သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးထိမိုးမိ ပဋိပက္ခ ၉ ဦး ဒဏ်ရာရ


မြန်မာရွှေတူးဖော်ရေးလုပ်ငန်း
မြန်မာရွှေတူးဖော်ရေးလုပ်ငန်း
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိ မိုးမိ တောင်က ရွှေလုပ်သား ၁၀၀ကျော် ဟာ အဲဒီ့ဒေသမှာ လုပ်ကိုင်စားသောက်ခွင့်ပြန်ရရေးအတွက် ဆန္ဒပြ တောင်းဆိုရာမှာ ဒီဇင်ဘာလ ၁၈ရက်နေ့ညက ရဲတွေနဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး နှစ်ဖက်လုံးက ထိခိုက်မူတွေ ရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေဘက် ကတော့ ၉ဦးထက် မနည်း ထိခိုက်ဒဏ်ရာရပြီး ၅ဦးခန့်က အတွင်းလူနာအဖြစ် ရမည်းသင်းဆေးရုံမှာ ဆေးဝါးကုသခံနေရဆဲလို့ဆိုပါတယ် ရဲတွေဘက်ကလည်း ထိခိုက်မူတွေရှိတယ်လို့ ပြောပါတယ်။ မအေးအေးမာက သတင်းပေးပို့ထား ပါတယ်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိ မိုးမိ တောင် ကရွှေလုပ်သားတွေ ဟာ ၂၀၁၂ ခုနှစ်ကစပြီး အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ နားလည်မူ ယူကာ မိုးထိမိုးမိတောင်မှာ နှစ်ရှည် တနိုင်တပိုင် ရွှေတူးဖော်ခွင့်တွေ ရဖို့အတွက် သဘောတူထားခဲ့ပြီး ၆လလောက်အကြာမှာ ဖယ်ရှားခိုင်းရာကနေ ဆန္ဒပြမူတွေ ဖြစ်လာခဲ့တာပါ။

ဒီ့နောက် ဆန္ဒပြသူတွေ ဖမ်းဆီးခံရသလို ကုမ္ပဏီနဲ့ ရွှေလုပ်သားတွေကြား စာချုပ်ခဲ့ကြပေမဲ့ စာချုပ်ပါအတိုင်း မဖြစ်ခဲ့တဲ့အပေါ်မှာ သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒပြမူတွေ ဆက်ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၈ရက်နေ့ ညနေပိုင်းမှာတော့ ရွှေမြင်တင် ဘုရားဘက်နေ ချီတက်ပြီး ဆန္ဒပြသူတွေနဲ့
ရဲတွေကြား ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်မူတွေဖြစ်ခဲ့ရာမှာ ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင် ကိုဝင်းအောင်က ဆိုပါတယ်။

" ဆည်ကြီးရွာနားရောက်တော့ ကျနော်တို့အပိတ်ခံရတယ်ဗျ။ ဒိုင်းကာတွေနဲ့ဗျာ။ နံပါတ်ဒုတ်တွေနဲ့ပေါ့နော်။ အဲဒါတွေနဲ့ ဖြိုခွဲတာခင်ဗျ။ ဖြိုခွဲတာဆိုတော့ ကျနော်တို့ ဘက်က ကိုးယောက်လောက် ဆေးရုံတင် လိုက်ရတယ် ခင်ဗျ။ တော်တော်နာ သွားတဲ့လူတွေကတော့ အခုတော့ အတွင်းလူနာပေါ့ဗျာ။ အတွင်းလူနာကတော့ အခုတော့ ငါးယောက်လောက်ရှိမယ်။ မနေ့က မြို့နယ်မှူးကပြော တာရှိတယ် ခင်ဗျ။ ခယက အရာရှိပေါ့ဗျာ။ အမြန်ဆုံးပြေလည် ဖို့ရန် ငါပြောပေးမယ်ပေါ့နော်။ အတပ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ပြောတယ်ခင်ဗျ။ အခု ဒီနေ့ကျတော့ ကျနော်တို့ကို ဖမ်းဖို့ရာ လာပြီးတော့ လုပ်တယ် ခင်ဗျ။ အခုက ဖမ်းဖို့ရာ အချုပ်ကားတွေရော၊ ရဲတွေရော အင်အားတစ်ရာ နီးပါးလောက် ရှိမယ်ခင်ဗျ။ ရဲအင်အားတွေ ဒီမှာ ထပ်ပြီးရောက်လာတယ်ဗျ။ ကျနော်တို့ကို ထပ်ပြီးဖြိုခွဲတော့မှာ သေချာတယ်။"

ဗုဒ္ဓဟူးနေ့ညကဖြစ်သွားတဲ့ ရုန်းရင်းဆန်ခတ်မူတွေ အတွင်း ရွှေလုပ်သားတွေကို ရဲတွေကရိုက်နှက်ခဲ့တာနဲ့ပတ်သက်လို့ ရမည်းသင်းရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ တာဝန်ကျရဲအရာရှိတဦးက အခုလိုဖြေပါတယ်။

"ဒဏ်ရာရတဲ့သူတော့ မရှိဘူးနော်။ ကျနော်တို့ ရဲပဲ လုံခြုံရေးလုပ်နေတာ။"

ရွှေလုပ်သားတွေဘက်ကလည်း ရဲတွေကရိုက်နှက်ခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ်မူတွေ အတွင်း ခဲတွေနဲ့ ပြန်လည်ပစ်ပေါက်မူတွေ ရှိတယ်လို့တော့ပြောပါတယ်။

" လမ်းပေါ်မှာဆိုတော့။ ကိုယ့်လူတွေဗျာ ဒီအတိုင်းကြီးရိုက်နေတာဆိုတော့ မခံနိုင်တဲ့လူ ဆိုတော့ စိတ်တိုပြီးတော့။ ကျောက်ခဲလေးတွေ။ လမ်းပေါ်မှာ ရှိတဲ့ ကျောက်ခဲလေးတွေပေါ့နော်။ ခဲပေါက်တဲ့သူကတော့ ခဲပေါက်တဲ့သူ ရှိတဲ့သူတော့ ရှိပါတယ်။ အမေဗျာ အမေလိုဟာမျိုး ပစ်လဲသွားတဲ့ဟာမျိုး ကလေးတွေ ကျတော့လည်း ပေါက်မိမှာလေ။ သူ့အမေကို ဒီလိုရိုက်ရပါ့မလား ဆိုပြီး တော့လေ။ အဲဒါမျိုးလေးတွေတော့ရှိတယ်ဗျ။ ဟိုလို တအားကြီးကတော့ သူတို့ကို ပစ်စလခတ် လုပ်တာတော့ မရှိပါဘူးခင်ဗျ။"

မိုးထိမိုးမိတောင်မှာ တနိုင်တပိုင်ရွှေတူးဖော်ခွင့်ရဖုိ့ အတွက် တောင်းဆိုနေတဲ့ရွှေ လုပ်သားတွေဟာ ကုမ္ပဏီဘက်ကနေ စာချုပ်ပါအခွင့်အရေးတွေ ချိုးဖောက်မူတွေ ရှိတယ်လို့ လည်းပြီးခဲ့တဲ့လတွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြောဆိုထားပါတယ် ။ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

နှစ်ရှည်လများ မိုးထိမိုးမိတောင်မှာ တနိုင်တပိုင် ရွှေတူးဖော်ရေး လုပ်ကိုင်နေကြတဲ့ ရွှေလုပ်သားတွေဟာ အမျိုးသား ကြီးပွား တိုးတက်ရေး ရွှေတူးဖော်ရေး ကုမ္ပဏီက ဝင်ရောက် တူးဖော် ခွင့်ရပြီးတဲ့နောက်မှာတော့ သောင်းနဲ့ချီရှိတဲ့ အလုပ်သမားတွေဟာ အလုပ် လက်မဲ့ဖြစ်ရတဲ့ အခြေအနေအပေါ်မှာ တင်းမာမူတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

ရွှေလုပ်သားတွေဟာ အထက်အဆင့်ဆင့် တိုင်ကြားပြီး ဆန္ဒထုတ်ဖော် ခွင့်တောင်းဆိုခဲ့ပေမဲ့ ခွင့်ပြုမိန့်များ ပယ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရွှေလုပ်သားတွေဟာပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းကခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ပြီး ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီထိ သွားရောက်ဆန္ဒပြကာ အေသေးစားရွှေ တူးဖော်ခွင့်လုပ်ငန်းတွေရဖို့အတွက် တောင်းဆိုခဲ့ကြတာပါ။

ရွှေလုပ်သားတွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး ခွင့်ပြုချက်မရပဲ ဆန ္ဒထုတ်ဖော်မူ ပုဒ်မ ၁၈ ဆူပူမူပုဒ်မ ၅၀၅ ခ တို့နဲ့ ခေါင်းဆောင်ပိုင်း ကို ထောင်၆လစီ ချလိုက် တာဖြစ်ပါတယ်။ ဖြိုခွဲမူတွေ လုပ်ခဲ့ပြီးတဲ့နောက် မှာတော့ ရွှေလုပ်သား အတော်များများဟာ မိုးထိမိုးမိတောင်ပေါ်ကနေ ဆင်းပေးခဲ့ရပါတယ်။

အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီအနေနဲ့ မိုးထိ မိုးမိတောင် ရွှေထုတ်လုပ်မှု အသေးစားလုပ်ငန်းတွေကနေ အကြီးစားလုပ်ငန်းတွေကို ပြောင်းလဲ လုပ်ကိုင်ဖို့အတွက် စီစဉ်နေပြီး ပြီးခဲ့တဲ့၂၀၁၂ခုနှစ်ထဲမှာ ရွှေလုပ်သားတွေထဲက တချို့ကို အင်း နစ်နာကြေး ကျပ် ၁၅ သိန်းနှုန်း ပေးလျော်ခဲ့ပြီး ဆန္ဒပြမှုများကို အဆုံးသတ်ဖို့အတွက် ကုမ္ပဏီက လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မိုးထိမိုးမိတောင်က ရွှေလုပ်သား ၁၀၀ကျော်ကတော့ အလုပ်လုပ်ခွင့် မရတာကြောင့်တောင်ခြေတဝိုက်မှာ အာဏာပိုင်တွေ ဖိအားပေးနေတဲ့ကြားက ဆက်လက်နေထိုင်နေပြီး ဆန္ဒပြမူတွေ ဆက်လုပ်တဲ့အတွက် အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့မူတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG