သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကိုယ်စားလှယ် ပိုင်ဆိုင်မှု စာရင်းထုတ်ပြန်ချက်အပေါ် အမြင်


ပြည်သူ့လွှတ်တော်ကျင်းပစဉ်။
ပြည်သူ့လွှတ်တော်ကျင်းပစဉ်။

ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့ အချိန်မှာပဲ နိုင်ငံရေး ပါတီတွင်းက ဘဏ္ဍာရေး သုံးစွဲမှုတွေ၊ ပါတီဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို အများပြည်သူ သိရှိနိုင်အောင် ထုတ်ပြန်ဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ အာဏာရပါတီကတော့ ဒီလိုထုတ်ပြန်ကြေညာဖို့ မလိုဘူးလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

လက်ရှိပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေမှာ ပါတီတခုအနေနဲ့ နိုင်ငံပိုင်ပစ္စည်း၊ ငွေကြေး၊ ယာဉ်အဆောက်အအုံ တို့ကိုတိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ သုံးခြင်း၊ နိုင်ငံခြားတိုင်းပြည်တခုခု၊ ဒါမှမဟုတ် အဖွဲ့စည်းတခုခုမှ ငွေကြေး၊ ပစ္စည်း၊ အထောက်အပံယူခြင်း မပြုရလို့ တားဖြစ်ထားပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်ကိုယ်စားလှယ်တဦး ပိုင်ဆိုင်ခွင့်နဲ့ ပါတီပိုင်ဆိုင်ခွင့်ကို ကြေညာဖို့ ပြဌာန်းမထားတဲ့အတွက် မသမာမှုတွေဖြစ်နိုင်တယ်လို့ ထောက်ပြနေကြတာပါ။

အမျိုးသားဒီမိုကရေစီအင်အားစုက ပါတီဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကတော့ လွှတ်တော်ကိုယ်စား လှယ်တိုင်း ပိုင်ဆိုင်ခွင့်ထုတ်ပြဖို့လိုကြောင်း၊ ဒီလိုဥပဒေရှိလာအောင် တင်ပြသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ တရားဝင်ထုတ်ပြန် ချက်တွေအရ လွှတ်တော်ကိုယ်စားလှယ်မဖြစ်သင့်တဲ့အရည်ချင်းမှာ နိုင်ငံပိုင်ငွေမသုံးဖို့ နိုင်ငံခြားအထောက်အပံ့ယူကာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရလို့ ထုတ်ဖော်ထားပေမယ့် စိစစ်ဖို့အားနည်းနေကြောင်း ဒါကိုထိရောက်အောင်တားဖို့ ဥပဒေရှိ ဖို့လိုတယ်လို့ပြောပါတယ်။

“ဒါက ကျနော်တို့က လာမယ့် လွှတ်တော်မှာ၊ သို့မဟုတ် အခုမကုန်ဆုံးသေးတဲ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှု စာရင်းအင်းကို ကြေညာရမယ်ဆိုတဲ့ ဥပဒေတခု ထုတ်ပြန်ဖို့လိုတယ်။ အဲဒီဥပဒေ ထုတ်ပြန်လို့ရှိရင် ဘယ်သူမှ ငြင်းပယ်လို့ မရတော့ဘူး။ အတိအလင်း ဥပဒေပြဌာန်းပြီးတော့ လုပ်ကိုလုပ်ရမယ်။”

အရင်က နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှုတွေမှာ အများပြည်သူနဲ့ဆိုင်တဲ့ ငွေကြေးတွေကို သုံးစွဲနေတယ်လို့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့တာပါ။ ပြည်ခိုင်ဖြိုးပါတီရဲ့ ဘဏ္ဍာငွေရရှိမှုနဲ့ ပါတီဝင်ကိုယ်စားလှယ်တဦးချင်းဆီရဲ့ပိုင်ဆိုင်မှုအပေါ်မှာ ဝေဖန်မှုတွေ ရှိနေပေမယ့် ပါတီတွဲဖက် ဥက္ကဌ ဦးဌေးဦးကတော့ ပါတီဝင်ကိုယ်စားလှယ် တဦးချင်းဆီရဲ့ပိုင်ဆိုင်မှုကို ပြည်သူတွေသိအောင်ချပြမှာ မဟုတ်ဘူးလို့ ပြောပါ တယ်။

“ကျနော်တို့ ချပြဖို့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ထဲရောက်တဲ့ အမတ်တွေက စီးပွားရေးလုပ်တဲ့လူတွေ မဟုတ်ဘူး။ စီးပွားရေးမလုပ်တဲ့အတွက် ပိုပြီးချမ်းသာလာတယ်၊ မတရားလုပ်နိုင်တယ်ဆိုတဲ့ အခွင့်အရေးတွေ ရှိတယ်ဆိုတာလည်း တကယ်တော့ မရှိပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီအကြောင်းနဲ့ ပတ်သက်လို့လည်း ကြိုပြီးစဉ်းစားထားတာရှိတယ်။ အဲဒီအထဲမှာ ကန့်သတ်ထားတာရှိတယ်။ သမ္မတတို့၊ ဒုတိယသမ္မတတို့ အစိုးရအဖွဲ့၊ နောက်ပြီး ထိပ်ဆုံးကပုဂ္ဂိုလ်တွေက လုပ်ပိုင်ခွင့်လည်းများတယ်။ လုပ်ပိုင်ခွင့်များတဲ့ ပုဂ္ဂိုလ်တွေ ဆိုလို့ရှိရင်တော့ ခင်ဗျားတို့မှာ ဘယ်လောက်ရှိသလဲ ဆိုတဲ့ဥစ္စာကို ကြေညာရတယ်။ ကြေညာတယ်ဆိုတာ လူထုကို ကြေညာတာမဟုတ်ဘူး။ သူတို့မှတ်တမ်းထားတာ၊ မှတ်တမ်းထားပြီးတော့မှ သိမ်းထားတယ်။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာကိုက ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်လို့ ဘာမှကန့်သတ်တာ မရှိဘူး။ လွှတ်တော် ကိုယ်စားလှယ်လောင်းဆိုတာ ဥပဒေပြုရေးပဲ၊ အခုတော့ မလိုသေးဘူးလို့ ကျနော်ထင်တယ်။”

ဒီအပေါ်မှာလည်း ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ သူကပြောပါတယ်။

“ကျနော်တို့ ဥစ္စာတွေကို စာရင်းတွေ အကုန်စစ်ခံရတယ်။ အစစ်ခံရပြီးတော့မှ အစိုးရဘတ်ဂျက်နဲ့ ဆိုတဲ့ဥစ္စာတွေ တခုမှမရှိခဲ့ဘူး။ ဒါကြောင့် ကျနော်တို့က ပြောရဲတယ်၊ ဒီဥစ္စာနဲ့ပတ်သက်လို့ စာရင်းလည်း အစစ်ခံပြီးပြီ။ အဲဒီတုန်းကလည်း ကျနော်တို့ မဆောင်ရွက်ခဲ့ဘူး၊ ငွေတွေဘယ်လိုရသလဲ၊ သူများတွေရသလို ရတာပဲ၊ သူများတွေရသလိုဆိုတာ ပြည်သူတွေ တော်တော် များများရသလို၊ အဲဒီလောက်တောင် မရပါဘူး တကယ်တမ်းပြောလို့ ရှိရင်တော့။ လုပ်ငန်းတွေ လိုအပ်တာပေါ့။ စိုက်ပျိုးရေးတွေရှိတယ်။ စိုက်ပျိုးရေးကတော့ ဒီလောက်များများစားစား မရဘူး။ သို့သော်လည်းပဲ မွေးမြူရေးရှိတယ်၊ မွေးမြူရေး ကတော့ ထိုက်သင့်သလောက်ရပါတယ်။ အခုလည်းရှိပါတယ်။ တခါတလေကျတော့လည်း ကုန်သွယ်မှုရှိတယ်။ ကုန်သွယ်မှုဆိုတဲ့ ဥစ္စာမျိုးတွေကျတော့ ကျနော်တို့ လုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့လို့ အမြဲတမ်း မရပါဘူး။”

မကြာသေးခင် ရက်ပိုင်းတွေ အတွင်းမှာပဲ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ရုတ်တရက် ဖြစ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ အပေါ် ဘဏ္ဍာရေးအရ သုံးစွဲမှုတွေကိုလည်း အများက မေးခွန်းထုတ်လာကြတာပါ။ အထူးသဖြင့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေ လုပ်တဲ့အခါ အများပြည်သူနဲ့ သက်ဆိုင်တာတွေကို သုံးစွဲတာတွေ ရှိနိုင်တယ်လို့လည်း ဝေဖန်သူတွေက ထောက်ပြနေကြတာ ဖြစ်ပါ တယ်။

XS
SM
MD
LG