သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မှာ ဆန္ဒပြသူတွေနဲ့ အာဏာပိုင်တွေ ညှိနှိုင်း


ဖားကန့်ဒေသမှာ မြေစာသယ်ကားတွေကို ဒေသခံတွေက လမ်းပိတ်ဆို့ဆန္ဒပြနေစဉ်။ ဓါတ်ပုံ- ဇော်မိုးထက်
ဖားကန့်ဒေသမှာ မြေစာသယ်ကားတွေကို ဒေသခံတွေက လမ်းပိတ်ဆို့ဆန္ဒပြနေစဉ်။ ဓါတ်ပုံ- ဇော်မိုးထက်

ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာ ဒေသခံတွေ ကန့်ကွက် ဆန္ဒပြနေတာ ဒီကနေ့ ၃ ရက် ပြည့်လာချိန်မှာ အာဏာပိုင်တွေက ပြေလည်အောင် ဆောင်ရွက်ပေးဖို့ ကတိပေးခဲ့တဲ့နောက် ဆန္ဒပြသူတချို့က လမ်းပိတ်ဆို့ တားဆီးမှုတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ကျောက်စိမ်းလုပ်ငန်းတွေမှာ မတော်တဆမှုတွေ မကြာခန ဖြစ်နေတာကြောင့် မကျေနပ်ရာက ဆန္ဒပြနေကြသူ တချို့ကတော့ အာဏာပိုင်တွေထံက တိတိကျကျ အာမခံချက်မရမချင်း ဆက်လက် ဆန္ဒပြ သွားမယ်လို့ ပြောပါတယ်။ ဖားကန့်ဒေသက တင်းမာမှု အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖားကန့်ဒေသဖက်မှာ မြေသယ်ယာဉ်တွေ မြို့ရွာအတွင်းဖြတ်သန်းမောင်းနှင် တာကြောင့် ယာဉ်တိုက်မှုမကြာခဏဖြစ်ပြီး လူတွေသေဆုံး တာ၊ မြေစာပုံတွေ ပြိုကျလို့ လူသေဆုံးတာနဲ့ ချောင်းမြောင်းတွေ တိမ်ကောပြီး ရေကြီးရေလျံဖြစ်တာနဲ့ ဒိုင်းနမိုက်အသုံးပြုပြီး တူးဖော်တာကြောင့် နေအိမ်တွေ ထိခိုက်ရ တာတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့အတွက် စနေနေ့ကစတင်ပြီး လမ်းတွေပိတ်ဆို့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့ ၃ရက်မြောက်နေ့မှာတော့ ဆန္ဒုပြသူတွေကို အာဏာပိုင်တွေက လာရောက်တွေ့ဆုံပြီး နှစ်ဖက်ညှိနှိုင်းဖို့ဖိတ်ခေါ်ခဲ့သလို ပြေလည်အောင်ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့တဲ့နောက် ဆန္ဒပြတာတွေကို ရုတ်သိမ်းတော့မှာဖြစ်ကြောင်း ဆိုင်းတောင်ဖက်မှ ဆန္ဒပြရာမှာပါဝင်တဲ့ ဦးနော်လွန်က ပြောပါတယ်။

“လာဆွေးနွေးတယ်။ ဌာနဆိုင်ရာ အကုန်လုံးလာပါတယ်။ အဲဒီကျနော်တို့တားထားတဲ့နေရာမှာပဲ လာဆွေးနွေးသွားပါတယ်။ ဒီနေ့ညနေ ၃ နာရီကို ရုတ်သိမ်းပေးပါပေါ့။ မနက်ဖြန် ၁၀ နာရီကျရင် ဆိုင်းတောင် အုပ်ချုပ်ရေးရုံးမှာ ဆွေးနွေးကြမယ်ပေါ့။ ပြည်သူလူထုဖြစ်ချင်တဲ့အတိုင်း ဖြစ်စေရမယ်ပေါ့။ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ယူ ကတိခံသွားတာပေါ့။ ဒီနေ့ညနေ ၃ နာရီ ကျော်ရင်ကို ရုတ်သိမ်းဖို့ အစီအစဉ်ရှိတယ်။”

မြို့နယ်အုပ်ချုပ်ရေးမှူးဘက်က နှစ်ဖက်ဆွေးနွေးညှိနှိုင်းနေချိန်မှာ မြေသယ်ကားတွေ သွားလာတာမလုပ်စေဖို့ အာမခံကြောင်းနဲ့ တောင်းဆိုချက်တွေ မရရင် ဆက်လက် ဆန္ဒပြသွားမှာဖြစ်ကြောင်း ဦးနော်လွန်ကပြောပါတယ်။

ဖားကန့်ဒေသမှာ လမ်းပိတ်ဆို့ဆန္ဒပြနေတာ အနည်းဆုံး ၄ နေရာလောက်ရှိပြီး လုံးခင်းဖက်က၃နေရာတော့ တိကျတဲ့အာမခံချက်မရတာကြောင့် ဆန္ဒပြတာကို ရုတ်သိမ်းမှာမဟုတ်ကြောင်း ဦးဆောင်ပါဝင်သူတဦးက အခုလို ပြောပါတယ်။

“ကျနော်တို့အပိုင်းက ခုနက မရက မြို့နယ်မှူးတို့ ၊ ရဲတွေနဲ့ ကျနော်တို့ဆွေးနွေးကြည့်တာကတော့ ကျနော်တို့ရပ်တယ်ဆိုရင် ခင်ဗျားတို့ ကားရပ်ပေးမလားလို့ပြောတော့ ရပ်ပေးမယ်လို့ပြောတယ်။ ဒါဆိုရင် သဘောတူညီချက်စာ တကြောင်းရေးထားရအောင်၊ နုတ်ကတိနဲ့ မဖြစ်ဘူး။ စာနဲ့ရေးထားရအောင်ဆိုတာကို မဖြစ်ဘူးပေါ့။ သူတို့ ရပ်ပေးချင်တယ်ဆိုရင် ရှိနေတဲ့ကားတွေ တခါထဲ ဆုတ်ပေးရမှာလေ။အခုသူတို့က မဆုတ်ဘူး။ ကျနော်တို့ သဘိတ်စခန်း သိမ်းတာနဲ့ သူတို့က ကားဖြတ်ဖို့ အစီအစဉ်ရှိတယ်။ ဒါကြောင့် ကျနော်တို့ မနက်ဖြန်မှပဲ မရက မြို့နယ်မှူးတွေနဲ့ ဒီ ရဲမြို့နယ်မှူးတွေနဲ့ ဆွေးနွေးပြီးမှပဲ ကျနော်တို့က သဘောတူညီချက် ရမှ ရပ်မှာ ကျနော်တို့ကတော့ ”

ဒေသခံအာဏာပိုင်တွေက ဆိုင်းတောင်ဖက်မှာမနက်ဖြန်မနက် ၁၀ နာရီ မှာ ဆွေးနွေးမှာဖြစ်ပြီး လုံးခင်းဖက်မှာတော့ ညနေ၃နာရီမှာ ဆွေးနွေးမှာဖြစ်ပါတယ်။

လမ်းပိတ်ဆို့ ဆန္ဒပြတာကို မရုတ်သိမ်းရင် မနက်ဖြန်မှာ အင်အားသုံးဖြိုခွင်းမယ် လို့လည်း သတင်းကြားနေရကြောင်း ဆက်ပြောပါတယ်။

“မနက်ဖြန်လောက်မှ မသိမ်းရင်ပေါ့နော် ကျနော်တို့ ဆန္ဒထုတ်ဖော်နေတာ မသိမ်းရင်ပေါ့နော်၊ ရဲအင်အားနဲ့ ကျနော်တို့ကို ဖြိုခွင်းမှာပေါ့နော် ။ အဲလိုတော့ ကြားထားတယ် ကျနော်တို့ကတော့။”

လက်ရှိညှိနှိုင်းနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ဖားကန့်မြို့နယ် အုပ်ချုပ်မှူးကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရပါဘူး။

ဖားကန့်ဒေသက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတာရှီလဆိုင်းကတော့ လက်ရှိ အစိုးရအပြောင်းအလဲကာလမှာ နှစ်ဖက်ချင့်ချင့်ချိန်ချိန်နဲ့ ဆောင်ရွက်ဖို့ လိုကြောင်း ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ အဲဒီလိုလမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တဲ့လူတွေလည်း သွားလာရေးလမ်းကြောင်းမှာ အခက်အခဲ ရှိလာတဲ့ အနေအထားမျိုးမှာ ဖြစ်နေတယ်ဆိုရင် ဒီအပေါ်မှာလည်း ကျနော်တို့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ကိုယ်လုပ်တဲ့လူတွေကလည်း အဲဒီအပေါ်မှာ နားလည်ဖို့ လိုမယ်။ နောက်ဒီအစိုးရဘက်ကလည်း လုပ်ငန်းလုပ်ကွက်တွေပေါ်မှာ စနစ်တကျ ကြပ်မတ်သွားဖို့တော့ လိုအပ်တာပေါ့။ အစိုးရဘက်ကနေပြီးမှ စနစ်တကျ ဥပဒေ လမ်းကြောင်းအတိုင်းဖော်ဆောင်သွားပေးပါ့မယ်ဆိုတဲ့အတိုင်းအတာမျိုးတွေနဲ့ သူတို့အနေနဲ့ လုပ်ကြမယ်ဆိုရင်တော့ ဒါအကောင်းဆုံးဖြစ်မယ်လို့ ကျနော် ကတော့မြင်တယ်လေ။”

လောလောဆယ် အစိုးရဖွဲ့စီးပြီးချိန် ဒါမှမဟုတ် ရေးရာကော်မတီတွေ ဖွဲ့စည်းပြီးချိန်မှာ လူထုတောင်းဆိုတဲ့အခြေအနေတွေကို ကွင်းဆင်းလေ့လာပြီး လွှတ်တော်ဥက္ကဋ္ဌ ထံမှာ တင်ပြသွားလို့လည်း စီစဉ်ထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကလည်း ဒေသခံပြည်သူတွေက လမ်းပိတ်ပြီးဆန္ဒပြတာကြောင့် မြေသယ်ကားတွေ မောင်းနှင်တာနဲ့ပတ်သက်ပြီး ကျောက်တူးဖော်ရေးကုမဏီတွေဘက်က သတိထားဆောင်ရွက် လာတာရှိပေမဲ့ မြေစာပုံစွန်ပစ်တာနဲ့ ဒိုင်းနမိုက် အသုံးပြုတာတွေတော့ ဆောင်ရွက်နေဆဲ ရှိကြောင်း ပြောပါတယ်။

ဖားကန့်ဒေသအတွင်းမှာ ကျောက်စိမ်းတူးဖော်တာကို ယန္တရားကြီးတွေ အသုံးပြုလာတဲ့နောက် မြေစာပုံပြိုကျတာနဲ့ယာဉ်တိုက်မှုကြောင့် လူသေဆုံးတာတွေ မကြာခဏဖြစ်ပျက်ခဲ့သလို ဥရုချောင်းရေလျံတာလည်း နှစ်တိုင်းလို ဆိုးဆိုး ဝါးဝါးဖြစ်ပွားနေပါတယ်။

XS
SM
MD
LG