သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး ဦးစားပေးဖို့ ကင်မရွန်းကို HRW တောင်းဆို


မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူရေးအတွက် ဗြိတိန်နိုင်ငံကို ၃ ရက်ကြာလာရောက်မယ့် မြန်မာသမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းပြောကြားဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့က ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကို တိုက်တွန်းသွားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဗြိတိန်နိုင်ငံကို ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ သွားရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာ အရေးပါတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ပေမဲ့လည်း ဆိုးရွားတဲ့လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေ အများကြီး ရှိနေသေးတာမိုလို့ ဒီကိစ္စကို အဓိကထား တိုက်တွန်းရမယ့်အပြင် နိုင်ငံတွင်းမှာ အသစ်ထုတ်ပြန်မယ့် ဥပဒေတွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့အညီ ကိုက်ညီအောင် ချမှတ်သွားဖို့ တိုက်တွန်းဖို့အတွက်လည်း ပန်ကြားခဲ့ပါတယ်။

ဧပြီလ ၂၂ ရက်နေ့က ဗြိတိန်အပါအဝင် အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေ ကနေ မြန်မာစစ်ခေါင်းဆောင်တွေ အပါအဝင် လူပုဂ္ဂိုလ်တချို့ကို ပစ်မှတ်ထား ကန့်သတ်ပိတ်ပင်မှုတွေ ဖျက်သိမ်းပေးခဲ့သလို၊ စစ်လက်နက်ပစ္စည်း ရောင်းဝယ်တာကလွဲလို့ ကျန်တဲ့အရေးယူမှုတွေ အားလုံးကို ဖျက်သိမ်းပေးခဲ့တာတွေနဲ့ အခု ဗြိတိန်နိုင်ငံရဲ့ကြိုဆိုမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးတဲ့ မြန်မာနိုင်ငံက နားလည်မှုတွေ လွဲမှားသွားနိုင်တယ်လို့လည်း ဝေဖန်သွားပါတယ်။

ဗြိတိသျှအစိုးရအနေနဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေ ဒီမိုကရေစီပန်းတိုင်ရောက်ဖို့ အများကြီးလိုနေ သေးတယ်ဆိုတာကို ထောက်ပြဖို့ လိုအပ်ပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ် တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိစေဖို့လည်း အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG