သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ချေမှုန်းရေး ရုရှား ပြင်သစ် လက်တွဲမည်


ပြင်သစ်သမ္မတနဲ့ ရုရှားသမ္မတ ရုရှားနိုင်ငံ မော်စကို မှာ တွေ့ဆုံ။ (နိုဝင်ဘာ ၂၆၊ ၂၀၁၅)
ပြင်သစ်သမ္မတနဲ့ ရုရှားသမ္မတ ရုရှားနိုင်ငံ မော်စကို မှာ တွေ့ဆုံ။ (နိုဝင်ဘာ ၂၆၊ ၂၀၁၅)

ဆီးရီးယားမှာ IS စစ်သွေးကြွတွေရဲ့ အဓိကပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေမှာ ပိုမို ထိရောက်စေဖို့ IS စစ်သွေးကြွတွေနဲ့ တခြား အစွန်းရောက်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို အပြန်အလှန် လဲလှယ်ကြဖို့ သူနဲ့ ရုရှားသမ္မတ Vladimir Putin တို့ သဘောတူခဲ့ကြတဲ့ အကြောင်း ပြင်သစ် သမ္မတ Francois Hollande က ပြောဆိုလိုက်ပါတယ်။

ဘယ်သူ့ကိုပစ်မယ်၊ ဘယ်သူ့ကိုတော့ မပစ်ဘူးဆိုတာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကို လဲလှယ်သွားမှာဖြစ်တဲ့အကြောင်း ကြာသပတေးနေ့ က မော်စကိုမှာ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြပြီးနောက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း သမ္မတ Hollande က ပြောဆိုခဲ့တာပါ။

သိပ်ကိုအရေးကြီးသလို၊ ဒီသဘော တူညီချက်က- အကြမ်းဖက်သမားတွေနဲ့ IS တွေကိုပဲ ဗုံးကြဲတိုက်ခိုက်ဖို့ ဖြစ်ပြီး၊ အကြမ်းဖက်သမားတွေကို တိုက်နေတဲ့ တပ်ဖွဲ့တွေအပေါ် ဗုံးကြဲတိုက်ခိုက်ဖို့ မဟုတ်ဘူး ဆိုတာကိုလည်း သမ္မတ Hollande က ပြောသွားခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်ကလည်း - IS အဖွဲ့ ပစ်မှတ်တွေကို ရွေးချယ် တဲ့နေရာမှာ ပြင်သစ်၊ အမေရိကန် တို့နဲ့ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားရေး ရုရှားက လမ်းဖွင့်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

IS စစ်သွေးကြွတွေကို ချေမှုန်းဖို့ ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းနိုင်အောင် သံတမန်ရေးအရ ကြိုးပမ်းတဲ့ အနေနဲ့ ပြင်သစ်သမ္မတ Hollande မော်စကိုမြို့တော် မှာ ရောက်ရှိနေတာဖြစ်ပြီး၊ ဒီမတိုင်ခင်ကလည်း အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်နဲ့ အီတလီ နိုင်ငံတွေဆီ သွားရောက်ခဲ့ပါတယ်။

ဆီးရီးယားအရေး နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့ ကြိုးပမ်းနေတဲ့ တချိန်တည်းမှာပဲ - ဘုံရန်သူကို တိုက်ခိုက်ရေးမှာ ပိုမို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးဖို့ ကြာသပတေးနေ့က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံခဲ့တာပါ။

ပြင်သစ်နဲ့ ရုရှားနိုင်ငံတို့ဟာ မကြာသေးခင်ကပဲ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။ လူပေါင်း ၁၃၀ သေဆုံးခဲ့ရပြီး၊ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြတဲ့ ပဲရစ်မြို့မှာ နိုဝင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်မှုတွေနဲ့ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ လူပေါင်း ၂၂၄ ယောက်စလုံး သေဆုံးခဲ့ရတဲ့ အီဂျစ်နိုင်ငံ ဆိုင်နိုင်းကျွန်း ဆွယ်ပေါ်မှာ အောက်တိုဘာလ ၃၁ ရက်နေ့က ရုရှားလေယာဉ် ဗုံးပေါက်ကွဲခဲ့ရတဲ့ ကိစ္စတွေဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ IS စစ်သွေးကြွတွေက ပြောဆိုထားတာပါ။

XS
SM
MD
LG