သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အဆင့်မြင့်စစ်အရာရှိရဲ့ မြန်မာခရီးစဉ် HRW ဝေဖန်


အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski
အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski
မြန်မာနိုင်ငံကို အမေရိကန်ဖက်က အဆင့်မြင့် စစ်ဖက်တပ်မှူးတစ်ဦး စေလွှတ်တာဟာ အချိန်မကျသေးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကြီးက ဝေဖန်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့အတူ ဘဏ္ဍာရေးနဲ့ ကာကွယ်ရေးက တာဝန်ရှိသူတွေလည်း ပါသွားရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ ပစိဖိတ်ဒေသစစ်ဌာနချုပ် ဒုတိယ တပ်မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး Anthony Crutchfield လည်း ပါသွားခဲ့တာကို ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ဆက်ပေးထားပါတယ်။

အမေရိကန်အစိုးရအနေနဲ့ အချိန်မတိုင်သေးဘဲ မြန်မာနိုင်ငံနဲ့ ရင်းရင်းနှီးနှီးဆက်ဆံမှု ဆောင်ရွက်နေတာတွေဟာ တဖက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ထိခိုက်မှာ စိုးရိမ်ရတယ်လို့ အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဝေဖန်လိုက်တာပါ။ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ရိုဟင်ဂျာအပါအဝင် လူနည်းစုတွေအရေးကိစ္စ၊ လွတ်လပ်စွာပြောဆိုရေးသားခွင့် ကိစ္စ စတဲ့နေရာတွေမှာ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးအတွက် အတော်လေး ရပ်ခံမှုပေးထားပေမယ့် မြန်မာအစိုးရ အထူးသဖြင့် မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ်ဆက်ဆံဖို့ ကြိုးပမ်းတာဟာ စောလွန်းသေးတယ်လို့ HRW က ယူဆပါတယ်။ အမေရိကန်စစ်ဖက်က အဆင့်မြင့်တပ်မှူးတစ်ဦး မြန်မာနိုင်ငံသွားပြီး မြန်မာစစ်ဖက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမယ်ဆိုတာဟာ မြန်မာစစ်တပ်ဖက်က အဓိပ္ပါယ်ကောက်လွဲတာမျိုး ဖြစ်နိုင်တယ်လို့ HRW အာရှရေးရာ အမှုဆောင်ညွန်ကြားရေးမှူး Brad Adam က ဗွီအိုအေကို ပြောပါတယ်။

“ပြဿနာကတော့ တကယ့်ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပျက်ကွက်တဲ့ မြန်မာအစိုးရနဲ့ မိတ်ဆွေဖြစ်ဖို့ အမေရိကန်အနေနဲ့ အသည်းအသန် လုပ်နေတဲ့ကိစ္စပါ။ အမေရိကန်ဖက်က အဆင့်မြင့် တပ်မှူးတစ်ဦးကိုလည်း မြန်မာနိုင်ငံကို သွားရောက်စေတာကြောင့် သူတို့ကိုလိုလားမှု ရှိတယ်ဆိုပြီး မြန်မာဖက်က အဓိပ္ပါယ်ကောက် လွဲသွားစေနိုင်ပါတယ်။

"တကယ်ကတော့ မြန်မာစစ်တပ်ထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ ဘာမှ မတွေ့ရသေးတာကြောင့် ဒါဟာ အင်မတန်စောလွန်းသေးတယ်လို့ ယူဆပါတယ်။ မြန်မာစစ်တပ်ဟာ အရပ်ဖက်အုပ်ချုပ်မှုတွေမှာ ပတ်သက် ထိန်းချုပ်ထားတုန်းပါ။ ဒါကို ပြောင်းပစ်ဖို့ လိုပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတ မဖြစ်နိုင်အောင် ကန့်သတ်ထားမှုတွေ ရှိတုန်းပါ။ ကချင်၊ ကရင်ပြည်နယ်တွေက စစ်ပွဲတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း မရပ်သေးပါဘူး။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှု နည်းနည်းလေး လုပ်ပြရုံနဲ့ မလုံလောက်ဘူးဆိုတာကို မြန်မာ အစိုးရကိုရော မြန်မာစစ်တပ်ကိုပါ အမေရိကန်ပြည်ထောင်စုအနေနဲ့ ရှင်းရှင်းလင်းလင်း ပြထားသင့်တယ်။
အဓိပ္ပါယ်ကောက်လွဲတာမျိုး မဖြစ်သင့်ပါဘူး။”

အမေရိကန်ပြည်ထောင်စုရဲ့ ပစိဖိတ်ဒေသစစ်ဌာနချုပ် ဒုတိယတပ်မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး Anthony Crutchfield အပါအဝင် အမေရိကန် ကာကွယ်ရေးနဲ့ ဘဏ္ဍာရေးဌာန အဆင့်မြင့်အရာရှိတွေကို ဦးဆောင်သွားသူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ HRW မှာ ၁၂ နှစ်ကြာ လုပ်ဆောင်ခဲ့ပြီး HRW ရဲ့ ဝါရှင်တန်ဒီစီ ညွန်ကြားရေးမှူးအဖြစ် မြန်မာလူ့အခွင့်အရေးကိစ္စရပ်တွေမှာ အတော်လေး ပြင်းပြင်းထန်ထန် ထောက်ပြ ဝေဖန်ခဲ့သူတဦး ဖြစ်ပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ အမေရိကန်စစ်ဖက် တာဝန်ရှိသူတွေဟာ နေပြည်တော်မှာ မြန်မာစစ်တပ်အကြီးတန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးကိစ္စရပ်တွေ ဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဌာနကတော့ ထုတ်ပြန်ထားပါတယ်။

“Tom အနေနဲ့ကတော့ မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကိုရော မြန်မာစစ်တပ်ကိုပါ နောက် အမေရိကန်အစိုးရအတွင်းမှာပါ သူအတတ်နိုင်ဆုံး ပြင်းပြင်းထန်ထန်ဖိအားပေးပြောမယ်ဆိုတာ သံသယမရှိပါဘူး။ ဒါကြောင့် မေးခွန်းက Tom ပေါ် မတည်ပါဘူး။ ကျန်တဲ့ အမေရိကန် အစိုးရပိုင်းက အချိန်မကျသေးဘဲ မြန်မာနိုင်ငံနဲ့ရင်းရင်းနှီးနှီး စီးပွားဆက်ဆံချင်တာက ပြဿနာဖြစ်နေတာပါ။

"အမေရိကန်အနေနဲ့ မြန်မာရဲ့ ပြုပြင်ပြောင်းလဲလာမှုတွေကို မစောင့်ဘဲနဲ့ အခုဆိုရင် ထောက်ခံကူညီမှုအတော်များများပေးနေပါတယ်။ ဒါဟာ HRW အနေနဲ့ အမေရိကန်အစိုးရနဲ့ သဘောကွဲလွဲတဲ့အချက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ပြုပြင်ပြောင်းလဲမှုတွေ သိသိသာသာရှိခဲ့ပေမယ့်၊ နောက်ထပ် ပြုပြင်ပြောင်းလဲတဲ့လက္ခဏာတွေ အခု ဘာမှ မမြင်ရပါဘူး။ နောက်ကြောင်းလှည့်သွားတဲ့အခြေအနေတွေတောင်မြင်ရပါတယ်။ ဥပမာ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတွေကို အကြမ်းဖက်မှုတွေ ရှိနေတာပါ။ လူနည်းစုတွေကို ခွဲခြားဆက်ဆံမှုတွေကိုလည်း ကိုင်တွယ်ဖြေရှင်းတာမတွေ့ရပါဘူး။ အခြားလူနည်းစု တိုင်းရင်းသားတွေနဲ့လည်း တည်တံ့တဲ့ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် လမ်းကြောင်းမှန်ပေါ်သွားနေပြီ ပြောလို့ မရပါဘူး။”

HRW က Brad Adam ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ အမေရိကန် နိုင်ငံခြားရေးဌာန ကာကွယ်ရေးဌာနနဲ့ ဘဏ္ဍာရေးဌာနက တာဝန်ရှိသူတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကို ဇွန်လ ၂၂ ရက်နေ့ ကနေ ၂၈ ရက်နေ့အထိ သွားရောက်နေတာဖြစ်ပါတယ်။

ရန်ကုန်၊ နေပြည်တော်အပြင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဖက်ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။ မြန်မာအစိုးရတာဝန်ရှိသူတွေ၊ စစ်ဖက်တာဝန်ရှိသူတွေအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံသွားဖို့ ရှိနေပါတယ်။
XS
SM
MD
LG