သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ်လက်ထက် လူ့အခွင့်အရေးတိုးတက်ဖို့ မျှော်လင့်


(Photo Credit: Daw Khin Kyi Foundation)
(Photo Credit: Daw Khin Kyi Foundation)

စစ်အစိုးရအုပ်ချုပ်အောက် နှစ်ပေါင်းများစွာ ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် အရပ်သားစစ်စစ် သမ္မတသစ်တဦးကို မတ်လ ၁၅ ရက်နေ့က အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့တဲ့အပေါ် နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုခဲ့ကြပါတယ်။ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ရွေးချယ် တင်မြှောက်ခဲ့တဲ့ ဦးထင်ကျော်ဟာ လူထုအကျိုးပြု ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေသူတဦး ဖြစ်တာကြောင့် သူ့အစိုးရလက်ထက်မှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက မျှော်လင့်နေကြတာပါ။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ လွှတ်တော်အမတ်တွေ အများစုပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အင်္ဂါနေ့က အသက် ၇၀ အရွယ် ဦးထင်ကျော်ကို နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အရပ်သားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တာကြောင့် သူဟာ မြန်မာနိုင်ငံရဲ့ ၉ ဦးမြောက် သမ္မတဖြစ်လာခဲ့ပါပြီ။ ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်တာဟာ သစ္စာရှိမှု၊ စည်းကမ်းလိုက်နာမှု၊ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာပြည်သူတွေ လေးစား ကြည်ညိုတဲ့ ပညာတတ် ပုဂ္ဂိုလ်ဖြစ်မှုဆိုတဲ့ မူ ၃ ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခဲ့တာဖြစပါတယ်။ ဒါ့အပြင် ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ကွယ်လွန်သူ မိခင်ကြီး ဒေါ်ခင်ကြည်ကို ဂုဏ်ပြုတည်ထောင်ထားတဲ့ လူထုအကျိုးပြု ပရဟိတလုပ်ငန်းတွေကို ပံ့ပိုးနေတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ အလုပ်အမှုဆောင်တဦးလည်း ဖြစ်ပါတယ်။ ဒီလို ပညာတတ်၊ အများအကျိုး သယ်ပိုးနေတဲ့ အရပ်သားပုဂ္ဂိုလ်တဦး သမ္မတ ဖြစ်လာဟာ ဆယ်နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် တကယ့် နေ့ထူးနေ့မြတ်ပါပဲလို့ ဆိုလာသူကတော့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW ရဲ့ အာရှရေးရာဌာနခွဲက အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Brad Adams ဖြစ်ပါတယ်။

“အရပ်သားသမ္မတတဦး ထွက်ပေါ်လာတာ နေ့ထူးနေ့မြတ် တနေ့ပါ၊ မျှော်လင့်ချက်တွေလည်း အင်မတန်မှ မြင့်မားနေပါတယ်။ ဒါပေမဲ့လည်း အရပ်သား အစိုးရသစ်အနေနဲ့ အကန့်အသတ်နဲ့သာ လုပ်ကိုင်နိုင်မယ်၊ သူ့ဘာသာ ရုန်းကန်ရလိမ့်မယ် ဆိုတာကိုလည်း ကျနော်တို့ မမေ့ဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စစ်တပ်က အဟန့်အတားတွေ လုပ်နိုင်သေးလို့ပါ။ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်တယ်၊ ဆက်ပြီး ထိန်းချုပ်ထားနိုင်တဲ့ ကိစ္စတွေလည်း တော်တော် များများရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုအချိန်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ တဝက်တပျက်နဲ့ မပြီးဆုံးသေးတဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်။”

အလားတူ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကလည်း -

“ကျနော်တို့ အာရှလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဦးထင်ကျော် အရပ်သားသမ္မတဖြစ်လာတဲ့အတွက် ကျနော်တို့ ဂုဏ်ယူ ဝမ်းမြောက်တယ်ဆိုတဲ့အကြောင်း ပထမဆုံး ပြောကြားလိုတယ်။ နောက်ပြီးတော့တခါ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ကိစ္စရယ်၊ နောက်တခါ မြန်မာနိုင်ငံတွင်းက ပြည်သူလူထုတရပ်လုံးရဲ့ စားဝတ်နေမှုဖူလုံရေးနဲ့ နေ့စဉ်ဘ၀ လုံခြုံမှုအတွက် တရားဥပဒေစိုးမိုးရေးရှိအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ကျနော်တို့ အများကြီး မျှော်လင့်ထားတဲ့အတွက် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်နိုင်အောင် ဆောင်ရွက်ပေးစေလိုတဲ့ဆန္ဒ ရှိပါတယ်လို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်။”

ဒါ့အပြင် အရင် စစ်အစိုးရလက်ထက်က နာမည်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေကို ဦးထင်ကျော်ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ တိုးတက် အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့လည်း HRW က မျှော်လင့်ထားပါတယ်။ NLD အစိုးရသစ်အနေနဲ့ စိန်ခေါ်မှုတွေလည်း အများကြီး ကြုံရနိုင်ပြီး၊ အထူးသဖြင့် တိုင်းပြည်စီးပွားရေးကို မျှတစွာ ဖွံ့ဖြိုးလာအောင် ကြိုးစားဖို့၊ အကျင့်ပျက်ခြစားမှုတွေ လျှော့ချဖို့၊ ဥပဒေနဲ့ညီတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရအောင် ဖန်တီးပေးဖို့တွေ လိုအပ်တယ်လို့လည်း HRW က ထောက်ပြခဲ့ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ လက်ရှိ ပြည်ခိုင်ဖြိုးပါတီအစိုးရလက် ကနေ တရားဝင် အာဏာလွှဲပြောင်းရယူပြီး တက်လာတော့မယ့် NLD အစိုးရသစ်အနေနဲ့ အရင်ဆုံး လုပ်ဆောင်သင့်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စနဲ့ ပတ်သက်လို့လည်း HRW က Brad Adams က အခုလို ပြောခဲ့ပါတယ်။

“NLD အစိုးရအနေနဲ့ လုပ်စေချင်တာ၊ လုပ်လည်းလုပ်ဖို့ လိုအပ်တာကတော့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ပါ။ အခြေခံ လွတ်လပ်ခွင့်တွေအတိုင်း ထုတ်ဖော်ပြောဆိုသူတွေကို နောက်ထပ် အရေးယူတာမျိုးတွေ ထပ်မဖြစ်အောင်လည်း အကောင်းဆုံး ကြိုးစားဖို့ လိုပါတယ်။”

အလားတူ အာရှလူ့အခွင့်အရေးကော်မရှင်ကလည်း - အရင် ခေတ်အဆက်ဆက် အစိုးရလက်ထက်တွေမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတော်အတန် ရပ်ဆိုင်းသွားမယ်လို့ မျှော်လင့်ပြီး၊ ဒီလို လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်ဖို့ဆိုရင် တရားဥပဒေစိုးမိုးရေးကဏ္ဍကို အဓိက မြှင့်တင်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြခဲ့တာပါ။

“အစိုးရသစ်နဲ့ အစိုးရအဟောင်းနဲ့ အာဏာတွေ လွှဲပြောင်းတဲ့ ကိစ္စရပ်မှာလည်း ကျနော်တို့ မျှော်လင့်ထားတာကတော့ လက်ကျန်နိုင်ငံရေး အကျဉ်းသား တွေ အားလုံးကို ပြန်လည် လွှတ်ပေးနိုင်ဖို့အတွက် စီမံဆောင်ရွက်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ နောက်ပြီး လက်ရှိ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ နွယ်တဲ့ လှုပ်ရှားတက်ကြွသူတွေရဲ့ အမှုတွေကိုလည်း အမြန်ဆုံး ပြန်လည် ပြင်ဆင်သုံးသပ်ဖို့အတွက် တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းကျောင်းတည့်မတ် ပေးနိုင်မယ် လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

ရှေ့နေဦးမင်းလွင်ဦး ပြောသွားခဲ့တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ် ယန်ဟီးလီ ကလည်း - တနင်္လာနေ့က ဂျနီဗာမှာပြုလုပ်တဲ့ ၃၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာ တင်သွင်းခဲ့ရာမှာ - မြန်မာအစိုးရသစ်အတွက် လုပ်ဆောင်ရမယ့် ပထမ ရက်ပေါင်း ၁၀၀ နဲ့ ၁ နှစ်အတွင်း လုပ်ဆောင်ရမယ့် လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင် အကြံပေးချက် ၈ ချက်ကို တင်ပြခဲ့ပြီး၊ သူ့အနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှု တွေကြောင့် ကုလသမဂ္ဂကနေ နှစ်စဉ် ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့သလို၊ နိုင်ငံတကာကလည်း အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ NLD အစိုးရလက်ထက်ကျရင် ဒီအခြေအနေတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက မျှော်လင့်ထားကြတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG