သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်စကာ မင်းသား Forest Whitaker မြန်မာ ပြည် ရောက်


UNESCO ချစ်ကြည်ရေး သံတမန် အော်စကာ ဆုရှင် Forest Whitaker ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ။ သတင်း ဓာတ်ပုံ- NLD Chairperson.
UNESCO ချစ်ကြည်ရေး သံတမန် အော်စကာ ဆုရှင် Forest Whitaker ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ။ သတင်း ဓာတ်ပုံ- NLD Chairperson.

မြန်မာနိုင်ငံ ကို ရောက်နေတဲ့ UNESCO ချစ်ကြည်ရေး သံတမန် အော်စကာ ဆုရှင် Forest Whitaker က မြန်မာ့ အရပ်ဖက် အဖွဲ့အစည်း ခေါင်းဆောင်တွေ ၊ နိုင်ငံရေး ခေါင်းဆောင်တွေ နဲ့မြန်မာ့ ငြိမ်းချမ်းရေး နောက် လူမျိုးရေး ဘာသာရေး ပြဿနာတွေ နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ UNESCO အစီအစဉ်နဲ့ လာရောက်တဲ့ အမေရိကန် ရုပ်ရှင် မင်းသား Forest Whitaker ဟာ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကမ္ဘာကျော် ရုပ်ရှင် မင်းသား Forest Whitaker အနေနဲ့ မြန်မာ့ ငြိမ်းချမ်းရေး နဲ့ ပြန်လည် ရင်ကြားစေ့ရေး ကို ဘယ်လို မြှင့်တင်ပေးနိုင်မလဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေး နဲ့ ပြည်လည် ရင်ကြားစေ့ရေးကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ချက် နဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နဲ့ ယဉ်ကျေးမှု အဖွဲ့ရဲ့ ချစ်ကြည်ရေး သံတမန် အော်စကာ ဆုရှင် Forest Whitaker မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ဗုဒ္ဓဟူးနေ့ မှာတော့ နိုင်ငံရေး နဲ့ လူမှုရေး နယ်ပယ် က ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ UNESCO ဌာနချုပ်ရဲ့ ကမ်းလှမ်းချက်နဲ့ ဒီအစီအစဉ်ကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ Center for Diversity & National Harmony ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ပြောပါတယ်။

"UNESCO ရဲ့ Goodwill Ambassador အနေနဲ့ ရောက်လာတယ်လေ။ Peace and Reconciliation အဲ့ဒီ့ကိစ္စ အတွက် Promote လုပ်ဖို့အတွက် သူရောက် လာတယ်။ ရောက်လာတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး နဲ့ နောက် Communal Problem တွေကို ဖြေရှင်းတဲ့ နေရာမှာ နိုင်ငံတွင်းမှာ ဘာတွေ လုပ်နေတယ်ဆိုတာ သိနိုင်ဖို့ အတွက် UNESCO HEAD ကနေ ကျနော့်ကို နည်းနည်းလေး ဆွေးနွေးပေး ပါ လို့ အကူအညီတောင်းလို့ ဒါ ရတယ်ဆိုပြီး ပြောတယ်။ ပြောပြီးတဲ့ အခါကျတော့ ရောက်မှာတော့ သူတို့ ဒီဘက်က interfaith dialogue နဲ့ communal ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဝိုင်းဝန်း လုပ်ကိုင်နေတဲ့ အရပ်ဖက် လူ့အဖွဲ့အစည်း က ခေါင်းဆောင်တွေနဲ့ တွေ့သွားသင့်တယ်လို့ ကျနော်က ပြောတော့ တွေ့မယ်။ နည်းနည်းလည်း စကားပြောမယ်ဆိုတော့ အဲ့တာလေးကို ကျနော်က Dinner နဲ့ နည်းနည်းလေး စီစဉ်ပေးလိုက်တယ်။ "

မြန်မာနိုင်ငံကို ပထမဆုံး အကြိမ်အဖြစ်လာရောက်ခဲ့တဲ့ UNESCO ရဲ့ ချစ်ကြည်ရေး သံတမန် အော်စကာ ဆုရှင် Forest Whitaker နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက တာဝန်ရှိသူတွေလည်း တက်ရောက်ကြပြီး မြန်မာနိုင်ငံတွင်း လူမျိုးရေ ဘာသာရေး ပြဿနာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။

ထင်ရှားကျော်ကြားသူလည်းဖြစ် ကမ္ဘာတလွှား အနုပညာ သြဇာကြီးတဲ့ အော်စကာ ဆုရှင် အမေရိကန် ရုပ်ရှင်မင်းသား တဦး မြန်မာ့ ငြိမ်းချမ်းရေး နဲ့ ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်မှာ သံတမန်တဦး အဖြစ် ပါဝင်လုပ်ဆောင် လာတာကြောင့် မြန်မာ့ အရေးကို ကမ္ဘာက ပိုပြီး သိရှိ သဘောပေါက် လာမှာ ဖြစ်တယ် လို့လည်း စီစဉ်ပေးခဲ့သူ ဒေါက်တာ ကျော်ရင်လှိုင်က ပြောပါတယ်။

"ရခိုင်အပါအဝင် အားလုံးငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ နောက် interfaith issue ဆိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောတာပေါ့။ ရခိုင်ကလည်း လောလော ဆယ် ပြဿနာတွေလည်း ဖြစ်နေတယ် ဆိုတော့ ဒီအကြောင်းတွေလည်း အများကြီးပြောဖြစ်တာပေါ့။ ဒါပေမဲ့ ရခိုင် ကိစ္စတခုတည်း မဟုတ်ပါဘူး။ အားလုံးကို ခြုံပြီးပြောတယ်။

မြန်မာနိုင်ငံမှာ သူ့အနေနဲ့ အခုလို Goodwill Ambassador အနေနဲ့ရော သူ့မှာ ဖောင်ဒေးရှင်း တခုရှိတော့ မြန်မာနိုင်ငံမှာ သူလည်း ပါဝင် ကူညီနိုင်တယ် ဆိုလို့ရှိရင် ဘယ်လိုပုံစံနဲ့ ကူညီနိုင်မလဲ ဆိုတာ သူသိချင်တာအတွက်ကြောင့်မို့ လာတယ်။ လာတယ်ဆိုတဲ့ အခါကျတော့ ဥပမာ သူ့အတွက် အချက်အလက် ရှာဖို့အတူတူ အားလုံးလည်း အရပ်ဖက်လူ့အဖွဲ့အစည်းတွေရော အသိုင်းအဝိုင်းတွေကြားထဲမှာ အလုပ်တွေ လုပ်နေကြတဲ့ဟာတွေနဲ့ပတ်သက်ပြီး awareness promote လုပ်ဖို့ သူကိုယ်တိုင် ဝင်ပြော ဆိုတော့ သူလို ဟောလီဝုဒ်မှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တယောက်က လာပြီးတော့ စကားပြော။ ပြည်သူလူထုနဲ့လည်း တခါတည်း ရင်းရင်းနှီးနှီး ဆက်ဆံပြောဆိုတယ်ဆိုတဲ့အခါကျတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး awareness က ပိုတက်လာတာပေါ့။ အဲ့တာဆို ခြုံလိုက်ရင်တော့ Facts Finding ဆိုတဲ့ အချက်အလက် ရှာယုံသပ်သပ်မဟုတ်ပဲ သူတတ်နိုင်သလောက် သူအလေးထားတဲ့ ကိစ္စတွေ နဲ့ပတ်သက်လို့ awareness တွေပိုပြီး တက်လာအောင် သူလုပ်သွားပါတယ်။"

Last King of Scotland ရုပ်ရှင်ကားမှာ ယူဂန်ဒါ အာဏာရှင် အဖြစ် သရုပ်ဆောင်ခဲ့ပြီး အော်စကာဆုရှင် ဖြစ်ခဲ့သူ အမေရိကန် ရုပ်ရှင်မင်းသား Forest Whitaker ဟာ ကြာသပတေးနေ့မှာတော့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် အမတ်တွေနဲ့ နေပြည်တော်က လွတ်တော် တရားဥပဒေ စိုးမိုးရေး ရုံးခန်းမှာ တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG