သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထန်းကုန်းပဋိပက္ခနဲ့ ဆက်စပ်ဖမ်းထားသူ တစ်ဦးသေဆုံး


စစ်ကိုင်းတိုင်း၊ ကန့်ဘလူအရေးအခင်းဖြစ်ပွားစဉ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူအရေးအခင်းဖြစ်ပွားစဉ်။
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်တွင်း ထန်းကုန်းရွာမှာဖြစ်ခဲ့တဲ့ လူမျိုးရေးအကြမ်းဖက်မှု ပဋိပက္ခနဲ့ဆက်နွယ်ပြီး မသင်္ကာလို့ ဖမ်းဆီးခံ ထားရသူတွေထဲက တစ်ဦး ဗုဒ္ဓဟူးနေ့က ရွှေဘိုဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး ထန်းကုန်းရဲစခန်းက ဝမ်းသွားလို့ သေဆုံးတာဖြစ်တဲ့အကြောင်း ဗွီအိုအေကို အတည်ပြုပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဆေးရုံမှာ အလောင်းကိုကြည့်ခွင့်ရခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံးနဲ့တွေ့ခဲ့တဲ့ စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်ကတော့ ဒီအကြောင်းပြချက်အပေါ် သံသယရှိပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်း က ပြောပြပေးပါရှင်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းရွာမှာ စနေနေ့ညကဖြစ်ခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူ ၁၁ ဦးထဲက ထန်းကုန်းဒေသခံ အသက် ၄၃ နှစ်အရွယ် ဦးဆန်းချိုဟာ သြဂုတ်လ ၂၈ ရက်နေ့က ရွှေဘိုဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး ထန်းကုန်ရဲစခန်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါမှာ-

“ဝမ်းလျှောပြီးတော့ သေတာပါ။ သူ့ဆွေမျိုးသားချင်းတွေလည်း အကုန်လုံးတွေ့ပါတယ်။ ဆေးရုံတက်တဲ့အထိ။ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့ရုံးကို မေးကြည့်လိုက်ပါ။”

ဒါကြောင့် ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်လက်မေးမြန်းတဲ့အခါမှာတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သူတို့ မသိတဲ့အကြောင်း ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။ တခါ ရွှေဘိုဆေးရုံအုပ်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်ကတော့ ဒီကွယ်လွန်သွားတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ရွှေဘိုဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီး ဒေါ်သက်သက်စိန်နဲ့တွေ့ပါတယ်။ တွေ့တဲ့အချိန်မှာ အကြောင်းစုံပြောပြတာက ၂၇ ရက်နေ့ည ၇ နာရီခွဲကျမှ တဲ့- အဖမ်းခံရပြီးကတည်းက ထောင်ကို ရောက်ပါတယ်တဲ့။ ည ၁၂ နာရီခွဲကျတော့ အခု သေသွားတဲ့ (ဦး)ဆန်းချိုဟာ ထပြီးတော့ ဆူပူလို့ တဲ့၊ သူနဲ့အတူတူနေတဲ့ နှစ်ယောကို ဒိပြင်အခန်းထားပြီးတော့ (ဦး) ဆန်းချိုကို တစ်ယောက်တည်း ထားပါတယ်-တဲ့။ မနက်လေးနာရီကျတော့ သူ ဝမ်းသွားတယ်၊ ဝမ်းလျှောတယ်လို့ ပြောပါတယ်-တဲ့။ ဆလင်းနှစ်လုံး ထောင်က ပေးလိုက်တယ်လို့ ဆိုတယ်။ ဆေးရုံအုပ်ကြီး ဒေါ်သက်သက်စိန်ပြောတာ။ ဆေးရုံကို ရောက်တော့ကျ မနက် ကိုးနာရီကျော်မှ ရောက်ပါတယ်-တဲ့။ ဆေးရုံရောက်တဲ့အချိန်မှာ သွေးက ၆၀ ပဲ တွေ့တယ်တဲ့။ လူမမာက သတိမရဘူး-တဲ့။ unconscious လို ဖြစ်နေတယ်-တဲ့။ အောက်စီဂျင်ပေးရတယ်-တဲ့။ ကျောမှာ ခန္ဓာကိုယ်မှာ ဒဏ်ရာ ဒဏ်ချက်တွေတော့ မတွေ့ပါဘူး-တဲ့။ လူနာကို သူတို့ ဦးခေါင်းကို ဓာတ်မှန်ရိုက်မကြည့်လိုက်ရဘူး-တဲ့။ ဓာတ်မှန်ရိုက်ကြည့်လို့ရှိရင် လူနာကိုရွှေ့လို့ရှိရင် သွေးပေါင်ကျပြီး တခုခု ဖြစ်မှာစိုးလို့-လို့ ဆိုတယ်။ ဒါပေမဲ့ ဆေးရုံမှာ သူတို့ treatment တွေ ပေးပါတယ်တဲ့။ ညနေ ၆ နာရီ ၅ မိနစ်မှာ ဆုံးပါတယ်-တဲ့။”

အာဏာပိုင်တွေဘက်က ဝမ်းသွားလို့ ဦးဆန်းချို သေဆုံးသွားတယ်လို့ အကြောင်းပြပေမဲ့ ဒီအပေါ် သံသယရှိပြီး ဆေးရုံရဲ့ ဆေးစစ်ချက်အဖြေကိုလည်း စောင့်ဆိုင်းနေသလို ထောင်ပိုင်ကိုလည်း ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကိုယ်တိုင်မေးမြန်းခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ တရားရေးစနစ်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အခုနက ဆရာဝန်မကြီးပြောတာက အစာအိမ်ကို ဖွင့်စစ်တဲ့အချိန်မှာ သွေးယိုတာတွေ ဘာတွေ ဘာမှ မတွေ့ဘူး-တဲ့။ stool (ဝမ်း) တို့ ဘာတို့တော့ ဓာတ်ခွဲခန်း ပို့ထားတယ်-တဲ့။ အခု ဦးဏှောက်ကိုလည်း ဖောက်ပြီးတော့ စစ်ထားတာရှိတယ်။ ဆေးစစ်ချက်တော့ ကျနော့်ကို ပေးမတွေ့ဘူး။ အဲဒါက ဒီလောက် ကလေးနဲ့ တရက် နှစ်ရက်ကလေးနဲ့ ၂၇ ရက်နေ့ ညမှာ ရောက်သွားပြီးတော့ မနက် လေးနာရီ ငါးနာရီလောက်မှာ ဝမ်းလျှောတယ်လို့ ပြောပြီးတော့ ညနေကျတော့ ဒီဆေးရုံ ချက်ခြင်းပို့၊ သတိမရ ဘာမရ သေရတယ်ဆိုတာက ကျနော့်မှာ ယုံကြည်မှု ဘယ်လိုဖြစ်မလဲ။ ကျနော် အလောင်းကိုကြည့်တော့ ပတ်ချာလည်ကို ဖောက်ပြီးတော့ စစ်ထားတယ်။ အပေါ်ကလည်း အခု အခေါင်းကို ဖွင့်ပြယုံပဲပြတာ။ ပတ်ချာလည် ထုံးစံအတိုင်း လှန်ကြည့်လှောကြည့်ရင် ကြိုက်မှာမဟုတ်ဘူး။ ဘေးတွေကလည်း ညိုနေတယ်ထင်တာပဲ။ ဗိုက်ကလည်းဖွင့်ထားတယ်။ ထောင်ကို သွားတဲ့အချိန်မှာ သူတို့ ထွက်မတွေ့ဘူး။ ခဏနေ နာရီဝက်လောက်နေမှ ထောင်ပိုင်က ခေါ်လို့ အထဲဝင်သွားတယ်။ သူက ဘာမှ မပြောဘဲနဲ့ အထက်ကို အစီရင်ခံစာ တက်ပါအုံးမယ်-တဲ့။ သူ ပင်စင်သွားခါနီး ထွက်တော့မှာမို့လို့ ပြုတ်မှာ ပြုမှာ ကြောက်ပါတယ်ဆိုပြီး ပြောနေတာပေါ့ဗျာ။ အဲ သူတို့ တင်ကြတယ်။ Fax ထိုးတယ်။ ကျနော် ထိုင်စောင့်တယ်။ ဘယ်လိုမှ အကြောင်းပြန်မလာဘူး။ ကျနော် ပြန်မယ်လို့- ဘယ်မှာလဲ ဥပဒေရှိတာလဲ။ ဥပဒေမဲ့လုပ်တယ်။ ဒါ ကျနော်တို့ ပြောလို့မှ မရရင် ကျနော်တို့ ထပ်မံပြီးတော့ လုပ်သင့်တာကို လုပ်ရမှာပဲလေ။”

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထန်းကုန်းရွာမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတယောက်ကို မူဆလင်အမျိုးသား တယောက်က ကာဣန္ဒြေပျက်ပြားအောင် ပြုလုပ်ပြီး အနိုင်ကျင့် စော်ကားရန် ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက် စနေနေ့ညက ဒေသတွင်း အိုးအိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ မီးရှို့ ဖျက်ဆီးခဲ့ကြတာပါ။ ဒီလို လူအုပ်စုနဲ့ မီးရှို့ ဖျက်ဆီးတာကြောင့် ထန်းကုန်းရွာက အိမ်ခြေ ၄၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ ဈေးဆိုင် ၉ ဆိုင်၊ အိမ်ဆိုင် ၄ ဆိုင် ဖျက်ဆီးခံခဲ့ရသလို မီးသတ်သမားတဦးနဲ့ တခြား လူတဦးတို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက မသင်္ကာသူ ၁၁ ဦးကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီနေ့မှာပဲ ရွှေဘိုရဲစခန်းကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ ထန်းကုန်းရဲစခန်းက ပြောဆိုခဲ့ပါတယ်။ လောလောဆယ်မှာတော့ ထန်းကုန်းရွာမှာ အခြေအနေတွေက တည်ငြိမ်နေပေမဲ့ ဒေသခံတွေကတော့ စိုးရိမ်နေကြဆဲပါ။ ဒေသခံတွေအနေနဲ့ သတိနဲ့ သွားလာနေကြပြီး - ဈေးဆိုင်တချို့ပဲ ပြန်ဖွင့်ကြသလို ဖျက်စီးခံခဲ့ရတဲ့ မူဆလင်ဈေးဆိုင်တွေကတော့ ပြန်မဖွင့်နိုင်ဘူးလို့ ဒေသခံတွေက ပြောပြပါတယ်။ ဒါ့အပြင် မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်တွေက ဒေသခံတွေဟာလည်း ဘာသာရေးကျောင်းမှာ ခိုလှုံနေရဆဲ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG