သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာရေးဆရာထင်လင်းဦး ထောင်ဒဏ်စီရင်ခံရမှု AI ဝေဖန်


(ဓာတ်ပုံ - စာရေးဆရာ ထင်လင်းဦး ဖေ့စ်ဘွခ်စာမျက်နှာ)
(ဓာတ်ပုံ - စာရေးဆရာ ထင်လင်းဦး ဖေ့စ်ဘွခ်စာမျက်နှာ)

လွတ်လပ်စွာပြောဆိုခွင့်ကို အဟန့်အတားဖြစ်စေတဲ့ ဘာသာ-သာသနာ ညှိုးနွမ်းစေမှုဆိုတဲ့ပုဒ်မကို မြန်မာနိုင်ငံမှာ အမြန်ဆုံး ပယ်ဖျက်ဖို့လိုပြီလို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင်ဟောင်း စာရေးဆရာ ထင်လင်ဦးကို ဘာသာ-သာသနာ ညှိုနွမ်းစေမှုပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာကြောင့် A.I အဖွဲ့က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

စာရေးဆရာ ထင်လင်းဦးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလက ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာလုပ်တဲ့ စာပေဟောပြောပွဲအတွင်း ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ် ဝေဖန်ဟောပြောခဲ့တာကြောင့်ဆိုပြီး ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန ဦးစီးမှူး ဦးဦးထွန်းခိုင်က တရားလိုအဖြစ်နဲ့ ပုဒ်မ ၂၉၅(က) ဘာသာ-သာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ၂၉၈ ဘာသာ-သာသနာကို စော်ကား ပုတ်ခတ် ပြောဆိုမှုတွေနဲ့ တရားစွဲခဲ့တာပါ။ တရားရုံးချိန်းပေါင်း အကြိမ် ၂၀ လောက် ရင်ဆိုင်ရအပြီး ချောင်းဦးမြို့နယ် တရားရုံးက ဦးထင်လင်းဦးကို ဇွန်လ ၂ ရက် အင်္ဂါနေ့မှာ အမိန့်ချရာမှာတော့ ပုဒ်မ ၂၉၅(က) နဲ့သာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဘာသာ-သာသနာ ညှိုးနွမ်းစေမှုပုဒ်မနဲ့ စာရေးဆရာ ထင်လင်းဦးအပေါ် တရားစီရင်ပုံတွေကိုကြည့်ရင် မြန်မာနိုင်ငံမှာ ဒီပုဒ်မတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာယုံကြည်မှုကို ထိခိုက်နေတာကြောင့် ဒီလိုပုဒ်မမျိုးကိုပယ်ဖျက်ဖို့ A.I အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ကြောင်း A.I အဖွဲ့ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ သတင်းပြန်ကြားရေးအရာရှိ မစ္စတာ Olof Blomqvist က ဗွီအိုအေကို ပြောပါတယ်။

“လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေပေါ် ဖိနှိပ်တဲ့ ဥပဒေတွေကို မြန်မာနိုင်ငံမှာ အခုချိန်ထိ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ အခုဆုံးဖြတ်လိုက်တဲ့ အမှုကိုကြည့်ရင် ဘာသာရေးကို စော်ကားတယ်ဆိုပြီး အကြောင်းပြလိုက်တာ တွေ့ရမှာပါ။ ဒါဟာ ဖိနှိပ်မှု တခုသာဖြစ်ပါတယ်။ ဒါကြောင့် သာသနာ ညှိုးနွမ်းစေမှုပုဒ်မကို ပယ်ဖျက်ပေးဖို့ တောင်းဆိုရတာပါ။”

ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ အစွန်းရောက် သံဃာတော်အုပ်စုတွေ ပေါ်ပေါက်လာပြီး ဦးထင်လင်းဦးရဲ့ ဘာသာရေးဆိုင်ရာ ဟောပြောချက်တွေ လူမှုမီဒီယာကွန်ယက်တွေပေါ် ထွက်ပေါ်လာပြီးနောက်ပိုင်း အဆိုပါ အစွန်းရောက် သံဃာတော်အုပ်စုတွေရဲ့ တွန်းအားပေးမှုကြောင့် စာရေးဆရာ ထင်လင်းဦးကို တရားစွဲဆို လာရတာဖြစ်တယ်လို့ A.I အဖွဲ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မုံရွာအကျဉ်းထောင်မှာ ၆ လနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ စာရေးဆရာ ထင်လင်းဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ပေမဲ့ သူ့ကို ချုပ်နှောင်ထားတဲ့ ၆ လကို လျှော့ရက်အဖြစ် ပေးတဲ့အတွက် သူဟာထောင်တွင်းမှာ ၁ နှစ်ခွဲ ဆက်နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဦးထင်လင်းဦးဟာ တရားရုံးကစွပ်စွဲသလို အပြစ်မရှိတာကြောင့် သူ့ကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့ လိုတယ်လို့ A.I အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုကြောင်း မစ္စတာ Blomqvist က ပြောပါတယ်။

“မတူကွဲပြားတဲ့ ဘာသာတရားတွေကြား လေးစားမှု ရှိသင့်တယ်လို့ ဟောပြောမိရုံနဲ့ စာရေးဆရာ ထင်လင်းဦးကို အခုလို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ဘယ်လိုမှ မချမှတ်သင့်ဘူးလို့ မြင်ပါတယ်။ သူ့ကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့ ကျနော်တို့ A.I အဖွဲ့က တောင်းဆိုလိုက်ပါတယ်။”

တရားရုံးရဲ့အမိန့်နဲ့ပတ်သက်လို့ လာမယ့်ရက်ပေါင်း ၃ဝ အတွင်း အထက်တရားရုံးအထိ အယူခံဝင်သွားမယ်လို့ မိသားစုဝင်တွေနဲ့ ဦးထင်လင်းဦးရဲ့ ရှေ့နေတွေက ပြောပါတယ်။

XS
SM
MD
LG