သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာအကြမ်းဖက်မှု စုံစမ်းဖော်ထုတ်ဖို့ HRW တိုက်တွန်း


ပြီးခဲ့တဲ့ လကုန်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လူတွေ သေဆုံးခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်း အရေးအခင်းနဲ့ ပတ်သက်ပြီး ပါဝင် ပတ်သက်တဲ့သူတွေ၊ လှုံ့ဆော်ဖန်တီးသူတွေ၊ တာဝန်ခံမှု ရှိစွာနဲ့ စုံစမ်းဖော်ထုတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုက တောင်းဆိုလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးဖြစ်တဲ့ HRW က ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်ဖို့နဲ့ မူဆလင် လူ့အဖွဲ့အစည်းအပေါ် ဆန့်ကျင် တိုက်ခိုက်နေမှုတွေ ရပ်တန့်သွားစေရေးအတွက် ဘာသာရေး အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းနေမှုတွေကို ပိုမို လုပ်ဆောင်နိုင်အောင် အားပေးဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာနဲ့ အဆောက်အဦးတွေ၊ လူနေအိမ်တွေ မီးရှို့ နေတာကို ရဲတပ်ဖွဲ့က ဘာကြောင့် မတားဆီးနိုင်ခဲ့တာလဲ ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီးတော့ လည်း စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။

မတ်လ ၂၀ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းအတွင်း လူပေါင်း ၄၀ ကျော် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ HRW အဖွဲ့က ပြော ပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ကိုးကွယ် ယုံကြည်မှုကို ကာကွယ်ပေးရမယ် ဆိုတဲ့အချက် ပါရှိကြောင်း လူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့ကတော့ ပဲခူးတိုင်းထဲက အဓိကရုဏ်းတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့တယ်လို့ ဆိုကြတဲ့ ဇီးကုန်းမြို့ အကြမ်းဖက်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးထားပြီး၊
ပေါင်းတည်ထောင် အချုပ်မှာ ချုပ်နှောင်ထားတယ်လို့ ဇီးကုန်းမြို့ ရဲစခန်း တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောဆိုတယ်။
XS
SM
MD
LG