သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည်အရေး ဘန်ကောက်ညီလာခံမှာ ခိုင်မာတဲ့အဖြေရှာဖို့ HRW တိုက်တွန်း


အရှေ့တောင်အာရှဒေသမှာ ဖြစ်ပွားနေတဲ့ လှေစီးပြေးသူများရဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး ပင်လယ်တွင်းမှာ မျောနေတဲ့လူတွေကို ကယ်တင်ရေး၊ ချွင်းချက်မရှိ ဒီလူတွေကို ကမ်းတက်ခွင့်ပြုရေး၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ခိုလှုံခွင့်တောင်းဆိုသူတွေရဲ့ အခွင့်အရေးတွေအတွက် အကာကွယ်ပေးဖို့ ဝင်ရောက် ဆောင်ရွက်တဲ့နေရာမှာ ကြန့်ကြာမှုမဖြစ်စေရေး စတာတွေကို မေလ ၂၉ ရက်နေ့မှာ ဆွေးနွေးဖို့အတွက် အစိုးရတာဝန်ရှိသူတွေဟာ ဘန်ကောက်မြို့မှာ စုဝေးရောက်ရှိနေကြပြီလို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက မနေ့က ပြောလိုက်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ဖိနှိပ်မှုတွေ မပြုလုပ်တော့ဘူးဆိုတဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းလှမ်းဖို့ ကို အစိုးရတွေအနေနဲ့ တောင်းဆိုသင့်ပါတယ်။ ဒီလိုဖြစ်ပွားနေတဲ့ ဖိနှိပ်မှုတွေကြောင့် အခုလို လူတွေဟာ အန္တရာယ်များတဲ့ ပင်လယ်ပြင်ခရီးကို လှေတွေနဲ့ ထွက်ပြေးနေကြတာလို့ ဆိုပါတယ်။

ဒီပုံမှန်မဟုတ်တဲ့ အိန္ဒိယ သမုဒ္ဒယာအတွင်းက ရွှေ့ပြောင်းနေထိုင်သူတွေ အရေး ဆွေးနွေးကြမဲ့ အထူးအစည်းဝေးကို အာဖဂန်နစ္စတန်၊ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ လာအို၊ မလေးရှား၊ နယူးဇီလန်၊ ပါကစ္စတန်၊ ပါပူဝါနယူးဂီနီ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ ထိုင်း အပါဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ အမေရိကန် ပြည်ထောင်စု ဆွစ်ဇာလန်နိုင်ငံတွေနဲ့ UNHCR ၊ IOM စတဲ့ အဖွဲ့တွေက ထိပ်တန်း တာဝန်ရှိသူတွေကလည်း လေ့လာသူတွေအဖြစ် တက်ရောက်ကြဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒီညီလာခံကနေ ခိုင်မာတဲ့ အဖြေတခု ရရှိလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း HRW အဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ပြောပါတယ်။

“အဖြေရှာရာမှာ မဖြစ်မနေ လိုက်နာရမယ့် အဖြေမျိုးတွေ ထွက်လာဖို့လိုပါတယ်။ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ အရေးယူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျနဲ့ တခြားနိုင်ငံတွေအနေနဲ့ တချို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်အခြေချဖို့ လက်ခံသင့်ပြီး တချိန်တည်းမှာပဲ ဒေသတွင်းအစိုးရတွေအနေနဲ့ ဒီဒုက္ခသည်တွေအပေါ် လက်မဆန်စွာ ပြုမူဆက်ဆံတာတွေ၊ ပင်လယ်ထဲ ပြန်လွှတ်တာတွေကို ရပ်တန့်ဖို့လိုပြီး၊ လူမှောင်ခိုဂိုဏ်းတွေကိုလည်း ဖြိုခွင်းဖို့ လိုပါတယ်။”

ပြီးခဲ့တဲ့ ၁၅ လကြာ ကာလအတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်တွေကနေ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံတွေဆီကို အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ခန့်မှန်းခြေ လူပေါင်း ၈,၈၀၀၀ လောက် ထွက်ပြေးခဲ့ကြတယ်လို့ HRW အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအထဲမှာ တော်တော်များများဟာ မြန်မာနိုင်ငံအတွင်း ဖိနှိပ်ညှဉ်းပန်းမှု ခံရလို့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေဖြစ်ကြသလို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ အများအပြားလည်း ပါဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အများစုဟာ ထိုင်းနိုင်ငံကို လှေနဲ့သွားကြပြီး အဲဒီကတဆင့် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေအတွင်း တောထဲမှာဖွင့်ထားတဲ့ စခန်းတွေကို ကုန်းလမ်းကနေ ပို့ဆောင်ပေးကြပါတယ်။ အဲဒီစခန်းတွေမှာ အကျဉ်းချထားတာ၊ ငွေညစ်တာ၊ နှိပ်စက်တာတွေ ပြုလုပ်ခဲ့ကြပြီး မကြာသေးခင်ကပဲ နှစ်နိုင်ငံ နယ်စပ်တွေမှာ လူသေအလောင်းတွေ မြှုပ်နှံထားတာကို တွေ့ခဲ့ရပါတယ်။

XS
SM
MD
LG