သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကြောင့် မြန်မာနဲ့ ဆက်ဆံရေး ကန့်သတ်ဖို့ အမေရိကန် လွှတ်တော် တိုက်တွန်း


မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ကြားနာပွဲမှာ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဌ ကယ်လီဖိုးနီးယားပြည်နယ်က Republican လွှတ်တော်အမတ် Ed Royce ပြောကြားနေစဉ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ကြားနာပွဲမှာ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဌ ကယ်လီဖိုးနီးယားပြည်နယ်က Republican လွှတ်တော်အမတ် Ed Royce ပြောကြားနေစဉ်။

အရှေ့တောင်အာရှက လူ့အခွင့်အရေး အခြေအနေတွေကို မီးမောင်းထိုးပြတဲ့ ကြားနာစစ်ဆေးပွဲမှာ မြန်မာ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးလာနေတာ တွေ့ရတဲ့အကြောင်း ကြားနာစစ်ဆေး ထွက်ဆိုခဲ့ကြပါတယ်။ အသေးစိတ်ကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ကမ္ဘာ့လူဦးရေ သန်းပေါင်း ၆၂၀ နေထိုင်တဲ့ အရှေ့တောင်အာရှဒေသဟာ အမေရိကန်ပြည်ထောင်စုအတွက် မဟာဗျူဟာရေးအရ အရေးပါတဲ့ဒေသ ဖြစ်ပေမဲ့လို့ တချိန်တည်းမှာပဲ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ တွေ့နေရ တယ်လို့ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဌ ကယ်လီဖိုးနီးယားပြည်နယ်က Republican လွှတ်တော်အမတ် Ed Royce က ပြောကြားသွားပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လူ့အခွင့်အရေး အခြေအနေဟာလည်း ပိုပြီး ဆိုးရွားလာနေတယ်လို့ သူက အခုလို ထောက်ပြ ပြောကြားသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ စောစောပိုင်းက ရရှိထားတဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေဟာ နိုင်ငံအဝှမ်း ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခြေအနေ ဆိုးရွားလာမှုကြောင့် ပိုစိုးရိမ်မကင်း ဖြစ်စရာကောင်းနေပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုကို တညီတညွတ်တည်း အဆုံးသတ်ရေးအဖွဲ့လို အုပ်စုတွေရဲ့ သတ်မှတ်ပြုစုချက်တွေအရ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေဟာ သိပ်ကို ဆိုးရွားနေပါတယ်။ အစိုးရက သူတို့အပေါ် ဆက်ဆံတာဟာ သိပ်ကို ရက်စက်လှပါတယ်။”

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ လက်တွေ့ဖြစ်ရပ်တွေကို လေ့လာပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည် သုံးသပ်သင့်တယ်လို့ လွှတ်တော်အမတ် Royce က တိုက်တွန်းခဲ့ပါတယ်။

“ဒါကြောင့် အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို လက်တွေ့ကျကျ ရှင်းရှင်းလင်းလင်း ရှုမြင်သုံးသပ်သင့်ပါတယ်။ တနေ့ကျ မှန်တာကို လုပ်ဆောင်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မြန်မာအစိုးရကို ပံ့ပိုးမှုတွေ ဆက်မပေးသင့်တော့ပါဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်စေဖို့ အမေရိကန်အစိုးရအနေနဲ့ ကျနော်တို့ ကော်မတီနဲ့ လက်တွဲလုပ်ဆောင်ပါလို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် စနစ်တကျ နှိပ်ကွပ်နေတာ အဆုံးမသတ်မချင်း နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေးကို ချက်ခြင်းရပ်တန့်ဖို့ လိုပါတယ်။”

ကြားနာစစ်ဆေးပွဲမှာ တက်ရောက်ထွက်ဆိုခဲ့ကြသူတွေအနက် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Lorne Craner လည်း ပါဝင်ပါတယ်။ သူက ၂၀၁၀ ကစလို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေရှိခဲ့ပြီး၊ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က အနိုင်ရရှိခဲ့တာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာတာတွေ၊ ပြည်ပရောက်နိုင်ငံသားတွေ ဌာနေပြန်ခွင့်ရတာတွေ အပါအဝင် လူစုဝေးခွင့်တွေ ရှိတာတွေ ရှိခဲ့ပေမဲ့လို့လည်း ပြဿနာတွေ အများကြီး ကျန်ရှိနေသေးတယ်လို့ သူက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ပြဿနာတွေ အများကြီး ရှိနေပါတယ်။ အထူးသဖြင့်တော့ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ဝင်ပြီးတော့ ရွေးချယ်ခံနိုင်ဖို့ ဖွဲ့စည်းပုံကို မပြင်သေးတဲ့အပြင် ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှာ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာနဲ့ မူဆလင်တွေအကြား အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ၊ ရိုဟင်ဂျာ မူဆလင်တွေအပေါ်မှာ နှိပ်စက်ညှဉ်းပန်းတာ၊ ၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားခံယူခွင့် မရှိတဲ့အပြင် ရရှိထားပြီးသား သူတွေတောင် နိုင်ငံသားအဖြစ်က ရုပ်သိမ်းခံရတဲ့အပြင် အစိုးရက တိုင်းရင်းသားအုပ်စုတွေအပေါ် တိုက်ခိုက်နေတာတွေ၊ ဖိနှိပ်မှုတွေ ပါဝင်ပါတယ်။”

ဒါကြောင့်လည်း မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ သမ္မတအိုဘားမားရဲ့ နိုင်ငံခြားရေးပေါ်လစီဟာ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးရာရောက်ပေမဲ့လို့လည်း အမေရိကန်နဲ့ ဥရောပ နှစ်နိုင်ငံတို့ရဲ့ မြန်မာနိုင်ငံအပေါ် ချထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးတာ စောခဲ့တယ်လို့ Lorne Craner က ထောက်ပြခဲ့ပြီး အကြမ်းဖက်မှုတွေအတွက် တာဝန်ယူ လုပ်ဆောင်သူတွေအပေါ် အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ပိတ်ဆို့မှုတွေ ချမှတ်ကာ မြန်မာစစ်တပ်နဲ့လည်း ဆက်ဆံရေးကို ကန့်သတ်သင့်တယ်လို့ သူက တိုက်တွန်းခဲ့ပါတယ်။

ကြားနာပွဲကို တက်ရောက် စစ်ဆေးခံခဲ့သူ တဦးကတော့ လူမျိုးတုန်းသတ်ဖြတ်မှု အဆုံးသတ်ရေး ညီညွတ်စွာ ဆောင်ရွက်မှုအဖွဲ့ရဲ့ဥက္ကဌ Thomas Andrews ပဲ ဖြစ်ပါတယ်။ သူကလည်း ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေးကို အလေးပေး ပြောကြားသွားပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားမှုကို အခုလို ထောက်ပြခဲ့ပါတယ်။

“အနောက်ဘက်ခြမ်းရှိ ရိုဟင်ဂျာမူဆလင်တွေကအစ အရှေ့ဘက်ခြမ်းရှိ ကချင်နဲ့ ရှမ်းပြည်နယ်မှာ လူနည်းစုတွေဟာ စနစ်တကျ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ခံရပါတယ်။ မြန်မာနိုင်ငံတဝှမ်းရှိ မူဆလင်တွေဟာလည်း ဖိနှိပ်ချုပ်ခြယ်မှုတွေ ခံနေရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း ကျနော့်အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့စဉ် ဒါတွေကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်” - လို့ Thomas Andrews က ထွက်ဆိုသွားတာဖြစ်ပါတယ်။

ဒါကြောင့်လည်း အမေရိကန် - မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ Thomas Andrews က တိုက်တွန်းပြောကြားရာမှာ အမေရိကန်ပြည်ထောင်စုတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့ပြီး အဆင့်မြင့် သံတမန်ရေး ဆက်ဆံမှုတွေကို ပြုလုပ်ခဲ့သလို၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေ သွားရောက်ခဲ့တာကိုလည်း တွေ့ရတဲ့အကြောင်းနဲ့ အခုဆိုရင် စီးပွားရေးအရလည်း နောက်ထပ် ပံ့ပိုးမှုတွေ ပေးဖို့ အစီအစဉ်တွေရှိသလို လာမယ့်လတွေမှာလည်း လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးအဆင့်တွေ ခရီးထွက်ဖို့ရှိသလို၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry လည်း သြဂုတ်လမှာ မြန်မာပြည်ကို သွားရောက်မယ့်အပြင် သမ္မတ အိုဘားမားကလည်း နိုဝင်ဘာလကျ နေပြည်တော်ကို သွားရောက်ဖို့ ရှိနေတဲ့ အစီအစဉ်တွေကိုလည်း သူ့ရဲ့ထွက်ဆိုချက်မှာ Thomas Andrews က ထောက်ပြခဲ့ပါတယ်။

မစ္စတာ Andrews က အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မှုတွေကို ထုတ်ဖော်ပြောကြားပြီး ဖိအားပေးမယ်လို့ ပြောဆိုနေပေမဲ့လို့ လက်တွေ့မှာ အကောင်အထည် ပေါ်လာဖို့ရာက မြန်မာခေါင်းဆောင်တွေအပေါ် လက်တွေ့ကျကျ ထိထိရောက်ရောက် အရေးယူနိုင်ဖို့က အရေးကြီးတယ်လို့ ထွက်ဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG