သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှုတွေ အဆုံးသတ်ဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး သတိပေး


ဟောင်ကောင်မှာ ဆန္ဒပြသူတွေဘက်က ပိုဆန္ဒပြသွားမယ်လို့ ခြိမ်းခြောက်လိုက်ပေမဲ့ အုပ်ချုပ်ရေးမှူးကတော့ ဒီဆန္ဒပြပွဲတွေ အမြန်ရပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့မှာပဲ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying မိန့်ခွန်းပြောရာမှာ သူနှုတ်ထွက်ပေးဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆန္ဒပြသူတွေ တောင်းတဲ့အတိုင်း လျှော့ပေးမှာ မဟုတ်ဘူးလို့ တင်းခံလိုက်ပါတယ်။

ဒါ့အပြင် Occupy Central Movement လို့ အမည်ပေးထားတဲ့ ဒီဆန္ဒပြလှုပ်ရှားမှုအနေနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့အတွက် ၅ ရက်ကြာလာတဲ့ ဒီဆန္ဒပြပွဲတွေ ချက်ချင်းရပ်ဆိုင်းဖို့ အုပ်ချုပ်ရေးမှူး Leung က တင်းတင်းမာမာ တောင်းဆိုခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူး Leung က ဒီလှုပ်ရှားမှုတွေက တရားမဝင်ဘူးလို့ သုံးနှုန်းခဲ့ပေမဲ့၊ ဒီဆန္ဒပြပွဲတွေ ဆက်ကြာသွားဖို့ အလားအလာ ရှိနေတယ်လို့ ဆက်ပြောခဲ့ပါတယ်။

ဒီဟောင်ကောင် ဆန္ဒပြသူတွေဘက်ကလည်း အခုလို ဆန္ဒပြတာရပ်ပေးဖို့ တောင်းဆိုတာကို လျစ်လျူရှုခဲ့ပြီး၊ ဒီနေ့ညနေပိုင်း ရောက်လာတာနဲ့အမျှ လမ်းမပေါ်မှာ ဆန္ဒပြသူတွေ ပိုများလာခဲ့ပါတယ်။ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မြို့ထဲက အဓိက ၃ နေရာထက်မနည်းမှာ သပိတ်စခန်းတွေ ဖွင့်ထားကြပါတယ်။

မနက်ဖြန် ဗုဒ္ဓဟူးနေ့ဆိုရင် တရုတ်နိုင်ငံ အမျိုးသားနေ့ဖြစ်ပြီး၊ ဆန္ဒပြပွဲတွေ ပိုဆိုးလာဖို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့ မနက်ဖြန်မတိုင်ခင် ရဲတွေဘက်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မျက်ရည်ယိုဗုံးတွေနဲ့ ငရုတ်ရည်တွေ ဖျန်းပြီး ဝင်ရှင်းသလို အခုသပိတ်စခန်းတွေကို ဝင်ရှင်းမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဆန္ဒပြသူတွေကတော့ သူတို့တောင်းဆိုချက်တွေကို မနက်ဖြန်နောက်ဆုံးထား ဖြေရှင်းပေးဖို့ ရာဇသံပေးထားပြီး၊ မလုပ်ပေးရင်တော့ နောက်တဆင့် တိုးလုပ်မယ့် ဒီနိုင်ငံရေးအံတုမှု အစီအစဉ်ကို ကြေညာမယ်သွားမယ်လို့ ဖိအားပေးနေပါတယ်။

ဒီဆန္ဒပြပွဲတွေကြောင့် မြေအောက်ရထားနဲ့ ဘတ်စ်ကားလိုင်းတွေ၊ ဆိုင်တွေ အပါအဝင် စီးပွားရေးလုပ်ငန်း အများအပြား ဆက်ပိတ်ထားကြပါတယ်။

XS
SM
MD
LG