ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်မှာ ဒီကနေ့ မနက်ပိုင်းနဲ့ နေ့လည်ပိုင်း ဗုံးပေါက်ကွဲမှုတချို့ရှိခဲ့ပေမဲ့ လူ အသေ အပျောက်မရှိခဲ့ဘူးလို့ မြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။ လက်ရှိမှာတော့ အခြေအနေ ပုံမှန်ပြန်ဖြစ်နေပြီး မြို့လူထုအနေနဲ့ လည်း အရောင်းအဝယ်နဲ့ အသွားအလာတွေမပျက်ဘဲ ပုံမှန်အတိုင်းပဲရှိနေတယ်လို့လည်း ပြောပါတယ်။ ဖားကန့်မြို့ခံ ဦးဟန်မြင့် ကို ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းတဲ့အခါ ဗုံးကွဲတဲ့အခြေအနေကို သူက အခုလို စရှင်းပြပါတယ်။
“ဦးဟန်မြင့် ။ ။ ဗုံးကွဲတာကတော့ ညနေ ၂း၂၀ မှာ ကျနော်တို့ ကျောက်စိမ်းတောင်တံတား၊ မြို့မ ရပ်ကွက်ထဲကလေ ရဲကင်းနဲ့ ကျနော်တို့ဒီက မီးသတ်မျှော်စင်ကြားထဲမှာ ပျိုးပင်လေးတွေရှိတယ်။ ပျိုးပင်ဆိုတာ သစ်ပင်သေးသေးလေးတွေကို ပျိုးထားတဲ့အပင်လေးတွေရယ်၊ အဲဒီရဲ့ဘေးမှာ မီးသတ်ကားရှိတယ်။ ပျိုးပင်ကြားထဲကနေ ထကွဲတာပဲ။
မေး။ ။ နောက်ထပ် တခြားနေရာတွေမှာရော ဘယ်အချိန်တုန်းက ဘယ်လိုပေါက်ကွဲတာပါလဲ။
ဦးဟန်မြင့် ။ ။ ဆိပ်မူမှာတော့ မနက်ပိုင်း ၇ နာရီကျော်ကျော်မှာတလုံး၊ ၉ နာရီကျော်ကျော်မှာ (တလုံး) ကွဲတယ်လို့ သတင်းရတယ်။ ကျနော်တို့နဲ့ ဆိပ်မူနဲ့ကျတော့ နဲနဲလှမ်းတော့ အဲဒီသတင်းကတော့ သတင်းပဲရတယ် ကျနော်သွားမကြည့်ဘူး။ ဖားကန့်က ကွဲတာကတော့ ကွဲကွဲပြီးခြင်း ကျနော်သွားကြည့်တာလေ။ လူအသေအပျောက်တော့မရှိဘူး။ ဒါပေမယ့် မိုင်းကတော့ အသံမိုင်းလို့ပြောရမှာပေါ့။ အသံတော့ တော်တော်ကျယ်တယ်။
မေး။ ။ ဆိုတော စုစုပေါင်း ဦးဟန်မြင့် ကိုယ်တိုင်သိတာရော၊ တခြားသတင်းရတာရောဆိုရင် စုစုပေါင်း ဘယ်နှစ်ကြိမ်လောက်ပေါက်တယ်လို့ သိရပါသလဲ။
ဦးဟန်မြင့် ။ ။ ဒီနေ့က ကျနော်ကြားတာကတော့ ဆိပ်မူမှာ ၂ ကြိမ်၊ ဖားကန့်မှာ ၁ ကြိမ်ဆိုတော့ ၃ ကြိမ်ပေါ့ ဒီနေ့တရက်ထဲတင်။
မေး။ ။ ဟုတ်ကဲ့ တခြားသတင်းတွေမှာတော့ ဗုံးက ၄ ကြိမ်ကွဲတယ်လို့ ကျနော်တို့ တွေ့နေရပါတယ်ခင်ဗျ။
ဦးဟန်မြင့် ။ ။ ကျနော်သိတာကတော့ ဒီနေ့ ဆိပ်မူမှာ ၂ ကြိမ်ကွဲတယ်၊ ဖားကန့်မှာ ၁ ကြိမ် ကျနော်အဲလောက်ပဲ သိထားတယ်။
မေး။ ။ ဟုတ်ကဲ့ အခုလက်ရှိဖားကန့်မြို့ပေါ်က လုံခြုံရေးအခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဦးဟန်မြင့် ။ ။ ဖားကန့်မြို့ပေါ်မှာတော့ လုံခြုံရေးအခြေအနေက ကွဲပြီးတဲ့အချိန်ကတော့ တပ်ကရော၊ ရဲကရော လုံခြုံရေးယူထားတယ်။ သူတို့လာကြည့်ထားတယ်။ ဒါပေမယ့် ပြည်သူလူထုကတော့ အသွားအလာတော့မပျက်ဘူး။ တံတားပေါ်မှာလည်း သွားလာနေတယ်။ ကျနော်တို့ ဒီမှာကတော့ ဒီအသံတွေက အတွေ့အကြုံတွေရထားပြီဆိုတော့ လမ်းပိတ်ဆို့ခြင်းတွေလည်းမရှိဘူး။ သွားလာလှုပ်ရှားမှုကတော့ ပုံမှန်အတိုင်းရှိပါတယ်။
မေး။ ။ အသွားအလာ၊ အရောင်းအဝယ် လူတွေရဲ့နေထိုင်သွားလာမှုပုံစံ လုံး၀ မပျက်ဘဲနဲ့ ပုံမှန်အတိုင်းပဲရှိနေတယ်ပေါ့နော်။
ဦးဟန်မြင့် ။ ။ ပုံမှန်အတိုင်းပဲ ကျနော်တို့က ဒီအသံလေးတွေကလည်း ကချင်ပြည်နယ်မှာနေတာဆိုတော့ အသံတွေလည်း ရိုးနေပြီ၊ ဘာမှလည်း အသေအပျောက်လည်းမရှိဘူး၊ အထိအခိုက်လည်းမရှိဘူးဆိုတော့ လမ်းကြောပိတ်ဆို့ခြင်းလည်းမရှိပါဘူး။ ဒီအတိုင်း ပုံမှန် သွားလာနေကြပါတယ်။”
ဖားကန့်မြို့မှာ ဒီကနေ့ ဗုံးပေါက်ကွဲတဲ့အခြေအနေနဲ့ပတ်သက်ပြီး မြို့ခံ ဦးဟန်မြင့်က ဗွီအိုအေကို ရှင်းပြခဲ့တာပါ။