သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်က မူဆလင်တွေ ဘေးကင်းရာရွှေ့ပေးဖို့ HRW တောင်းဆို


ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေ (၁၄ မေ ၂၀၁၃)
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေ (၁၄ မေ ၂၀၁၃)
မဟာစင်ဆိုင်ကလုန်း မုန်တိုင်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကို ချဉ်းကပ်လာတာကြောင့်၊ အဲ့ဒီဒေသမှာရှိတဲ့ သောင်းနဲ့ချီတဲ့ မူဆလင်တွေအတွက် အန္တရာယ်ရှိနေတယ်လို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ မုန်တိုင်းမဝင်ခင် ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုပေမဲ့၊ အဲ့ဒီ မူဆလင် ဒုက္ခသည်တွေကို ဘေးကင်းတဲ့ နေရာတွေကို ရွှေ့ပြောင်းမှုတွေ မလုပ်သေးဘူးလို့လည်း HRW က စွပ်စွဲပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်ပြည်နယ် ပဋိပက္ခတွေကြောင့် ထွက်ပြေးကြရတဲ့ သောင်းနဲ့ချီတဲ့ မူဆလင် ဒုက္ခသည်တွေကို မုန်တိုင်းဘေးလွတ်ရာ အမြင့်ပိုင်းဒေသတွေကို အမြန်ဆုံး ရွှေ့ပြောင်းပေးဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုတာပါ။

၂၀၁၂ ခုနှစ် ဇွန်လက စခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာနဲ့ ကမန် မူဆလင် ခန့်မှန်းချေ ၁ သိန်း ၄ သောင်းလောက်ရဲ့ တဝက်ဟာ ရေလွှမ်းမိုးတတ်တဲ့ လယ်ကွင်းတွေနဲ့ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်နေကြရတယ်လို့ HRW ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ အခု မေလ ၁၅ ရက်နေ့ကျရင် မြန်မာနိုင်ငံ အနောက်ခြမ်းနဲ့ ဘင်္ဂလားဒေ့ရ်ှ ကမ်းရိုးတန်းဒေသကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာကြောင့်၊ အဲ့ဒီ ဒုက္ခသည်တွေအတွက် အလွန်အမင်း အသက် အန္တရာယ် ရှိနေတယ်လို့ ဖော်ပြပါတယ်။

မြန်မာအစိုးရကတော့ သူတို့အနေနဲ့ မုန်တိုင်း သတိပေးချက်တွေနဲ့အတူ မုန်တိုင်း ဝင်ရောက်နိုင်ချေ ရှိတဲ့ဒေသတွေက လူတွေကို ဘေးကင်းရာ အမြင့်ပိုင်းတွေကို ရွှေ့ပြောင်း နေရာချ ထားပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂရဲ့ OCHA လူသားချင်း ကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ မုန်တိုင်းကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာနိုင်ငံတွေက လူဦးရေ ၈ ဒဿမ ၂ သန်းအတွက် အသက် အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

မြန်မာအာဏာပိုင်တွေဘက်က ပြင်ဆင်မှုတွေ နေရာချထားမှုတွေ လုပ်နေတယ်ဆိုသလို၊ လူသားချင်း စာနာကူညီမှုအဖွဲ့တွေကလည်း အခြေအနေတွေကိုရော နေရာချထားမှုတွေ လုပ်နေတာကိုပါ စောင့်ကြည့် အကဲခတ်နေတယ်လို့ ဖော်ပြပါတယ်။

တချိန်တည်းမှာ ဒုက္ခသည်တွေကို စစ်ကားတွေနဲ့ ရွှေ့ပြောင်းပေးတာ၊ စစ်တပ်ဝန်းအတွင်းမှာ နေရာချထားပေးတာကို ဒုက္ခသည်အချို့က လက်ခံဖို့ တွန့်ဆုတ်နေတယ်လို့လည်း ဖော်ပြပါတယ်။ HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောခွင့်ရသူ တွန် မလင်နော့စကီး (Tom Malinowski) ကတော့ မူဆလင်ဒုက္ခသည် အများစုကို မနေ့ကအထိ ရွှေ့ပြောင်းမှုတွေ မလုပ်သေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

“ပြင်ဆင်မှု ရှိတယ်ဆိုတာ မဟုတ်ပါဘူး။ မနေ့တုန်းကအထိ IDP ဒုက္ခသည်တွေ အများစုကို ရွှေ့ပြောင်းမှုတွေ မလုပ်ရသေးပါဘူး။ ဒီနေ့တော့ ပြင်ဆင် ဆောင်ရွက်မှုတွေ လုပ်လာလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ မနေ့ကအထိတော့ ဒုက္ခသည် ၆ သောင်းခွဲဟာ ရေဘေးဒဏ် ခံရလေ့ရှိတဲ့ ဒေသတွေမှာ ရှိနေတုန်းပါပဲ။ ဒီလူတွေကို နေရာရွှေ့ပေးဖို့ ဆိုပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ် အာဏာပိုင်နဲ့ ဦးသိန်းစိန်အစိုးရတို့ကို ပြီးခဲ့တဲ့လတွေကတည်းက တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါဘူး။ အခု ရွှေ့ပြောင်း နေရာချပေးတယ်ဆိုတာ စစ်တွေနားက လူအနည်းစုကိုပါ။”

OCHA ထုတ်ပြန်ချက်မှာတော့ ရခိုင်မြောက်ပိုင်း မောင်တောဒေသမှာ ရွှေ့ပြောင်း နေရာချမှုတွေဟာ အခြားနေရာတွေမှာထက် နှေးကွေးနေတယ်လို့ ဖော်ပြပေမဲ့ ဘာကြောင့်လဲဆိုတာ အသေးစိတ်ကိုတော့ မပြောပါဘူး။ အဲ့ဒီမှာရှိတဲ့ စုစုပေါင်းကျေးရွာ ၆၄ ရွာကို ပြောင်းရွှေ့နေရာချထားမှုတွေ လုပ်ဖို့ရှိတယ်လို့ ဖော်ပြပါတယ်။

ဘေးကင်းရာ ရွှေ့ပြောင်း နေရာချထားမှုတွေကို မေလ ၁၃ ရက်နေ့က စတင်ခဲ့ပြီး၊ အခု မေလ ၁၅ ရက်နေ့မှာ အတော်များများ ပြီးစီးလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အစိုးရက ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ပဋိပက္ခတွေ အကြမ်းဖက်မှုတွေ ရှိခဲ့တာကြောင့် ဒေသတွင်းမှာ လူမှု အသိုင်းအဝိုင်း နှစ်ခုအကြားမှာ စိုးရိမ်ချက်တွေကလည်း ရှိနေဆဲပါ။ ဒါကြောင့်လည်း မုန်တိုင်းအကြို ပြင်ဆင် နေရာချထားရေး ကိစ္စတွေမှာလည်း အဲ့ဒီ စိုးရိမ်ချက်တွေကြောင့် မပြေမလည် ဖြစ်မှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

မူဆလင် ခေါင်းဆောင်တွေကလည်း မူဆလင် အသိုင်းအဝိုင်းအနေနဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကို တိုက်တွန်းနေတယ်လို့ OCHA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လူသားချင်း စာနာကူညီရေးအဖွဲ့တွေ၊ ဆေးအဖွဲ့တွေကလည်း မုန်တိုင်း ဝင်ရောက်ခဲ့ရင် မုန်တိုင်းအလွန် အခြေအနေမှာ ကယ်ဆယ် ကူညီရေးတွေ လုပ်နိုင်ဖို့ ပြင်ဆင် ဆောင်ရွက်နေတာလည်း ရှိပါတယ်။ တွန် (Tom) ကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ လူသားချင်း ကူညီရေးအဖွဲ့တွေကို ဝင်ရောက် လုပ်ကိုင်ခွင့်ပေးသလို၊ သူတို့ အကြံပြုချက်တွေကိုလည်း အာဏာပိုင်တွေဘက်ကလည်း နားထောင်ဖို့ လိုမယ်လို့ ပြောပါတယ်။

“အဲ့ဒီဒေသကို လူသားချင်း စာနာမှု အကူအညီ ပေးရေးအဖွဲ့တွေ သွားရောက်ခွင့် ပေးတာ မှန်ပါတယ်။ ဒါပေမဲ့ ခက်တာကတော့ အခု မိုးရာသီရောက်လာပြီဆိုတော့ သူတို့ကို ဘေးကင်း လုံခြုံတဲ့ နေရာမျိုးတွေမှာ နေရာပြောင်းချပေးဖို့ တိုက်တွန်းတာကို အာဏာပိုင်တွေက နားမထောင်တာပါ။”

အခုလို ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကို မုန်တိုင်းဝင်မယ်ဆိုတဲ့ စိုးရိမ်ချက်ကြားထဲမှာပဲ၊ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ရက်ပိုင်းအတွင်းမှာ အမေရိကန် ပြည်ထောင်စုကို နိုင်ငံတော်ခရီးစဉ်အဖြစ် စတင်ဖို့ ရှိနေပါတယ်။

မနေ့တုန်းက သမ္မတရုံးရဲ့ ဝပ်ဆိုဒ် အင်တာနက် စာမျက်နှာမှာတော့ မုန်တိုင်းနဲ့ပတ်သက်လို့ ကြိုတင် ညှိနှိုင်းအစည်းအဝေးကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ဦးဆောင် စည်းဝေးခဲ့တာကို ဖော်ပြထားပါတယ်။ သဘာ၀ ဘေးအန္တရာယ်ဆိုတာကို တားဆီးလို့ မရပေမဲ့၊ ထိခိုက် ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရမယ်ဆိုပြီး အဲ့ဒီအစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန် က တိုက်တွန်းပြောကြားထားပါတယ်။
XS
SM
MD
LG