သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေပြိုမှု ရှာဖွေကယ်ဆယ်ရေး အဆုံးသတ်


ကချင်ပြည်နယ်ဖားကန့်ဒေသက စွန့်ပစ်မြေစာပုံပြိုကျရာမှာ ပိမိသေဆုံးသူတွေ ရှာဖွေတာကို ဒီကနေ့ နေ့ခင်းမှာ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ လောလောဆည်ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်း ၁၁၄လောင်းရှိပြီး မရှာဖွေနိုင်တဲ့ရုပ်အလောင်း ဆယ်ဂဏန်းလောက် ထပ်မံကျန်ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်းက စွန့်ပစ်မြေစာပုံပြိုကျတာဟာ ဒီလ ၂၁ရက်နေ့ဖြစ်ပွားခဲ့ပြီး မြေစာပိ သေဆုံးသူတွေကို ၄ရက်ကျော် ရှာဖွေခဲ့တဲ့နောက်ဒီနေ့ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

ဒီလို ရပ်ဆိုင်းလိုက်ကြောင်းကို ဖားကန့်မြို့က ဒေသခံ စာနယ်ဇင်းသမားတဦးဖြစ်တဲ့ ကိုဇော်မိုးထက်က အခုလို ပြောပါတယ်။

“ဒီကနေ့ ၁၂ နာရီမှာ ရပ်လိုက်တာ ဆက်ရှာတာလည်း အဆင်မပြေနိုင်တော့ဘူး ။ စက် မောင်းတဲ့ စက်သမားလေးတွေကော၊ ဒေသခံတွေရော၊ ဒီမှာ ဖားကန့်တနယ်လုံးမှာရှိတဲ့ NGO အဖွဲ့အစည်းတွေကော လုပ်ရကိုင်ရတာလည်း ပြောမယ်ဆိုရင် အရမ်းအရိအရွဲ အနံအသက် တွေဖြစ်လာတဲ့အခါကျတော့ သိပ်တော့မကောင်းဘူးဗျာ။ အရင်နေ့ကလိုမျိုး အားကျိုးမာန်တက်ကြီးလည်း ရှာလို့မရတော့ဘူးဖြစ်နေတာ။ နောက်ပြီး အပေါ်ထုကို ရောက်သွားတဲ့အခါကျတော့ မြေစာထုက ထူသွားပြီလေ အကိုရဲ့၊ ထူတဲ့ weight ကြောင့် ပိုပြီးတော့ ပိအားများတယ်။ ပိအားများတဲ့အတွက် အထဲက ရုပ်အလောင်းတွေက ပျက်စီး မှုပိုပြီးတော့များမယ်၊ နောက်ပြီးတော့ တခါ၊ ကော်ပြီဆိုတဲ့အချိန်ကျတော့ မြေစာထု ထူတဲ့အတွက် စက်တွေက အားပိုထည့်ရတယ်။ အားပိုထည့်တော့ဗျာ အကုန်လုံး ပြတ်ပြီးတော့ ပါလာတာ မျိုးတွေ ဆိုတဲ့အခါကျတော့ ဆက်ကော်လို့ မသင့်တော့ဘူးဗျာ ။ ပေါ်လာတဲ့ရုပ်အလောင်းတွေကလည်း ရုပ်ပျက်ဆင်းပျက်တွေဖြစ်မှာ ဖြစ်တဲ့အတွက် အလောင်းပိုင်ရှင်လည်း ဘယ်လိုမှ ကြည့်လို့ရူလို့ရမှာ မဟုတ်ဘူးလေ။

ဒီကနေ့ ရှာဖွေတာရပ်ဆိုင်းချိန်မှာ ရုပ်အလောင်းပေါင်း ၁၁၄ လောင်းရရှိထားတာဖြစ်ပါတယ်။

ရှာဖွေတာရပ်ဆိုင်းချိန်မှာ ပြိုကျတဲ့ ဘော်လုံးကွင်း တကွင်းစာလောက်ရှိတဲ့ မြေစာပုံရဲ့ တဝက်ကျော်လောက်သာရှိတာကြောင့် ဆက်လက်ရှာဖွေရင် ဒီထက်ပိုမိုများပြားလာနိုင်မယ်လို့လည်း ခန့်မှန်းပြောဆိုပါတယ်။

“ရုပ်လုံး တဝက်စာ ကျော်ကျော်လောက်ဖော်ပြီးပြီပေါ့နော်။ အောက်ခြေကနေတွက်မယ်ဆိုရင်။ အခုဆက်ရှာလို့ တော့ မတွေ့စရာအကြောင်းမရှိဘူးလေ။ ဒီဟာက တဲအလုံး ၇၀ ကျော် ၈၀ နီးပါး ပါသွားတာအကိုရဲ့ အနည်းဆုံးတော့ အဲဒီထဲမှာ သေတဲ့လူ ၂၀၀ လောက်ရှိမှာပဲဗျာ။ အခု ၁၀၀ လောက်တွေ့တယ်ဆိုရင်တော့ ၈၀ လောက်ကျန်တယ်ဗျာ ကျနော်တို့တွက်တာကလေ။”

မြေစာပုံပိပြီး သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကိုကချင်ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာနဲ့ ကျောက်မျက်ကုမ္ပဏီတွေက ကရုဏာကြေးထောက်ပံပေးခဲ့တယ်လို့လည်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံးက ဒုဦးစီးမှုး ဒေါ်နီလာမြင့်က ပြောပါတယ်။

“ကချင်ပြည်နယ်အစိုးရအဖွဲ့ကတော့ သေဆုံးတဲ့လူ ၁ ဦးချင်းကိုပေါ့။ တဦးကို ၁ သိန်းနှုန်းရှင့်။ ပြီးတဲ့အခါကျတော့ ပြည်နယ် လဝက၊ လဝက ကျတော့ ၂ သိန်း ၊ လူကယ်ပြန်ကတော့ နာမည် အမည်စာရင်းသိတဲ့ ၈၃ ဦးအတွက် ၁ ဦးကို ၁ သိန်းနှုန်းနဲ့ ၈၃ သိန်း ၊ ပြီးတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက အမည်သိတဲ့လူပေါ့။ ၈၃ ဦးအတွက်ပဲ ၈၃ သိန်း ။ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက လည်း ၁ ဦးကို ၃ သိန်းနှုန်းနဲ့ရှင့် ။ အဲဒီမှာကျတော့ ကုမ္ပဏီတွေအကုန်ပါတယ်ရှင့်။ မနေ့က လက်ရောက်ကတော့ ၇၄ ဦး စာရင်းထည့်ပြီးပြီ ၈၃ ဦး ပြည့်သွားပြီးနောက်ပိုင်းလည်း သူတို့ ပေါ်လာခဲ့ရင်တော့ ထုတ်ပေးသွားဖို့ ှရှိတယ်ရှင့်။”

ကချင်ပြည်နယ် အမှတ် ၁ မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်ကတော့ ဒီလို အဖြစ်မျိုးတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် အမျိုးသားလွှတ်တော်မှာ အရေးကြီးအဆိုတင်သွားဖို့ ပြင်ဆင်နေပါတယ်။

“အခုဖြစ်တဲ့အနေအထားမျိုးနောင်မဖြစ်နိုင်ဖို့အတွက် အရေးကြီးအဆိုအနေနဲ့ တင်နိုင်ဖို့အတွက်တော့ ပြင်ဆင်နေပါတယ်။ ဒါကရေရှည်အတွက်တော့ စီမံကိန်း စီမံချက်တွေနဲ့ စနစ်တကျတူးဖော် ဖို့နဲ့ ၊ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း ဖို့အတွက်ပေါ့။ ဒီပတ်ဝန်းကျင်နဲ့ပက်သက်တဲ့ဟာကို ထိန်းသိမ်းတဲ့ ကဏ္ဍ ပိုင်းမှာ အားနည်းခဲ့တာကတော့ နှစ်ပေါင်း ၂၀ ကျော်လောက်ရှိလာပြီဆိုတော့ အခုဒါကို ချက်ချင်းဖြေရှင်းဖို့အတွက်က တော်တော်လေးအခက်အခဲရှိနိုင်တယ်။”

ဒီတပတ်အတွင်းမှာတော့ လွှတ်တော်တွေ ရပ်နားထားတာကြောင့် လာမယ့် တနင်္လာနေ့မှာ တင်ပြနိုင်ဖု့ိကြိုးစားသွားမယ်လို့လည်း ဦးခက်ထိန်နန်က ပြောပါတယ်။

ဒေသခံတွေကတော့ အစိုးရ၊ ကျောက်မျက်ကုမ္ပဏီတွေနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေ ပူးပေါင်းဆောင်ရွက်မှသာ ဒီလို အဖြစ်ဆိုးမျိုးတွေ ရှောင်လွဲှနိုင်မယ်၊ လောလောဆယ် အန္တရာယ်ရှိတဲ့နေရာမှာ နေထိုင်သူတွေကို ဖယ်ရှားစေဖို့နဲ့ မြေစာပုံတွေကို ရေမဆေးကျောက်ရှာဖွေသူတွေကို မထိခိုက်စေဖို့ စွန့်ပစ်သင့်တယ်လို့လည်း အကြံပြုကြပါတယ်။

ဖားကန့်ဒေသမှာ ဒီလို စွန့်ပစ်မြေစာပုံတွေပြိုကျမှုဟာ နှစ်တိုင်းလိုဖြစ်ပျက်နေတာဖြစ်ပြီး ဒီနှစ်အတွင်းမှာဆိုရင် အနည်းဆုံး ၅ကြိမ်ဖြစ်ပွားခဲ့ရာမှာ ဒီတကြိမ်ပြိုကျမှုကတော့ သေဆုံးသူ အများဆုံးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG