သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းသမီး Jolie မဲစာရင်း ပညာပေး အဖွဲ့နဲ့ တွေ့ဆုံ


မင်းသမီး ဂျိုလီ ရန်ကုန်ရောက်- (ဇူလိုင် ၃၁၊ ၂၀၁၅)
မင်းသမီး ဂျိုလီ ရန်ကုန်ရောက်- (ဇူလိုင် ၃၁၊ ၂၀၁၅)

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ အထူးသံတမန် Angelina Jolie Pitt ဟာ ဒီကနေ့ ဇူလိုင်လ (၃၁) ရက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ ရန်ကုန်မြို့ကိုရောက်ရှိလာခဲ့ပြီး မဲစာရင်း ပညာပေး အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ရောင်ခြည်သစ်အဖွဲ့နဲ့ လာရောက်တွေ့ဆုံ ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အပြောင်းအလဲဖြစ်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့် အခွင့်အရေးအပြည့်အဝရစေဖို့ အထူး ကိုယ်စားလှယ် မင်းသမီး Jolie အနေနဲ့ စောင့်ကြည့်သွားဖို့နဲ့ အမျိုးသမီးတွေရဲ့ မဲပေးခွင့် အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ ဦးစားပေး တိုက်တွန်းသွားခဲ့ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အန်ဂျလီနာ ဂျိုလီရဲ့ ဒီကနေ့ မြန်မာပြည်ခရီးစဉ်အကြောင်း ကိုစည်သူက ပြောပြပေးမှာပါ။

ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ် ဟောလိဝုဒ်မင်းသမီး Angelina Jolie ဟာ မြစ်ကြီးနားမြို့ကနေ ရန်ကုန်မြို့ကိုရောက်ရှိနေတာပါ။ ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိစဉ်မှာ အမျိုးသမီးလူမှုအဖွဲ့တစ်ခုဖြစ်တဲ့ ရောင်ခြည်ဦး မဲစာရင်းပညာပေး အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လူတိုင်းမဲပေးခွင့် အခွင့်အရေးနဲ့အတူ အမျိုးသမီးတွေမဲပေးခွင့် မဆုံးရှုံှုးရစေဖို့ အထူး ကိုယ်စားလှယ် မင်းသမီး ဂျိုလီက တိုက်တွန်းခဲ့တယ်လို့ ရောင်ခြည်ဦး အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လှက အခုလိုပြောပါတယ်။

" မင်းသမီးဂျိုလီ အကြံပြုတာက မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေက လူဦးရေ ထက်ဝက်ကျော်က ရှိတယ်။ မဲဆန္ဒရှင်စာရင်းမှာလည်း အမျိုးသမီးက ထက်ဝက်ကျော်ရှိတယ်လို့ ကျမတို့က ပြောခဲ့တာကိုး ဒီအမျိုးသမီးထက်ဝက်ကျော်ရဲ့ အားကို ဒီရွေးကောက်ပွဲမှာ ပါလာနိုင်ဖို့ လူတိုင်းလည်း မဲပေးနိုင်တဲ့ လူတိုင်းလည်း မဲပေးခွင့် မဆုံးရှုံးစေဖို့ အဲ့တာကို တွန်းအားပေး ပြောဆိုသွားပါတယ်။

ပြီးရင် မြန်မာနိုင်ငံအတွက် အရမ်းအရေးကြီးတဲ့ ရွေးကောက်ပွဲပေါ့နော် နိုင်ငံတကာ ကလည်း စောင့်ကြည့်နေတယ်။ သူတို့ကလည်း ဒါကို စောင့်ကြည့်လေ့လာနေ တယ်။ ဒီဟာအပေါ်မှာလည်း ကျမတို့ သင်တန်းအနေနဲ့က လူတွေကို များများ သတင်းအချက်အလက် ရဖို့ကို လုပ်ပေးဖို့ မျှော်လင့်ပါတယ်လို့ သူပြောသွားတယ်ရှင့်။ သူကတော့လေ။ "

ရွေးကောက်ပွဲမတိုင်ခင် ပြည်သူတွေအနေနဲ့ မဲစာရင်းတွေကို တိတိကျကျ မှန်မှန်ကန်ကန် ပါဝင်စစ်ဆေးနိုင်ဖို့နဲ့ မဲစာရင်းပညာပေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ပြုလုပ်ဖို့ တိုက်တွန်းသွားတယ်လို့ ဒေါ်ခင်လှက ဆက်ပြောပါတယ်။

"သူက အဓိကက လူတွေ ကျမတို့ မဲစာရင်း စစ်တဲ့ဟာပေါ့။ လူတွေဆီကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မှန်မှန်ရောက်နိုင်ဖို့ ဘယ်အပိုင်းက အထောက်အကူပြုသလဲပေါ့။ ပြုတဲ့အပိုင်းကို သူတို့ ဟိုဘက်ပိုင်းကလည်း တွန်းအားပေးပြီး လုပ်ဆောင်ပေးမယ်လို့ ပြောတယ်။

နောက်တချက်က သူတို့ သမ္မတနဲ့လည်း တွေ့တယ်။ အထက်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့တယ်။ တွေ့တဲ့အခါမှာ သူတို့ကပြောခဲ့တယ်။ IDP ကလူတွေလည်း အကုန်မဲပေးနိုင်ခွင့်ရဖို့ အတွက်ရယ် လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲရဖို့အတွက်ရယ် ဖြစ်စေချင်လို့ တွန်းအားပေးတယ်ပေါ့။ အဲ့တာကို သူထပ်ပြောခဲ့တယ်။ ကျမတို့သင်တန်းသူတွေကို။"

အထူးကိုယ်စားလှယ် မင်းသမီးဟာ ရန်ကုန်ကိုမရောက်ခင် မနေ့က ကချင်ပြည်နယ် ကို သွားရောက်ခဲ့ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် နဲ့ မြစ်ကြီးနားမြို့မှာတွေ့ဆုံခဲ့တဲ့ အပြင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေဆီကို သွားရောက်ခဲ့ပြီး ပဋိပက္ခကြောင့် စစ်ဘေးရှောင် ဒုက္ခရောက်နေတဲ့အမျိုးသမီးတွေကို ကိုယ်တိုင်တွေ့ဆုံခဲ့ပါတယ်။

ပဋိပက္ခ အခြေအနေအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး လှုပ်ရှားမှု ပူးတွဲတည်ထောင်သူလည်းဖြစ်တဲ့ မင်းသမီးဂျိုလီအနေနဲ့ ကချင်ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်ရသူတွေအတွက် အရေးပေါ်ဆေးဝါးတွေ၊ ဥပဒေရဲ့ အကာအကွယ်တွေ အပြင် လိင်အကြမ်းဖက်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရေး တရားရေးမူဘောင်တွေ ချမှတ်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဟောလိဝုဒ်မင်းသမီး Angelina Jolie ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ ဇူလိုင်လ (၂၉)ရက်နေ့ကနေ သြဂုတ်လ (၃)ရက်နေ့ အထိ မြန်မာနိုင်ငံကို ခြောက်ရက်တာခရီးရောက်ရှိနေတာပါ။

ခရီးစဉ်ရဲ့ ပထမဆုံးနေ့မှာပဲ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်း နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ အထူးကိုယ်စားလှယ် မင်းသမီးဂျိုလီ ရဲ့ ပထမဦးဆုံး မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ် အတွင်းမှာ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်နဲ့ ကိုယ်တိုင်တွေ့ဆုံဖို့ အတွက် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ရာသီဥတုအခြေအနေကြောင့် ရခိုင်ပြည်နယ် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

မင်းသမီးဂျိုလီရဲ့ ခရီးစဉ်လက်ကျန်ရက်တွေမှာ အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံသွားဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အထူးကိုယ်စားလှယ် Angelina Jolie ဟာ ၂၀၁၂ ခုနှစ်ကတည်းက ထိုင်းမြန်မာနယ်စပ် မှာရှိတဲ့ မြန်မာဒုက္ခသည်စခန်းတွေဆီကို သွားရောက်လေ့လာခဲ့ဖူးပြီး မြန်မာ့အရေးကို စတင်ဆောင်ရွက်လာခဲ့ တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG