတွက် ရပိုင်ခွင့်တွေကို အစိုးရအနေနဲ့ ပေးစေချင်ကြောင်း လက်ရှိမှာ နိုင် ငံတကာကဲ့သို့အခွန်ကောက်ရန် စီစဉ်နေသော်လည်း နိုင်ငံတကာလို ဝန်ဆောင်မှု မပေးနိုင်ခြင်းမှာ မဖြစ်သင့်ကြောင်း အခုလိုသုံးသပ်ပြောဆိုပါတယ်။

"အခွန်ကောက်တာကို နိုင်ငံတနိုင်ငံအနေနဲ့ တခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်း စဉ်းစားမယ် ဆိုရင် တခြားနိုင်ငံတွေအတိုင်း ပေးနေတဲ့ အခွင့်အရေးတွေရနေတဲ့ အတိုင်းပေးသင့်တယ်။ အခုဟာက စားဖို့သောက်ဖို့တောင် နပ်မမှန်တဲ့ ကိစ္စမှာ ဒီ ဖုန်းပြောတဲ့ဟာက အစ အခွန်လာကောက်နေတာကတော့ သိပ်သဘာဝ မကျဘူးပေါ့"

သင်္ဃန်းကျွန်းမှာနေထိုင်ပြီး မြန်မာ့ဆက်သွယ်ရေးတယ်လီဖုန်းသုံးစွဲသူ မသီရိကလည်း အခွန်ကောက်ခံရန် အတွက်သာ အစိုးရအနေနဲ့ ထုတ်ပြန် ကြေညာခဲ့ပြီး လက်တွေ့မှာ ကောက်ခံခဲ့တဲ့အခွန်အခတွေကို မည်သည့်နေရာတွင်သုံးစွဲမည်၊ မည်သို့စီမံခန့်ခွဲမည်ကို အသေးစိတ်ပြောဆိုခြင်း မရှိခဲ့တဲ့အတွက် ပြည်သူတွေက အခွန်ပေးဆောင်မှုအပေါ် မကြေမနပ်ဖြစ်လျှက်ရှိတယ်လို့ အခုလိုပြောပါတယ်။

"အဲဒါ ၅% ကောက်တာ သူတို့ ဘာအတွက်ကောက်တာလဲ ရှင်းပြမထားဘူး။ အဲဒီ ရတဲ့အခွန် ဘာလုပ်မယ်ဆိုတာလည်း မပြောဘူး။ ဘာကြောင့်ကောက်ရတယ် ဆိုတာ အသေးစိပ်လည်း ပြောမထားဘူး။ ပြည်သူတယောက် ပေးချင်အောင် သူတို့ဘာမှ ရှင်းပြမထားတဲ့ အခါမှာကျတော့ ပေးရတာကို မတန်ဘူးလို့ ထင်သွားတာ"

လက်ရှိမှာတော့ ဒီလိုကောက်ခံမယ့် အခွန်နှုန်းအတွက် ပြည်သူ အများစုကဝေဖန်လျက်ရှိပြီး အခွန်ကောက်ခံမှု ပုံစံအပေါ် ထောက်ပြဝေဖန်လျှက်လျက်ရှိပါတယ်။



XS
SM
MD
LG