သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ကျောက်စိမ်းလုပ်ငန်း အာဏာပိုင်တွေစစ်ဆေး


ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကို မကြာသေးခင်ကစလို့ အရှိန်မြှင့်လုပ်ဆောင်လာရာမှာ ယာဉ်နဲ့ စက်ယန္တယားကြီးတွေ ပိုမိုအသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေ ဒီကနေ့ စတင်စုံစမ်းစစ်ဆေးနေပါတယ်။ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ အလွန်အကျွံ လုပ်ကိုင်နေတယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ ယာဉ်နဲ့ စက်ယန္တယားတွေ စာရင်းကို ဗဟိုအစိုးရနဲ့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေး ခဲ့ကြတာပါ။ ဖားကန့်ဒေသက နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုက ကျောက်စိမ်းကုမ္ပဏီတွေရဲ့ ယာဉ်၊ ယန္တရားတွေကို စနေနေ့က စတင်စစ်ဆေးနေပြီး ဒီကနေ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။

လက်ရှိစစ်ဆေးနေတဲ့အခြေအနေကိုတော့ ဖားကန့်ဒေသက လက်ရှိရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက အခုလို ပြောပါတယ်။

“သူတို့ ဒီ စစ်ဆေးမယ့် ယာဉ်တွေ ယန္တရားတွေအားလုံးကိုဗျာ၊ သူတို့ရဲ့ ကုမ္ပဏီဆိုက်မှာ အားလုံးလာစုထားတယ်။ ထားပြီးတော့မှာ အဲဒီမှာ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေက လာကြည့်တယ်။ နောက်ပြီးတော့မှ အောင်ခြေသိမ်း လုပ်မယ့်အဖွဲ့တွေကလည်း သူတို့ဟာသူတို့ အဖွဲ့လေးတွေ ၄၊၅ ဖွဲ့တွေ လုပ်တဲ့ အနေအထားတွေ တွေ့ရတယ်။တချို့လည်း ယာဉ် ယန္တယားများနေတဲ့အခါကျတော့ အမြင်ကောင်းအောင်လျှော့ချင်တဲ့လူလည်း ဒါမျိုး ရှိကောင်းရှိမှာပေါ့။ အဲဒါလေးတွေ တချို့ဖွက်တာ ပြုတာ ဘာညာလေးတွေ ကတော့ ရှိပါတယ်။ ဒါပေမယ့် အခု ဘာပဲပြောပြော အခုနောက်ဆုံးအနေအထားကျတော့ တော်တော်လေးလည်း သဘောပေါက်လာကြပါတယ်။ အဲဒီတော့ပူးပေါင်းပါဝင်ဆောင်ရွက်မှုလေးတွေ ရှိလာတဲ့အခါကျတော့ လုပ်ငန်းအဆင်ပြေတယ်လို့တော့ ကျနော်မြင်ပါတယ်။”

လောလောဆည်မှာတော့ လုံးခင်းအုပ်စုကို စစ်ဆေးနေပြီး နောက်ပိုင်းမှာ အေးမြသာယာအုပ်စု၊ ဆိတ်မူအုပ်စု စတဲ့ ကျန်ရှိတဲ့ နယ်မြေတွေကို ဆက်လက်စစ်ဆေးမှာဖြစ်ပြီး အနည်းဆုံး ၁၀ ရက်လောက် အချိန်ပေးဆောင်ရွက်မှ ပြီးစီးနိုင်မယ်လို့လည်း သုံးသပ်ပါတယ်။

လက်ရှိ ယာဉ်၊ ယန္တရားစာရင်းတွေ ကောက်ယူပြီးရင် ထိန်းချုပ်ဖို့ လွယ်ကူလာနိုင်ဖွယ်ရှိကြောင်းလည်း ဆက်ပြောပါတယ်။

“တရားမဝင် ဝင်လာတဲ့ဟာတွေရော၊ တရားဝင် ဝင်လာတဲ့ဟာတွေရော ခုနက လိုင်စင်မရှိတဲ့ဟာတွေရော၊ ရှိတဲ့ဟာတွေရော ဒါတွေအားလုံးကို တရားဝင်ဖြစ်အောင် စာရင်းတွေ အတိအကျကောက်မယ်။ ကောက်ပြီးတော့မှာ ဒါတွေကို လိုင်စင်ချပေးတဲ့ဟာ ချမယ်။ အခွင်ဆောင်သင့်တဲ့ဟာဆောင်မယ် အဲဒီတော့ တိကျတဲ့ စာရင်းတခုကတော့ ရလာမှာပေါ့ဗျာ။ အဲဒီအပေါ်မှာနေပြီးတော့မှ ကျနော်တို့ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုထိန်းချုပ်မလဲ ၊ ဘယ်လိုလုပ်မလဲဆိုတဲ့ အနေအထားတွေလာမယ် ။ ဒါကပထမဦးဆုံး ပဏာမအဆင့်ပဲ ရှိသေးတယ်ဆိုတဲ့အခါကျတော့ အချက်အလက်ခိုင်လုံမှသာလျှင် ကျနော်တို့ နောက်ထပ်လုပ်မယ့် အလုပ်ကိစ္စတွေမှာ လုပ်ငန်းတွေလုပ်ကိုင်ရတာ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါ ပထမခြေလှမ်းလို့ပဲ ကျနော် ဒီလိုတော့မြင်တာပေါ့ဗျာ။”

ဒီလို ဖားကန့်ဒေသတွင်း စာရင်းကောက်ယူရာမှာ တချို့ကုမ္ပဏီတွေက ယာဉ်၊ ယန္တရားတွေကို ရွှေ့ပြောင်းသိုဝှက်တာတွေ ရှိနေတယ်လို့ ဖားကန့် ဒေသခံတဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့ ၃ ရက်နေ့က ဥရုချောင်း ဟိုဘက် ကားလမ်းဘက်ကို ကားတွေက ည ၁၁ နာရီလောက်မှာ တော်တော်လေး အဲဒီဘက်ကိုမောင်းသွားလိုက်တာ။ အဲဒီနေရာမှာ တန်းစီထားတဲ့ဟာ အဲလိုမျိုး၊ ပြီးတော့ လူအင်အားနဲ့ဆိုတော့ တော်တော်လေး ဖွက်လိုက်တဲ့ပုံရတယ်။ အဲဒီမှာ ကျနော်ကြည့်တာကတော့ ၂၀၀ နဲ့ ၃၀၀ ကြားမှာရှိမယ်ထင်တယ်။ စက်တူးရော၊ မြေသယ်ကားတွေပေါ့နော်။

ဖားကန့်ဒေသခံတွေရဲ့ စိုးရိမ်မှုကိုတော့ သူက အခုလို ဆက်ပြောပါတယ်။

“အခုက ကားအရေအတွက်ကလည်းများတယ်။ ဒီ အစုလိုက် အပြုံလိုက် ဖြစ်နေတဲ့ကိစ္စ တွေက နောက်ဆက်တွဲဘာဖြစ်လာသလဲဆိုတော့ ယာဉ်တိုက်မှု ခနခနဖြစ်လာတယ်။ အဲဒါပဲအဓိကပဲ ။ အဲဒါကို ကျနော်တို့ ဖားကန့်ပြည်သူဒေသခံတွေက လုံးဝမလိုလားဘူးခင်ဗျ။ အခုကျနော်တို့ အရမ်းကြောက်နေတာတခုရှိတယ်။ အခု ဒီ ဥရုချောင်း ဒီဟိုဖက် ၊ မလွှတ်ယန် ရွာသစ်ပိုင်းရဲ့ ဟိုဖက်ကမ်းမှာ ဘာဖြစ်နေသလဲဆိုတော့ ပြောမယ်ဆိုရင် ကျနော်သိရသလောက်ကတော့ မြို့နယ် မရက မှူးက ကိုက် ၃၀၀ အကွာပစ်ပေးပါလို့ပြောတယ်။ အခုက ကိုက် ၃၀၀ တောင်မှမရှိဘူး။ မြေစာက လိုတာထက်ပိုပြီးတော့ မြင့်နေတဲ့အခါကျတော့ မနှစ်ကထက် ပိုပြီးတော့ ရေကြီးမှာ ကျနော်တို့ ကြောက်နေတာ ဒီမြေစာပြိုပြီး ဥရုချောင်း ပိတ်ပြီးတော့ ကျနော်တို့ လုံးခင်း ဖားကန့်မြို့နယ် တမြို့လုံးကျနော်တို့ အားလုံး ရေလမ်းကြောင်းထဲပါသွားမှာ ကျနော်တို့က ကြောက်နေတာ။ အဲဒီကိစ္စကြောင့် ကျနော်တို့ ဆန္ဒထုတ်ဖော်ခဲ့တာ။ နောက်ထပ်လည်း ကျတော်တို့ ထုတ်ဖော်ဦးမှာ တကယ်လို့ ပြောတာမလိုက်နာဘူးဆိုလို့ရှိရင်။”

အခုနှစ်ပွင့်လင်းရာသီစတင်ချိန်မှာ ဖားကန့်ဒေသကို တရုတ်နိုင်ငံဖက်က မြေသယ်ကားတွေ၊ တူးဖော်ရေးယန္တရား တွေ အလုံးအရင်းနဲ့ တင်သွင်းပြီး ေ အလွန်အကျွံ တူးဖော်ခဲ့တဲ့နောက် မြေစာပုံပြိုကျပြီး တွေကြောင့် လူတွေ ရာနဲ့ချီသေဆုံးခဲ့ရပါတယ်။ ဒီနောက်ပိုင်း ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့တဲ့နောက် ဖားကန့်ဒေသတွင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနက ဒီဇင်ဘာလအတွင်း ဝင်ရောက်စစ်ဆေးခဲ့သလို ဒီနှစ်ဆန်းမှာတော့ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် တချို့ကို ခေါ်ယူ စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

XS
SM
MD
LG